ရက် ၃၀ နဲ့ စာတစ်အုပ် ရေးနိုင်သလား။

ရေးနိုင်လောက်ပါတယ်။ သင်က ဂျွန် စတိုင်းဘက် ဆိုရင်ပေါ့။

East of Eden စာရေးဆရာ John Steinbeck က ၁၉၃၀ ခုနှစ်က ပေးစာ တစ်စောင်မှာ “လူတွေက ကျုပ်ရေးတဲ့ အရာတွေကို ပိုက်ဆံပေးပြီး ဝယ်မဖတ်ချင်ကြဘူး။ ဒီတော့ ကျုပ်လိုနေတဲ့ ပိုက်ဆံရဖို့ လူတွေ ဖတ်ချင်တာကို ရေးရမယ်” လို့ ရေးခဲ့တယ်တဲ့။

စာရေးသားခြင်း တစ်ခုတည်းကို မှီခိုပြီး အသက်မွေးကြတဲ့ စာရေးသူတွေ ဖြစ်လာကြတဲ့အခါ ဝင်ငွေနဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်ရတာဟာ တကယ့် ပြဿနာြဖစ်လာတယ် ဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။

နောက်တော့ စတိုင်းဘက်က စိတ်နှစ်ပြီး စာကို စရေးလာခဲ့တယ်။ မနက်ပိုင်း ကိစ္စတွေ ပြီးစီးပြီး စာစရေးဖို့ စားပွဲမှာ ထိုင်လိုက်ပြီဆိုတာနဲ့ သူ့စားပွဲပေါ်မှာ ခဲတံ ၂၄ ချောင်းကို တင်ထားလိုက်တယ်။ ပြီးရင် သူ စပြီး ခဲတံတွေကို လိုချင်တဲ့ အနေအထားရောက်အောင် တစ်ချောင်းချင်းစီ ချွန်လိုက်တယ်။ နောက်ပြီးမှ ခဲတံတစ်ချောင်းကို ကောက်ကိုက်ပြီး အဲဒီခံတံနဲ့ စာရွက်ပေါ်မှာ လက်ရေးမူ ချရေးတော့တာပဲတဲ့။ သုံးနေတဲ့ ခဲတံတုံးသွားလဲ စာရေးမပျက်ဘူး။ နောက်တစ်ချောင်းနဲ့ ဆက်ရေးတယ်။ ခဲတံတွေ အားလုံး တုံးပြီး ရေးလို့ မရတော့မှပဲ သူလဲ စာရေးရပ်ပြီး စားပွဲကထလိုက်တယ်။ ဒီနေ့ သူ စာရေးဖို့ ကုန်ပြီပေါ့။ ဒီအကျင့်ကို မွေးမြူထားတာမို့ စတိုင်းဘက်ဟာ စာအရေး အရမ်းမြန်တယ်လို့ ပြောကြတယ်။

စတိုင်းဘက်ကတော့ အတွေးထဲမှာ ရှိသမျှကိုပဲ ချရေးလိုက်ဖို့ အကြံပြုပါတယ်။ အမှား ပြင်ဆင်ခြင်းမရှိ၊ တဖြောင့်တည်း သွားတယ်။ ပြန်လဲ မဖတ်ဘူး။ ပြန်လဲ စာမနွှေးဘူး။ ပြန်ဖတ်လိုက်ခြင်းက သူ့ကို ဆက်ရေးမဲ့ စာတွေနဲ့ ပတ်သက်ပြီး နှောင့်နှေးစေမှာ စိုးလို့တဲ့။

စာရေးတာဟာ ဝါသနာအရ မဟုတ်ဘဲ တကယ့် အသက်မွေးဝမ်းကြောင်းအရ မဖြစ်မနေ ရေးကို ရေးရမဲ့ အရာလို့ စိတ်ထဲမှတ်ပြီး နေ့တိုင်း စာရေးဖြစ်ဖို့ ဒီအကျင့်က အထောက်အကူ ပြုမယ်ထင်ပါတယ်။

စတိုင်းဘက်နည်းကို အသုံးပြုမယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ဇာတ်လမ်းတွေကို ရေးဖွဲ့ဖို့ အဓိက မဟုတ်ဘဲ နေ့စဥ်နေ့တိုင်း စာကို မဖြစ်မနေ ရေးဖြစ်သွားတာက အဓိကဆိုတာကိုတော့ သတိထားစေချင်ပါတယ်။