မွန်းလွဲပိုင်း နေ့လယ်စာ စားပြီးသည့် အခါတိုင်းတွင် ပါရ်ဗတီသည် ရေခပ်ရန် မြစ်ဆိပ်သို့ နေ့စဉ် သွားလေ့ရှိသည်။ ထိုနေ့ကလည်း ခါးတွင် ကြေးအိုးကို ချီလျက် မြစ်ဆိပ်သို့ ရောက်လာခဲ့၏။ ထိုအခါ ဆီးပင်အောက်တွင် ငါးမျှားတံကိုင်၍ ထိုင်နေသော ‌ဒေဗ်ဒါ့စ်ကို သူ တွေ့လိုက်ရလေသည်။

တစ်ခဏမျှ ပါရ်ဗတီသည် နောက်သို့ ပြန်လှည့်သွားရန် စဉ်းစားလိုက်မိသည်။ ထို့နောက် တိတ်တဆိတ် ရေခပ်ပြီး အသာလေး ထွက်သွားမည်ဟု တွေးလိုက်၏။ သို့သော် စိတ်လှုပ်ရှားနေမှုကြောင့် သူ ဘာကိုမှ မလုပ်နိုင်ခဲ့ပေ။ ကျောက်လှေကားထစ်များ ပေါ်သို့ ရေအိုးကို ချလိုက်စဉ် အသံထွက်သွားပုံ ရသည်။ ‌ဒေဗ်ဒါ့စ်သည် အလျင်အမြန် မော့ကြည့်လိုက်၏။

ဒေဗ်ဒါ့စ်က လက်ယပ်ခေါ်ရင်း “ပါရို... ဒီကို လာခဲ့” ဟု လှမ်းခေါ်လိုက်သည်။

ပါရ်ဗတီသည် ဖြည်းညင်းစွာ လျှောက်သွားပြီး သူ၏ဘေးတွင် ရပ်လိုက်သည်။ ‌ဒေဗ်ဒါ့စ်သည် သူ့ကို တစ်ချက်မျှ မော့ကြည့်၏။ ထို့နောက် သူသည် မပြတ်တမ်း စီးဆင်းနေသည့် မြစ်ရေပြင်ကို စက္ကန့်အတော်ကြာ ငေးမောကြည့်နေပြန်သည်။

ပါရ်ဗတီက “‌ဒေဗ်-ဒါး... ကျွန်မကို စကားပြောချင်လို့လား” ဟု မေးလိုက်သည်။

‌ဒေဗ်ဒါ့စ်သည် လှည့်မကြည့်ဘဲ “အင်း... ထိုင်လေ” ဟု ပြော၏။

ပါရ်ဗတီ မထိုင်ခဲ့ပေ။ အောက်သို့ ငုံ့ကြည့်ရင်း ထိုနေရာတွင်ပင် ရပ်နေခဲ့သည်။ သို့သော် အချိန်အတော်ကြာသည့်တိုင် ဘာစကားမှ ထွက်မလာသောအခါ သူသည် လှေကားထစ်များ ဆီသို့ ဖြည်းညင်းစွာ နောက်ဆုတ်သွားတော့သည်။ ‌ဒေဗ်ဒါ့စ်က တစ်ချက်မျှသာ မော့ကြည့်ပြီးနောက် မြစ်ပြင်ဆီသို့ ပြန်လှည့်ကာ “နားထောင်စမ်း...” ဟု ဆိုလိုက်၏။

သို့နှင့် ပါရ်ဗတီလည်း သူ့အနားသို့ ပြန်ရောက်လာသည်။ သို့တိုင် ‌ဒေဗ်ဒါ့စ်မှာ စကားတစ်ခွန်းမျှ မပြောနိုင်သေးသဖြင့် ပါရ်ဗတီက လာရာလမ်းအတိုင်း ပြန်လှည့်သွားပြန်သည်။ ‌ဒေဗ်ဒါ့စ်ကမူ ကျောက်ရုပ် တစ်ရုပ်သဖွယ် ထိုနေရာတွင်ပင် ထိုင်နေခဲ့၏။ အတန်ကြာမှ သူ လှည့်ကြည့်လိုက်သောအခါ ပါရ်ဗတီသည် ရေအိုးကို ရေဖြည့်ပြီး၍ ပြန်ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရ၏။ ဒေဗ်ဒါ့စ်သည် ငါးမျှားကြိုးကို သိမ်းကာ လှေကားထစ်များ အနားသို့ လာရပ်ပြီး “ငါ ပြန်လာပြီ” ဟု ပြောလိုက်သည်။

ပါရ်ဗတီသည် ရေအိုးကို အောက်သို့ ပြန်ချလိုက်ရုံမှလွဲ၍ စကားတစ်ခွန်းမျှ မဆိုပေ။

“ငါ ပြန်လာပြီ ပါရို”

ပါရ်ဗတီသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့၏။ နောက်ဆုံးတွင် သူက “ဘာအတွက်လဲ” ဟု အလွန် တိုးညင်းစွာ မေးလိုက်လေသည်။

