ဂေါ်ကီရဲ့ ဖိုမာဂေါ်ဒေးယဲ့ဗ် ဝတ္ထုကို ဖတ်ပြီးတဲ့အခါ အချိန် အတော်ကြာကြာ ကျွန်တော့်စိတ်ထဲမှာ ကသိကအောင့် ဖြစ်ကျန်နေခဲ့တယ်။ မြသန်းတင့် က ဘာသာပြန်ရာမှာ ဘာသာပြန် "မှောင်မိုက်မှာငို" လို့နာမည်ပေးပြီး ဗမာ့နားနဲ့ ဗမာ့လျှာမှာ အရသာတွေ့အောင် ယဉ်ကျေးမှုကိုချိန်ငြှိပြီး ဘာသာပြန်ဆိုထားတယ်။

ဒီဝတ္ထုက လှတယ်လို့ မပြောနိုင်ဘူး။ ဖတ်လို့ကောင်းတယ်လို့လည်း တထစ်ချပြောဖို့လည်း ခက်တယ်။ ဒါပေမယ့် သူက ဘဝင်ကိုတော်တော် ထိခိုက်စေတယ်။

လူတယောက် ဖြည်းဖြည်းချင်း အသက်ရှူကြပ်ပြီး ရုန်းကန်ရင်းသေသွားတာကို ဘာမှမလုပ်ဘဲ ငုတ်တုတ်ထိုင်ကြည့်နေရသလိုပဲ။ အဲဒီလူက ဖိုးမာဂေါ်ဒီယက်။ လှေထိုးသားဘဝကနေ ကြီးပွားလာခဲ့တဲ့ ရုရှားကုန်သည်သူဌေးကြီး တယောက်ရဲ့ တဦးတည်းသော ဖတဆိုးသား။

သူ့ဘဝတခုလုံးကို လူတွေက "ကံကောင်းတဲ့ကောင်" လို့ ခေါ်ကြမယ့်အနေအထားမှာ မွေးလာတယ်။ ပိုက်ဆံတွေ၊ သင်္ဘောတွေ၊ စက်ရုံတွေ၊ လူတွေရဲ့ ဦးညွှတ်မှု၊ လေးစားမှု‌တွေ အကုန်လုံး သူ့အဖေ အိညက်က သူ့တသက်တာလုံး သွေးချောင်းစီးပြီး ကြိုတည်ဆောက်ထားခဲ့တယ်။ ဖိုးမာကတော့ အဲဒီအရာအားလုံးကို လက်ဆင့်ကမ်းယူလိုက်ရုံပဲ။

ဒါပေမဲ့ ဘာဖြစ်သွားလဲဆိုတော့ ဒီအမွေတွေအားလုံးက သူ့အတွက် ရွှေဟန်းချိန်းတွေမဟုတ်ဘဲ သံချေးတက်နေတဲ့ သံကြိုးတွေဖြစ်နေတယ်။ သူဟာ အဲဒီသံကြိုးတွေကို ဆွဲဖြုတ်ဖို့ကြိုးစားရင်း တကိုယ်လုံး ဒဏ်ရာတွေရလို့ စိတ်ဓာတ်ကျိုးပဲ့ပြီး နောက်ဆုံးမှာ ရူးသွပ်သွားရတယ်။

ဒီဝတ္ထုကို ကျွန်တော်တို့ ဘယ်လိုဖတ်ရမလဲ။ မာ့က်စ်ဝါဒနဲ့ ဖတ်ရင် တမျိုးရတယ်။ ဟိုက်ဒက်ဂါးရဲ့ ဖြစ်တည်မှုဒဿနနဲ့ဖတ်ရင် နောက်တမျိုးရတယ်။ ဒါပေမဲ့ ဒီနှစ်ခုကို သပ်သပ်ခွဲပြီး လေ့လာနေမယ့်အစား ဖိုးမာဆိုတဲ့ လူငယ်တယောက်ရဲ့ ဘဝထဲကို ဒီအတွေးအခေါ်တွေကို ယူသွားပြီး သူဘာကြောင့် ဒီလောက်ထိ ပြိုလဲသွားရတာလဲဆိုတာ နားလည်အောင် ကြိုးစားကြည့်ရအောင်။ ပြီးတော့ ဂေါ်ကီရဲ့ အဓိကအားနည်းချက်ဖြစ်တဲ့ တရားဟောဆန်မှုက ဝတ္ထုရဲ့အတွေးအခေါ်တွေနဲ့ ဘယ်လို ထိပ်တိုက်တွေ့သွားလဲဆိုတာလည်း ကြည့်ကြည့်ရအောင်။

ဖိုးမာရဲ့အဖေ အိညက်ဟာ ဗော်လ်ဂါမြစ်ကမ်းတလျှောက်မှာ နာမည်ကြီးတဲ့ ကုန်သည်တယောက်။ သူ့ဘဝတခုလုံးဟာ ရုန်းကန်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ သူဟာ ဘာမှမရှိရာကနေ အားမာန်အပြည့်နဲ့ အရာအားလုံးကို စတည်ဆောက်ခဲ့တာ။

လက်ထဲမှာ ဘာမှမရှိဘူး။ ဒါပေမဲ့ သူ့မှာ ရည်ရွယ်ချက်ရှိတယ်။ စိတ်ဓာတ်ပြင်းပြတယ်။

အဲဒီရည်ရွယ်ချက်က ပိုက်ဆံရှာဖို့၊ ဩဇာကြီးဖို့၊ လူတွေကို သူ့အောက်မှာ ထားဖို့ "အင်အားလိုလားတဲ့ဆန္ဒ" Will to Power ပဲ။ ဒီရည်ရွယ်ချက်က ခက်ခဲတဲ့ဘဝမှာကြီးပြင်းလာခဲ့ရတဲ့ အိညက်အတွက် ဘဝရဲ့အဓိပ္ပာယ်ကို ဖန်တီးပေးတယ်။ သူဟာ နေ့တိုင်း နိုးထလာပြီး ဘာလုပ်ရမယ်ဆိုတာ သိတယ်။

သူ့ရဲ့အလုပ်တွေ၊ သူ့ရဲ့စီးပွားရေးတွေက သူ့ဖြစ်တည်မှုကို သူပြန် အတည်ပြုတဲ့နေရာတွေဖြစ်တယ်။ သူဌေးကြီး အိညက်ဟာ အလုပ်သမားမဟုတ်ပေမဲ့ သူ့ရဲ့ထုတ်လုပ်မှုနည်းလမ်းတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ သူတည်ဆောက်ခဲ့တဲ့ ဖောင်၊ သဗ္ဗာန်တွေ၊ သူစုဆောင်းခဲ့တဲ့ ဓနဥစ္စာတွေဟာ သူ့ရဲ့လုပ်အားရဲ့ရလဒ်တွေပဲ။

ဒါကြောင့် သူ့ဘဝဟာ အဓိပ္ပာယ်နဲ့ပြည့်နေတယ်။ သူဟာ လူတွေကို ညှဉ်းပန်းခဲ့တယ်၊ လိမ်လည်ကလိမ်ကျခဲ့တယ်၊ မောက်မာခဲ့တယ်။ ဒါပေမဲ့ သူ့အတွက်တော့ ဒါတွေဟာ "လုပ်ငန်းသဘာအရ" ပဲ။

ဖိုးမာကတော့ ဒီဇာတ်လမ်းရဲ့ ဆန့်ကျင်ဘက်ပဲ။ သူဟာ ဘာမှတည်ဆောက်ယူခဲ့ရတာမရှိဘူး။ သူ့ရှေ့မှာ အဆင်သင့်လုပ်ထားပေးတဲ့ ဘဝတခုရှိတယ်။

သူ့အမေဆီက အမွေရထားတဲ့၊ လောကကြီးကို တွေတွေကြီးကြည့်တတ်တဲ့၊ ပြင်းရှတဲ့အာရုံခံစွမ်း ရှိတယ်။ အဲဒီဘဝထဲမှာ သူဟာ ဘာဆက်လုပ်ရမယ်ဆိုတာ မသိဘူး။ သူ့အဖေလို ပိုက်ဆံရှာဖို့လည်း မလိုဘူး။

ဘာလို့လဲဆိုတော့ ပိုက်ဆံက ရှိပြီးသား။ အာဏာတည်ဆောက်ဖို့လည်း မလိုဘူး။ ဘာလို့လဲဆိုတော့ အာဏာက အဖေ့ဓနအင်အားကြောင့် အလိုလိုရောက်လာတာပဲ။

ဒီတော့ သူ့မှာ လုပ်စရာအလုပ်ဆိုလို့ ဘာတခုမှကိုမရှိဘူး။ ဒါဟာ မာ့က်စ်ရဲ့ ကင်းကွာခြင်းသီအိုရီကို အပေါ်စီးကနေ ပြန်လှန်ကြည့်‌နေရသလိုပဲ။ မာ့က်စ်က အလုပ်သမားတွေဟာ သူတို့ရဲ့လုပ်အားနဲ့ ကင်းကွာတယ်လို့ပြောတယ်။

ဒါပေမဲ့ ဖိုးမာကတော့ လုပ်အားကိုယ်၌ကနေ ကင်းကွာနေတာမဟုတ်ဘူး။ သူဟာ လုပ်အားဆိုတဲ့အရာကိုလည်း လုံးဝမထိတွေ့ဖူးဘူး။ သူ့ဘဝတခုလုံးဟာ တစုံတယောက် လုပ်အားရဲ့ရလဒ်ကို ထိုင်စားသုံးနေရုံပဲ။

ဒါကြောင့် သူ့ရဲ့ကင်းကွာမှုဖြစ်ရပ်က အဆအများကြီး ပိုဆိုးတယ်။ အလုပ်သမားတယောက်ဟာ အနည်းဆုံး သူ့ရဲ့ခေါင်းပုံဖြတ်ခံရမှုကို သိရင် ဒေါသထွက်နိုင်တယ်၊ တော်လှန်နိုင်တယ်။ ဒါပေမဲ့ ဖိုးမာကတော့ ဘာမှန်းကိုမသိတဲ့ "ဗလာ" နဲ့ ရင်ဆိုင်နေရတယ်။

ဒီနေရာမှာ ဂေါ်ကီရဲ့ အားသာချက်နဲ့ အားနည်းချက်က တပြိုင်နက် ပေါ်လာတယ်။ ဂေါ်ကီးဟာ ဒီကုန်သည်လောကရဲ့ ကိုယ့်ကျင့်တရားပုပ်သိုးမှုကို အလွန်အကျွံ ထုတ်ပြောတယ်။ သူ့ရဲ့ဇာတ်ကြောင်းပြောသူက ဖိုးမာရဲ့ခံစားချက်တွေကို ဖော်ပြရုံတင်မကဘူး၊ ကုန်သည်တွေရဲ့ဘဝတွေ ဘယ်လောက်အတုအယောင်ဖြစ်တယ်၊ ဘယ်လောက်ညစ်ပတ်တယ်ဆိုတာကို စာဖတ်သူကို တရားချသလို ထိုင်ရှင်းပြတယ်။

ရုန်းကန်ရင်းကြီးပွားခဲ့ရတဲ့အလယ်အလတ်အထက်လွှာနဲ့ အထက်တန်းစားတွေ ရဲ့ စိတ်နေသဘောထားကို လူကြီးတွေ ဆုံးမသလို တထွေတလျားရှင်းပြတယ်။ တခါတလေ ကျွန်တော်တို့ဟာ ဖိုးမာရဲ့စိတ်ထဲ ရောက်နေရာကနေ ရုတ်တရက် ဆုံးမစာတပုဒ်ကို ဖတ်နေရသလို ခံစားရတယ်။ ဒါဟာ ဂေါ်ကီရဲ့ နာမည်ကြီးတဲ့ တရားဟောဆန်မှုပဲ။

ဒီအားနည်းချက်က ဝတ္ထုရဲ့အနုပညာတန်ဖိုးကို ထိခိုက်စေတယ်ဆိုတာကတော့ သံသယရှိစရာမလိုဘူး။ ဒါပေမဲ့ ဒီတရားဟောဆန်မှုကိုယ်၌က ဝတ္ထုရဲ့တည်ဆောက်ပုံအတွက် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တခုလည်းဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ ဂေါ်ကီဟာ ဖိုးမာကို နားလည်ဖို့ကြိုးစားရင်း သူ့ကိုယ်သူလည်း အကျပ်အတည်းတခုထဲကို တွန်းပို့လိုက်မိတယ်။

ဖိုမာရဲ့ဗလာကို စကားလုံးတွေနဲ့ ဖြည့်ဖို့၊ နားလည်ဖို့ ကြိုးစားလေလေ အဲဒီဗလာက ပိုကြီးလာလေပဲ။

ဒီဗလာကို နားလည်ဖို့ ဟိုက်ဒက်ဂါးရဲ့ ဖြစ်တည်မှု သဘောတရားဆီ သွားကြည့်ကြမယ်။ ဟိုက်ဒက်ဂါးက လူသားဟာ ဒီကမ္ဘာထဲကို "ပစ်ချခံရခြင်း" (thrownness) ဆိုတဲ့အခြေအနေနဲ့ ရောက်လာတယ်လို့ပြောတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့မိဘ၊ ကျွန်တော်တို့ရဲ့လူမျိုး၊ ကျွန်တော်တို့ရဲ့လူတန်းစား၊ ကျွန်တော်တို့ရဲ့သမိုင်းခေတ်ကာလ၊ ဒါတွေအားလုံးကို ရွေးချယ်ခွင့်မရဘဲ ဒီအတိုင်းရောက်လာတယ်။

ဒါဟာ လူတိုင်းအတွက် အမှန်တရားပဲ။ ဒါပေမဲ့ လူအများစုက ဒီအချက်ကို သတိမထားမိဘူး။ ဒါမှမဟုတ် သတိထားမိရင်တောင် အရေးမလုပ်ဘူး။

ရင်ဆိုင်ဖို့ကို နောက်တွန့်ကြတယ်။ သူတို့ဟာ "သူများတွေ၊ လူများတွေ" (das Man) ထဲမှာ ပျောက်သွားတယ်။ လူတိုင်းလုပ်သလိုလုပ်၊ လူတိုင်းပြောသလိုပြော၊ လူတိုင်းတွေးသလိုတွေး။

ဒါဟာ ဟိုက်ဒက်ဂါးအတွက်တော့ "စစ်မှန်မှုမရှိတဲ့ဖြစ်တည်မှု" (inauthentic existence) ပဲ။ ဖိုးမာရဲ့ပတ်ဝန်းကျင်က ကုန်သည်တွေဟာ ဒီ "သူများတွေ" ဆန်မှု၊ အသင့်လုပ်ပြီးသား တန်ဖိုးတွေမှာ ပေါလောမျောနေကြတယ်။ သူတို့ဟာ ဘာသာရေးကို အယောင်ဆောင်ကြတယ်၊ အချင်းချင်း ဂုဏ်ပြိုင်ကြတယ်၊ ပိုက်ဆံရှိရင် ဘဝ‌ကောင်းဖြစ်ပြီ၊ အောင်မြင်ပြီလို့ ယုံကြည်ကြတယ်။

သူတို့ရဲ့ဘဝတွေမှာ မေးခွန်းတခုမှ မရှိဘူး။ ဖိုးမာကတော့အဲ့လို မနေနိုင်ဘူး။ သူဟာ ဒီလူတွေရဲ့ဘဝဟာ အတုအယောင်ဆိုတာ မြင်တယ်။

ဒါပေမဲ့ ဒီမြင်မှုက သူ့ကို လွတ်မြောက်မသွားစေဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူ့ကို ပိုပြီးဆိုးတဲ့ အကျပ်အတည်းထဲ တွန်းပို့ပစ်လိုက်တယ်။

ဘာလို့လဲဆိုတော့ ဖိုးမာမှာ ဒီအတုအယောင်ကို အစားထိုးဖို့ ဘာမှမရှိရှာဘူး။ ဒါဟာ ဟိုက်ဒက်ဂါးရဲ့ အရေးကြီးဆုံးအချက်တခုပဲ။ လူသားတယောက်ဟာ "သူများတွေ" ထဲကနေ ရုန်းထွက်နိုင်ဖို့ဆိုရင် သူ့မှာ "ကိုယ်ပိုင်ပရောဂျက်" ရှိရမယ်။

သူဟာ သူ့ဘဝကို ဘာအတွက်နဲ့ ရှင်သန်မယ်ဆိုတာကို ရွေးချယ်ရမယ်။ ဒီရွေးချယ်မှုက ဘယ်သူကမှ သူ့အတွက် လုပ်ပေးလို့မရဘူး။ ဒါဟာ သူ့ရဲ့ကိုယ်ပိုင်တာဝန်ပဲ။

ဒါပေမဲ့ ဒီတာဝန်ကို ထမ်းဆောင်ဖို့ဆိုတာ အခက်ဆုံးဖြစ်တည်မှုပြဿနာပဲ။ အထူးသဖြင့် ဖိုးမာလို လူတယောက် အတွက် ပိုခက်တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ပစ်ချခံရမှုက သူ့ကို ရွေးချယ်စရာတွေ အများကြီးပေးထားပေမဲ့ အဲဒီရွေးချယ်စရာတွေအားလုံးက သူမရွေးချယ်ထားခဲ့တဲ့ ကုန်သည်ကမ္ဘာရဲ့ ထုတ်ကုန်တွေပဲ။

သူဟာ ကုန်သည်ကြီးတယောက် အနေနဲ့ ဆက်နေနိုင်တယ်။ ဒါပေမဲ့ အဲဒါက သူမလုပ်ချင်တဲ့အရာ။ သူဟာ အနုပညာကို လိုက်စားနိုင်တယ်။

ဒါပေမဲ့ အနုပညာကိုလည်း စက်ဆုပ်တယ်။ သူချစ်နိုင်တယ်။ ဒါပေမဲ့ ချစ်ခြင်းကိုလည်း သူ့ရဲ့နတ္ထိကဝါဒက ဓာတုတုံ့ပြန်မှုတခု သာသာ၊ လိင်ကိစ္စသာသာ၊ သူ့ထက်အသက်ပိုကြီးတဲ့ မိန်းမတွေရဲ့ ရင်ငွေ့နွေးနွေးကို ပိုက်ဆံပေးထားရတဲ့တည လို့ပဲ မြင်တယ်။

ဒီတော့ သူ့မှာ ဘာပရောဂျက်မှ မရှိဘူး။ သူဟာ "မဟုတ်ဘူး" လို့ပဲ ပြောနိုင်တယ်။ "ဟုတ်တယ်" လို့ ဘယ်တော့မှ မပြောနိုင်ဘူး။

ဒါဟာ ဖိုးမာရဲ့ ကြေကွဲစရာ အခြေအနေပဲ။ သူဟာ အတုအယောင်ထဲမှာ မနေနိုင်ပေမဲ့ စစ်မှန်မှုကိုလည်း မတည်ဆောက်နိုင်ဘူး။ သူ့ရဲ့ဘဝတခုလုံးဟာ ဒီနှစ်ခုကြားက ဟင်းလင်းပြင်မှာ အကြောဆိုင်းပြီး လေလွင့်နေတာပဲ။

ဝတ္ထုထဲမှာ သူဟာ အရက်တွေသောက်တယ်၊ လူတွေကို စော်ကားတယ်၊ လူကုံထံတွေရဲ့ ကျင့်ဝတ်ကလိမ်ကျမှုကို ‌ဟစ်အော်ဖို့ကြိုးစားတယ်၊ ပြည့်တန်ဆာတွေဆီမှာ အချိန်ဖြုန်းတယ်။ ဒါတွေအားလုံးဟာ သူ့ရဲ့ဗလာကို ဖုံးအုပ်ဖို့ ကြိုးစားမှုတွေပဲ။ ဒါပေမဲ့ ဘယ်အရာကမှ အလုပ်မဖြစ်ဘူး။

ဘာလို့လဲဆိုတော့ ဗလာဆိုတာ ဖြည့်လို့မရဘူး။ သူဟာ ဒီဗလာကို ရင်ဆိုင်ရမယ်။ ဒါပေမဲ့ အဲဒီရင်ဆိုင်မှုကပဲ သူ့ကို ရူးသွားစေတော့တယ်။

ဒီနေရာမှာ ဖြစ်တည်မှုဆိုင်ရာ "စိုးရိမ်ပူပန်မှု" (anxiety) ဆိုတဲ့သဘောတရားက အရေးပါလာတယ်။ ဖြစ်တည်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုဟာ သာမန်ကြောက်ရွံ့မှုမဟုတ်ဘူး။ ကြောက်ရွံ့မှုဆိုတာ တခုခုကို ကြောက်တာ။

ဥပမာ မြွေကိုကြောက်တယ်၊ သေရမှာကြောက်တယ်၊ ပိုက်ဆံပြတ်မှာ၊ အလုပ်ပြုတ်မှာကြောက်တယ်။ ဒါပေမဲ့ စိုးရိမ်ပူပန်မှုက ဘာကိုမှ ကြောက်တာမဟုတ်ဘူး။ ဒါဟာ "ဘာမှမရှိခြင်း" (nothingness) ကို ရင်ဆိုင်ရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားမှုမျိုး။

ဖိုးမာရဲ့ လူမှုဆက်ဆံရေးတွေမှာ သူ့ရဲ့မအီမသာဖြစ်ခြင်းတွေဟာ ဒီစိုးရိမ်ပူပန်မှုရဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေပဲ။ သူဟာ သူ့လူတန်းစားကုန်သည်တွေရဲ့ဘဝဟာ အဓိပ္ပာယ်မရှိဘူးဆိုတာကို သိတယ်။ ဒါပေမဲ့ အဲဒီအသိက သူ့ကို လွတ်မြောက်မသွားစေဘူး။

ဆန့်ကျင်ဘက်အနေနဲ့ သူ့ကိုယ်သူလည်း အဲဒီအဓိပ္ပာယ်မဲ့မှုရဲ့ တစိတ်တပိုင်းမှန်း သဘောပေါက်သွားစေတယ်။ သူဟာ ကုန်သည်လောကကို မုန်းပေမဲ့ သူ့ရဲ့မုန်းတီးမှုကိုယ်၌က အဲဒီလောကရဲ့ ဘောင်အတွင်းမှာပဲ ဖြစ်ပေါ်နေတယ်။ သူ့မှာ အဲဒီလောကကို ကျော်လွန်တဲ့ ဘာသာစကား၊ ဘာစိတ်ကူးမှ မရှိဘူး။

လူတယောက်ဟာ သူ့ဘဝရဲ့အဓိပ္ပာယ်တွေအားလုံး ဖြစ်တဲ့ မိသားစု၊ အလုပ်၊ ဘာသာရေး၊ ဂုဏ် အားလုံးဟာ အခြေအမြစ်မရှိဘူးဆိုတာကို ရုတ်တရက်သိမြင်သွားတဲ့အခါမှာ ဒီစိုးရိမ်ပူပန်မှုက ပေါ်လာတယ်။ ဒါဟာ ကမ္ဘာကြီးတခုလုံးက မနောခွေ့စရာ အရောင်တွေ လွင့်ထွက်သွားပြီး အရာရာဟာ ထူးဆန်းတဲ့အနေအထားမှာ ပေါ်လာတဲ့ သိမှုအတွေ့အကြုံမျိုးပဲ။

ဖိုးမာဟာ သူ့အဖေဆုံးပါးသွားပြီးနောက်မှာ သူ့အဇ္ဈတ္တကို ဒီအတွေ့အကြုံရဲ့ လှူပ်နိုးတာခံလိုက်ရတယ်။ လူရဲ့ဖြစ်တည်မှုဟာ သေခြင်းတရားကို ဒိုင်းစိုင်းပြေးဝင်နေတဲ့ မြှားတစင်းဆိုတာကို ဖိုးမာဟာ သူ့အဖေ ရုတ်တရက် ကွယ်လွန်ပြီးနောက်မှာ နှဖူးတွေ့ ဒူးတွေ့ ကြုံတွေ့လိုက်ရတယ်။ အဲ့ဒီ အခြေအနေမှာ ဖိုးမာရဲ့ အကျပ်အတည်းဟာ ရင့်မှည့်လာပြီး နောက်ဆုံးမှာ ပွင့်ထွက်သွားခဲ့တယ်။

သူဟာ အဓိပ္ပာယ်မဲ့တဲ့ ဖြစ်တည်ခြင်းမှာ အရေးပါချင်တယ်။ ဒါပေမဲ့ ‌အရေးပါတဲ့လုပ်ရပ်က ဘာလဲဆိုတာ မဆုံးဖြတ်နိုင်ဘူး။ ဖိုးမားအပြင် ဝတ္ထုထဲက လူငယ်ဇာတ်ကောင်တွေဟာလည်း ဒီ ဖြစ်တည်မှုပြဿနာကို ဒီဂရီအသီးသီး နဲ့ရင်ဆိုင်နေရတယ်။

ပညာတတ်တဲ့ လူဘာဟာ ဆယ့်ကိုးရာစု ရုရှလူ့အဖွဲ့အစည်းရဲ့ ဖိုဝါဒနဲ့ သူ့‌အဖေရဲ့ ဖိနှိပ်မှုကို ဆန့်ကျင်ချင်ပေမဲ့ သတ္တိမရှိရှာဘူး။ နောက်ဆုံးမှာ သူဟာလည်းသူ့ဗလာကို အဖေခင်းတဲ့ လမ်းကို လျှောက်ဖို့ ဆုံးဖြတ်ရင်း ဖြည့်ဆည်းဖို့ကြိုးစားတယ်။ အလားတူပဲ ထက်မြက်တဲ့ ယာဇော့ဟာလည်း လောကကြီးကို ခါးသီးနားကျည်းပြီး အရက်ပုလင်းထဲ ဝင်ပုန်းလိုက်ခြင်းနဲ့ ဖြေရှင်းလိုက်တယ်။

လျူဘာ ရဲ့ အားကျတဲ့အကိုကြီး တာရာ ဟာလည်း သူ့လူတန်းစားလက္ခဏာကို ခြေစုံပစ် လက်ခံလိုက်ခြင်းနဲ့ ဖြစ်တည်မှု အကျပ်အတည်းကို ကျော်လွှားခဲ့တယ်။

ဂေါ်ကီဟာ ဒီအခြေအနေကို ဖိုးမာရဲ့ဇာတ်ကြောင်းအတွင်းကနေ ထုတ်ဖော်ပြတယ်။ ဇာတ်ကြောင်းပြောသူက ဖိုးမာရဲ့စိတ်ထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ပြီး သူ့ရဲ့ရှုပ်ထွေးမှုတွေကို (free indirect discourse) ဆိုတဲ့နည်းစနစ်နဲ့ စာဖတ်သူဆီ တိုက်ရိုက်ပို့ပေးတယ်။ ဇာတ်ကြောင်းပြောသူက "ဖိုးမာက ဒီလိုခံစားရတယ်" လို့ အပြင်ကနေ ပြောမနေဘူး။ သူဟာ ဖိုးမာရဲ့အတွင်းစိတ်ထဲ ဝင်သွားပြီး အဲဒီကနေ ပြောတယ်။ ဒါကြောင့် စာဖတ်သူဟာ ဖိုမာရဲ့အသက်ရှူကြပ်မှုကို ကိုယ်တိုင်ခံစားရတယ်။ ဒါဟာ ဂေါ်ကီရဲ့ အနုပညာစွမ်းရည်ရဲ့ အမြင့်ဆုံးအမှတ်ပဲ။ သူဟာ ဒဿနတခုကို လက်တွေ့ဘဝအတွေ့အကြုံရဲ့ရလဒ်အဖြစ် တည်ဆောက်ဖို့ကြိုးစားကြည့်နေတာ မြင်ရတယ်။

ဒါပေမဲ့ ဒီနေရာမှာပဲ ဂေါ်ကီရဲ့ "ဆိုရှယ်လစ်သရုပ်မှန်" တရားဟောဆန်မှုက ပြန်ဝင်လာပါ‌ရော။ သူဟာ ဖိုးမာရဲ့အတွင်းစိတ်ကို စူးစူးရှရှ ဖော်ပြပြီးတဲ့အခါ ရုတ်တရက် ဇာတ်ကြောင်းပြောသူက အဲဒီအတွင်းစိတ်ကနေ ခွာထွက်သွားပြီး "ဒါတွေအားလုံးဟာ ကုန်သည်လူတန်းစား၊ ဓနရှင်ပေါက်စလူတန်းစားရဲ့ အပြစ်ပဲ" ဆိုတဲ့သဘောမျိုး ဝင် ဝင် ပြောတတ်တယ်။ ဒီလိုလုပ်တဲ့အခါ စာဖတ်သူရဲ့အတွေ့အကြုံက ပြတ်တောက်သွားတယ်။ ဖိုးမာရဲ့ဗလာကို ကိုယ်တိုင်ခံစားနေရာကနေ မာ့က်စ်ဝါဒီဆောင်းပါးရှည်တပုဒ်ရဲ့ နိဂုံးချုပ်ကို ဖတ်နေရသလို ဖြစ်သွားတယ်။ ဒါဟာ ဝတ္ထုရဲ့အနုပညာဆိုင်ရာ ကျရှုံးမှုတခုလို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ဒီကျရှုံးမှုကိုယ်၌က စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတခုကို ထုတ်ပေးတယ်။ ဂေါ်ကီဟာ ဘာလို့ ဒီလောက်ထိ လူတန်းစားတရားကို ဟောချင်ရတာလဲ။

ကျွန်တော့်တဦးတည်းအမြင်ကတော့ ဂေါ်ကီဟာ သူ့ရဲ့ဇာတ်ကောင်ကို သူကိုယ်တိုင် မယုံကြည်လို့ပဲ။ ဖိုးမာရဲ့ဗလာဟာ အလွန်ကြောက်စရာကောင်းတဲ့အတွက် ဂေါ်ကီးက အဲဒီဗလာကို ဗဟိဒ္ဓအကြောင်းပြချက်တွေနဲ့ ဖုံးအုပ်ဖို့ ကြိုးစားတယ်။ "ဒါဟာ စနစ်ရဲ့အပြစ်ပဲ၊ လူတန်းစားရဲ့အပြစ်ပဲ၊ ကျင့်ဝတ်ပျက်နေတဲ့ လူကုံထံပတ်ဝန်းကျင်ရဲ့အပြစ်ပဲ" ဆိုပြီး အဖြေထုတ်ပေးခြင်းအားဖြင့် သူ့ကိုယ်သူလည်း စိတ်ချမ်းသာအောင်လုပ်တယ်။

ဒါဟာ ရိုးရိုးသားသားပြောရရင် မာ့က်စ်ဝါဒီအနုပညာရှင် တယောက်ရဲ့ ဂန္ထဝင်အကျပ်အတည်းပဲ။ အနုပညာက လူသားရဲ့ဖြစ်တည်မှုဆိုင်ရာ ရှုပ်ထွေးမှုတွေကို ထုတ်ဖော်ပြသင့်ပေမဲ့ နိုင်ငံရေးက အဲဒီရှုပ်ထွေးမှုတွေအတွက် ရှင်းလင်းတဲ့ အဖြေတခု ပေးချင်တယ်။ ရှုပ်ထွေးတဲ့ လူသားဖြစ်တည်မှု သိမှုအတွေ့အကြုံအားလုံးကို ရုပ်လောကစီးပွားရေးသဘောတရားတွေ အဖြစ် လျှော့ချပစ်တယ်။

ဂေါ်ကီဟာ ဒီနှစ်ခုကြားမှာ ချီတုံချတုံ ဖြစ်နေတယ်။

ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတာက ဖိုးမာကိုယ်၌က ဒီအဖြေတွေကို လက်မခံဘူး။ သူဟာ မာ့က်စ်ဝါဒီမဟုတ်ဘူး၊ တော်လှန်ရေးသမားမဟုတ်ဘူး။ လူတန်းစားနိုင်ငံရေးကိုလည်းစိတ်မဝင်စားဘူး။

တခါတခါ အလုပ်ကြမ်းသမားတွေရဲ့ကြောင့်ကြမဲ့ဘဝကို နည်းနည်းအားကျတာပဲရှိတယ်။ သူဟာ ကုန်သည်လောကကို မုန်းပေမဲ့ အဲဒီမုန်းတီးမှုကို နိုင်ငံရေးလှုပ်ရှားမှုအဖြစ် ပြောင်းလဲဖို့ သူ့မှာ ဘာလမ်းကြောင်းမှ မရှိဘူး။ သူ့ဘဝဟာ ဗော်လ်ဂါမြစ်ကမ်းမှာ ထိုင်ပြီး မိန်းမလှတယောက်နဲ့ အရက်သောက်ရင်း လှိုင်းတွေကို ငေးကြည့်နေရုံပဲ။

အဲဒီမြစ်ကြီးဟာ ဝတ္ထုတလျှောက်လုံးမှာ လွတ်လပ်မှုရဲ့သင်္ကေတအဖြစ် ထပ်ခါထပ်ခါ ပေါ်လာတယ်။ ဗော်လ်ဂါဟာ ကျယ်ပြန့်တယ်၊ အတားအဆီးမဲ့တယ်၊ ဘယ်နေရာကိုမဆို စီးဝင်သွားနိုင်တယ်။ ဖိုးမာဟာ အဲဒီမြစ်ကို ကြည့်ပြီး တခုခုကို လွမ်းဆွတ်နေသလိုလို၊ လွတ်လပ်ချင်သလိုလို။

ဒါပေမဲ့ သူဟာ ဘယ်တော့မှ သင်္ဘောပေါ်တက်ပြီး တကယ်ထွက်မသွားဘူး။ ဒါမှမဟုတ် ထွက်သွားပေမဲ့လည်း ပြန်လာတယ်။

ဟိုက်ဒက်ဂါးရဲ့အခေါ်အရဆိုရင် ဖိုးမာဟာ သူ့ရဲ့ "ဖြစ်တည်မှုရဲ့ဖြစ်နိုင်ခြေ" (possibility of being) ကို ဘယ်တော့မှ လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ဘူး။ သူဟာ အမြဲတမ်း "ဖြစ်နိုင်ခြေ" အဆင့်မှာပဲ ရှိနေတယ်။ သူဟာ တခုခုဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ ဘယ်တော့မှ မဖြစ်လာဘူး။ ဒါဟာ သူ့ရဲ့ကြေကွဲစရာအဖြစ်ဆုံးအချက်ပဲ။ သူဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတောင် မဟုတ်ဘူး။ သူဟာ တဖြည်းဖြည်းချင်း မှေးမှိန်သွားတယ်၊ လူတွေရဲ့အမြင်မှာ ပျောက်သွားတယ်၊ နောက်ဆုံး စိတ္တဇဆေးရုံတခုရဲ့ ထောင့်တနေရာမှာ တယောက်တည်း ကျန်ရစ်ရတော့တယ်။

ဒီအဆုံးသတ်ကို ဂေါ်ကီက ဘယ်လိုရေးသလဲဆိုတာ စိတ်ဝင်စားစရာပဲ။ သူက ဖိုးမာကို သနားစရာကောင်းတဲ့ သားကောင်တယောက် အဖြစ် ရုပ်လုံးမဖော်ဘူး။ ဒါမှမဟုတ် သူရဲကောင်းတယောက် အဖြစ်လည်း မဖော်ဘူး။ ဖိုးမာရဲ့အဆုံးသတ်ဟာ ရှက်စရာကောင်းသလို၊ ဝမ်းနည်းစရာလည်းကောင်းတယ်၊ ဒါပေမဲ့ တချိန်တည်းမှာ မလွဲမသွေလို့လည်း ထင်ရတယ်။ ဒါဟာ ဂေါ်ကီရဲ့ အနုပညာစစ်စစ်ပဲ။ ဂေါ်ကီ ဟာ ဖိုးမာကို ချစ်သလိုလို၊ မုန်းသလိုလို၊ သနားသလိုလို၊ အပြစ်တင်သလိုလို ဖြစ်နေတယ်။ ဒီရှုပ်ထွေးမှုက ဖိုးမာကို စာပေဇာတ်ကောင် တယောက်အနေနဲ့ အသက်ဝင်ရှင်သန်စေတယ်။

ကျွန်တော် ဒီဝတ္ထုကို ဖတ်ပြီးတဲ့အခါ ကျွန်တော်တို့ခေတ်က လူငယ်တွေအကြောင်းလည်း ပြန်တွေးမိတယ်။ ဖိုးမာဟာ ဆယ့်ကိုးရာစု အရင်းရှင်စနစ်ဒီရေတက်ကာလ ရုရှားကုန်သည်ရဲ့ သားတယောက်ဆိုပေမဲ့ သူ့ရဲ့အကျပ်အတည်းက ကျွန်တော်တို့‌ခေတ်ရဲ့ လူလတ်တန်းစား‌‌တွေ နားလည်နိုင်တဲ့အထိ အင်မတန်ခေတ်မီတယ်။

ကျွန်တော်တို့ဟာ မိဘတွေ၊ လူ့အဖွဲ့အစည်းတွေက ကြိုတင်ပြင်ဆင်ထားတဲ့ ဘဝလမ်းကြောင်းတွေကို အမွေရထားကြတယ်။ အဲဒီလမ်းကြောင်းတွေက အောင်မြင်မှုဆိုတဲ့ပုံစံခွက်တခုထဲမှာ သွန်းလောင်းထားတဲ့ အရာတွေပဲ။ ဘွဲ့တခုရမယ်၊ အလုပ်ရမယ်၊ အိမ်ထောင်ကျမယ်၊ ကလေးမွေးမယ်၊ ပိုက်ဆံရှာမယ်။

ဒါတွေက မကောင်းဘူးလို့ ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ ဒါတွေအားလုံးက ကိုယ့်အတွက် သူများတွေက အဆင်သင့်လုပ်ပေးထားတဲ့ အရာတွေဆိုရင် ကိုယ်ဟာ ဖိုးမာလိုပဲ ဒီအားလုံးကို လက်ခံဖို့ ခက်ခဲလာနိုင်တယ်။ ဒါမှမဟုတ် အဲ့ဒီ အဆင့်သင့်မြေပုံတွေ ကိုမေးခွန်းထုတ်မိရင်၊ အဲ့ဒီ မြေပုံတွေ၊ ပလန်တွေ က ကတိပေးထားတဲ့ လူနေမှုအခြေအနေကိုမရောက်ရင်၊ ဒါမှမဟုတ် လမ်းခုလတ်မှာ ပြတ်တောက်သွားရင် ဖိုးမာလိုပဲ ဒုက္ခတွေ့နိုင်တယ်။

အထူးသဖြင့် ကိုယ့်မှာ အဲဒီအတုအယောင်ကို မြင်နိုင်တဲ့ ထက်သန်တဲ့အာရုံခံစားနိုင်စွမ်းရှိနေရင် ပိုဆိုးတယ်။

ဒါပေမဲ့ ကျွန်တော်တို့ခေတ်နဲ့ ဖိုးမာခေတ် မတူတာက ကျွန်တော်တို့မှာ ဖိုးမာထက် ရွေးချယ်စရာတွေ အများကြီးရှိတယ်လို့ ထင်ရတာပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒီရွေးချယ်စရာတွေက ပိုများလာလေ၊ ကိုယ်ဘာကိုမှ မရွေးချယ်နိုင်လေ ဖြစ်တတ်တယ်။ ဒါဟာ နောက်ထပ် ဟိုက်ဒက်ဂါးရဲ့ အချက်တခုပဲ။ လွတ်လပ်မှုဆိုတာ ရွေးချယ်စရာတွေများတာ မဟုတ်ဘူး၊ ကိုယ်ပိုင်ပရောဂျက်တခုကို ရွေးချယ်ပြီး အဲဒီအတွက် တာဝန်ယူ ဇောက်ချလုပ်ကိုင်နိုင်တာက လွတ်လပ်မှုပဲ။ ဖိုးမာဟာ ဒီတာဝန်ကို မယူနိုင်ခဲ့ဘူး။ သူဟာ "မဟုတ်ဘူး" ဆိုတဲ့အဆင့်မှာပဲ ရပ်နေခဲ့တယ်။

ဂေါ်ကီက ဒီအခြေအနေကို "ရှုံးနိမ့်မှု" အဖြစ် ရေးသွားတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဖိုးမာရဲ့ဘဝဟာ ရှုံးနိမ့်မှုဆိုတာထက် ဖြစ်တည်မှုဆိုင်ရာ အကျပ်အတည်း တခုရဲ့ မလွဲမသွေရလဒ်လို့ မြင်တယ်။ သူဟာ သူ့ခေတ်၊ သူ့လူတန်းစား၊ သူ့အမွေရဲ့ ထုတ်ကုန်တခုဖြစ်သလို အဲဒီထုတ်ကုန်ကို ကျော်လွန်ဖို့ ကြိုးစားသူလည်းဖြစ်တယ်။ ဒါပေမဲ့ ကျော်လွန်ဖို့အတွက် လိုအပ်တဲ့ စိတ်ကူးစွမ်းအား၊ ရဲစွမ်းသတ္တိ၊ နောက်ပြီး အခြားလူသားတွေနဲ့ စစ်မှန်တဲ့ဆက်သွယ်မှုတွေ၊ ဆက်ဆံရေးတွေ သူ့မှာမရှိခဲ့ဘူး။ သူဟာ အမြဲတယောက်တည်းပဲ။ လူသားစင်စစ်ဖြစ်ပါရက်နဲ့ လူသားနဲ့ ကင်းကွာနေတယ်။ အဲဒီအထီးကျန်မှုက သူ့ရဲ့စိတ်ကို သတ်ပစ်လိုက်တယ်။

ဒီဝတ္ထုဟာ ပြီးပြည့်စုံတဲ့ လက်ရာမဟုတ်ပေမဲ့ လူသားဖြစ်တည်မှုရဲ့ အခြေခံပြဿနာတခုကို ထိတွေ့သွားတယ်။ အဲဒါက "ငါဘာလို့အသက်ရှင်နေတာလဲ" ဆိုတဲ့မေးခွန်းကို ဖြေဖို့အတွက်က ကိုယ့်ရဲ့အဖြေကို ကိုယ်တိုင်ရှာရမယ် သူများပေးတဲ့အဖြေကို ယူလို့မရဘူး ဆိုတာပဲ။ ဒါဟာ ကျွန်တော်တို့အတွက် ကြောက်ဖို့ကောင်းတဲ့ အမှန်တရားပဲ။ ဒါပေမဲ့ ဒီအမှန်တရားကို ရင်ဆိုင်ဖို့ ပျက်ကွက်ရင် ဖိုးမာလို ရူးသွပ်သွားနိုင်တယ်။ ဒါမှမဟုတ် ဝတ္ထုထဲက ကုန်သည်တွေလို လေယူရာယိမ်းရင်း၊ ကိုယ်ကျိုးလောက်သာကြည့်၊ ကျင့်ဝတ်ပျက်ပြားရင်း ကိုယ့်ဝိညာဉ်ကိုယ် အရှင်လတ်လတ် သင်္ဂြိုဟ်မိနိုင်တယ်။

ဂေါ်ကီက ဒီဝတ္ထုကို ရေးတဲ့အခါ သူဟာ လူငယ်တယောက်ပဲ ရှိသေးတယ်။ သူ့မှာ အနုပညာစွမ်းရည်တွေ အပြည့်ရှိပေမဲ့ အတွေ့အကြုံနဲ့ ချင့်ချိန်နိုင်စွမ်းတွေ အားနည်းသေးတယ်။ ဒါကြောင့် ဝတ္ထုက တရားဟောဆန်တာတွေ များနေတာလို့ ထင်စရာရှိတယ်။

ဒါပေမဲ့ ဒီအားနည်းချက်တွေကြားမှာ စစ်မှန်တဲ့ ဒဿနဆိုင်ရာ ထိုးထွင်းသိမြင်မှုတွေ အများကြီးရှိတယ်။ ဖိုးမာဂေါ်ဒေးယဲ့ဗ် ဟာ စာပေသမိုင်းမှာ ပထမဆုံးသော "အရင်းရှင်စနစ်ရဲ့ ဝိညာဉ်ဘဝရေးရာ သားကောင်" တွေထဲက တယောက်ဖြစ်နိုင်တယ်။ သူဟာ ပိုက်ဆံရှိပေမဲ့ ဘာမှမလုပ်တတ်တဲ့ လူတယောက်၊ အရာရာကို မေးခွန်းထုတ်ပေမဲ့ ဘာကိုမှ မဖြေနိုင်တဲ့လူတယောက်၊ လွတ်လပ်မှုကို တောင့်တပေမဲ့ လွတ်လပ်မှုရဲ့ ဝန်ထုပ်ဝန်ပိုးကို မထမ်းနိုင်တဲ့လူ၊ ထမ်းဖို့သတ္တိမရှိတဲ့ လူတယောက်။

ကျွန်တော်တို့လည်း ဖိုးမာကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နိုင်တယ်။ အထူးသဖြင့် ဒီနေ့ခေတ် အရင်းရှင်စနစ်နှောင်းပိုင်း အထွေထွေအကျပ်အတည်း ကာလမှာ၊ ဘဝရဲ့အဓိပ္ပာယ်ကို အဆင်သင့်လုပ်ထားတဲ့ ပက်ကေ့ခ်ျတွေနဲ့ ရောင်းချနေတဲ့ခေတ်မှာ၊ ကိုယ်မလိုအပ်တာတွေကို ဝယ်ယူဖို့ ကိုယ်မလုပ်ချင်တဲ့အလုပ်တွေလုပ်နေရတဲ့ခေတ်မှာ ပိုလို့တောင် သက်ဆိုင်တယ်။

အောင်မြင်မှုဆိုတာကို လိုက်နာရမယ့် ဖော်မြူလာတခုလို သတ်မှတ်ထားတယ်။ ပျော်ရွှင်မှုဆိုတာကို ဝယ်ယူလို့ရတဲ့ ကုန်စည်တခုလို ကြော်ငြာတယ်။ ဒါပေမဲ့ ဖိုးမာရဲ့ဇာတ်လမ်းက ကျွန်တော်တို့ကို သတိပေးတယ်။

အဲဒီအဆင်သင့်အဖြေတွေကို လက်ခံလိုက်တာဟာ ကိုယ့်ကိုယ်ကိုယ် အရှင်လတ်လတ် သင်္ဂြိုဟ်လိုက်တာနဲ့ အတူတူပဲ။ ဒါပေမဲ့ အဲဒီအဖြေတွေကို ငြင်းပယ်ပြီး ကိုယ်ပိုင်အဖြေကို မရှာနိုင်ရင်လည်း ဖိုးမာလိုပဲ ပျက်စီးသွားနိုင်တယ်။

ဒီတော့ ကျွန်တော်တို့ ဘာလုပ်ရမလဲ။ ဂေါ်ကီကတော့ ရော့ အင့် ဆိုပြီး ရယ်ဒီမိတ် အဖြေမပေးဘူး။ ဒါပေမဲ့ မေးခွန်းကို အတိအကျ ထုတ်ပေးတယ်။ ဒီလို အဖြေတွေပေးဖို့မဟုတ်ဘဲ မေးခွန်းတွေကို ရှင်သန်အောင် လုပ်ပေးဖို့က စာပေရဲ့တာဝန်ပဲ မဟုတ်လား။ ဖိုးမာဂေါ်ဒေးယဲ့ဗ် က အဲဒီတာဝန်ကို ကျေပွန်တယ်။ သူ့ရဲ့ တရားဟောဆန်မှုတွေ၊ အားနည်းချက်တွေရှိပေမဲ့လည်း နောက်ဆုံးမှာ စာဖတ်သူရဲ့စိတ်ထဲမှာ ကျန်ရစ်တဲ့အရာက ဖိုးမာရဲ့ ဗလာဟင်းလင်းပြင်ပဲ။ အဲဒီဗလာက စာဖတ်သူကို ကိုယ့်ရဲ့ကိုယ်ပိုင်အဖြေကို ရှာဖို့ တွန်းအားပေးတယ်။ ဒါကို ဘယ်လိုတက်ကျမ်းမျိုး၊ ကြီးပွားတိုးတက်ရေးအတွေးအခေါ်မျိုးကမှ မလုပ်နိုင်ဘူး။

ဒီဝတ္ထုကို ဖတ်ပြီးတဲ့အခါ ကျွန်တော် ဗော်လ်ဂါမြစ်ကို မြင်ယောင်မိတယ်။ အဆုံးမဲ့စီးဆင်းနေတဲ့ မြစ်ကြီးတစင်း။ ဖိုမာက အဲဒီမြစ်ကမ်းမှာ ထိုင်ပြီး ရေလှိုင်းတွေကို ငေးနေတယ်။

သူ့မှာ သင်္ဘောတွေ၊ ဓနဥစ္စာကြွယ်ဝမှုတွေရှိတယ်၊ ဒါပေမဲ့ ဘယ်ကိုသွားရမှန်း မသိဘူး။ သူ့မှာ လွတ်လပ်မှုရှိတယ်၊ ဒါပေမဲ့ အဲဒီလွတ်လပ်မှုက သူ့ကို ကြောက်လန့်စေတယ်။ နောက်ဆုံးတော့ သူဟာ ထိုင်ရာကနေ မထတော့ဘူး။

မြစ်ကြီးက ဆက်စီးနေတယ်၊ ဒါပေမဲ့ ဖိုမာအတွက်တော့ အဲဒီမြစ်ဟာ ဘယ်ကိုမှ မရောက်တဲ့ ရေပြင်ကျယ်ကြီးပဲ။ ကျွန်တော်တို့ရဲ့ဘဝတွေမှာလည်း ဒီလိုမြစ်တွေရှိတယ်။ အခွင့်အလမ်းတွေ၊ လွတ်လပ်မှုတွေ၊ ရွေးချယ်စရာတွေ။

ဒါပေမဲ့ အဲဒါတွေကို ထိုင် ကြည့်ရုံနဲ့ ဘာမှပြောင်းလဲမသွားဘူး။ တခုခုကို ရွေးချယ်ရမယ်၊ ရွေးချယ်ပြီးရင် အဲဒီအတွက် တာဝန်ယူရမယ်။ ဒါဟာ ကြောက်စရာသိပ်ကောင်းလွန်းလို့ ဖျော်ဖြေရေးအမျိုးမျိုး၊ ဘာသာရေး၊ နိုင်ငံရေး အယူဝါဒအမျိုးမျိုးထဲ ကျွန်တော်တို့ ဝင်ပုန်းချင်ကြတယ်။

ဒါပေမဲ့ ဒါဟာ လူသားဖြစ်ခြင်းရဲ့ တခုတည်းသောနည်းလမ်းပဲ။ ဖိုးမာက‌တော့ ဒါကို မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် သူဟာ ဝတ္ထုရဲ့အဆုံးမှာ ဘာမှမဟုတ်တော့တဲ့လူတယောက် ဖြစ်သွားတယ်။

ဒါပေမဲ့ သူ့ရဲ့ဇာတ်လမ်းက ကျွန်တော်တို့အတွက် မှန်တချပ်ဖြစ်နိုင်တယ်။ အဲဒီမှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး "ငါဟာ ဘာကို ရွေးချယ်နေတာလဲ ဒါမှမဟုတ် ဘာကို မရွေးချယ်ဘဲ ရှောင်နေတာလဲ" ဆိုတာကို မေးခွင့်ရလိမ့်မယ်။ ဂေါ်ကီက ဒီမေးခွန်းကို သူ့ရဲ့ မာက့်စ်ဝါဒီဆန်ဆန် တရားဟောမှုတွေနဲ့ ဖုံးအုပ်ဖို့ကြိုးစားခဲ့ပေမဲ့ မေးခွန်းက အဲဒီအဖုံးတွေကို ဖောက်ထွက်လာတယ်။

ဒါဟာ ဖိုမာဂေါ်ဒေးယဲ့ဗ် ရဲ့ တကယ့်အောင်မြင်မှုပဲ။ ဝတ္ထုဟာ ပြီးပြည့်စုံတဲ့လက်ရာမဟုတ်ပေမဲ့ လူသားဖြစ်တည်မှုရဲ့ အခြေခံအကျဆုံးပြဿနာကို ထိတွေ့သွားတယ်။ အဲဒါက ငါတို့အားလုံးရဲ့ ဖြစ်တည်မှု ပြဿနာပဲ။

ဖိုးမာရဲ့ ဗလာဟင်းလင်းပြင်ကို ဖြတ်ပြီး ကျွန်တော်တို့ကိုယ်တိုင်ရဲ့ ဗလာကို မြင်နိုင်ဖို့အတွက်ကို သတ္တိမွေးဖို့ ဒီဝတ္ထုက အာခေါင်ခြစ်အော်ရင်း သတိပေးနေတယ်။ ဒါကြောင့်လည်း ဖိုမာ‌ ဂေါ်ဒီယဲ့က် ဝတ္ထုဟာ ရာစုနှစ်တခု ကျော်သွားပေမဲ့ အခုထိ ရှင်သန်နေတာပဲ။

#မှောင်မိုက်မှာငို #မြသန်းတင့် #FOMA_GORDEYEV #MAXIM_GORKY #Russian_Classic_Literature #whisperofwords #mmebooks #epub #kfx

#Review_by_Wilhelm_Volkov

epub,kfx for Myanmar ebooks reader