“နင်ပဲ ငါ့ကို ပြန်လာခိုင်းတာလေ... မမှတ်မိတော့ဘူးလား”

“မမှတ်မိဘူး”

“ဒါက ဘာသဘောလဲ ပါရို... ဟိုတစ်လောက ညကို နင် မမှတ်မိတော့ဘူးလား”

“မှတ်မိပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒါတွေ အကုန်လုံးက အဓိပ္ပာယ်မရှိတော့ဘူး မဟုတ်လား”

ပါရ်ဗတီ၏ အသံမှာ တည်ငြိမ်နေသော်လည်း လေယူလေသိမ်းမှာ ခပ်ရိုင်းရိုင်း ခပ်ပြတ်ပြတ်ပင်။ ယင်းကို ‌ဒေဗ်ဒါ့စ် သတိမထားမိခဲ့ပေ။ သူက “ငါ့ကို ခွင့်လွှတ်ပါ ပါရို... အဲဒီတုန်းက ငါ မသိခဲ့လို့ပါ” ဟု ဆိုလေသည်။

“အို... တော်ပါတော့။ ကျွန်မ ဒါတွေ ဘာတစ်ခုမှ မကြားချင်တော့ဘူး”

“ငါ့မိဘတွေ သဘောတူလာအောင် ငါ ဘယ်နည်းနဲ့မဆို လုပ်ပါ့မယ်။ နင်ကသာ...”

ပါရ်ဗတီက သူ့ကို စူးရှစွာ စိုက်ကြည့်ပြီး “ရှင် တစ်ယောက်တည်း မိဘရှိတာလား... ကျွန်မမှာကော မရှိဘူးလား။ သူတို့ရဲ့ သဘောတူညီချက်ကရော အရေးမကြီးဘူးလား” ဟု ပြောလိုက်၏။

‌ဒေဗ်ဒါ့စ်မှာ စိတ်ရှုပ်ထွေးသွားသည်။ “အရေးကြီးတာပေါ့ ပါရို... ဒါပေမဲ့ သူတို့က သဘောတူပြီးသားပဲဟာကို... နင်ကသာ...”

“သူတို့ သဘောတူတယ်ဆိုတာ ရှင် ဘယ်လိုလုပ် သိလဲ။ သူတို့ သဘောမတူဘူးရှင့်”

‌ဒေဗ်ဒါ့စ်က ပြုံးပြရန် ကြိုးစားလိုက်သော်လည်း အချည်းနှီးသာ။ “အို... မဟုတ်ပါဘူး၊ သူတို့မှာ ဘာကန့်ကွက်စရာမှ မရှိဘူးဆိုတာ ငါ သိတယ်။ နင်ကသာ...”

ပါရ်ဗတီသည် သူ၏စကားကို စူးရှသော အသံဖြင့် ဖြတ်ပြောလိုက်သည်။ “ကျွန်မက ရှင့်လိုလူနဲ့ ယူမတဲ့လား... ရှက်စရာကောင်းလိုက်တာရှင်”

‌ဒေဗ်ဒါ့စ်၏ မျက်လုံးများတွင် လက်တုံ့ပြန်လိုသော ဒေါသများ တောက်လောင်သွားပြီး သူ့ဘက်သို့ လှည့်ကာ “ပါရို... နင် ငါ့ကို မေ့သွားပြီလား” ဟု မေးလိုက်သည်။

ကနဦးတွင် ပါရ်ဗတီ အနည်းငယ် လန့်သွား၏။ သို့သော် ချက်ချင်းပင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ထိန်းချုပ်လိုက်ပြီး တည်ငြိမ် အေးစက်စွာ ပြောလိုက်သည်။ “မမေ့ပါဘူး။ ကျွန်မ ဘယ်လိုလုပ် မေ့နိုင်မှာလဲ။ ငယ်ငယ်လေးကတည်းက ရှင့်ကို သိလာတာ၊ ကျွန်မ မှတ်မိသလောက် အစောဆုံး မှတ်ဉာဏ်တွေက ရှင့်ကို ကြောက်ရွံ့ခဲ့ရတာတွေချည်းပဲ... ကဲ အခုရော ကျွန်မကို နောက်တစ်ခါ လာခြိမ်းခြောက်ပြန်တာလား။ ဒါပေမဲ့ ရှင့်ဘက်ကကော... ရှင်ကော ကျွန်မကို မေ့သွားပြီလားလို့ ဘာကြောင့် မတွေးမိသတုံး”။ ပါရ်ဗတီက သူ့ကို မကြောက်မရွံ့သော မျက်လုံးများဖြင့် မော်ကြည့်ကာ မတ်မတ်ရပ်လိုက်သည်။

‌ဒေဗ်ဒါ့စ်မှာ စကားအ,သွား၏။ ဖြည်းညင်းစွာဖြင့် သူက “နင်က ငါ့ကို အမြဲတမ်း ကြောက်ရွံ့နေခဲ့တာပဲလား... တခြား ဘာမှမရှိဘူးလား” ဟု မေးလိုက်သည်။

ပါရ်ဗတီ၏ အသံမှာ ပြတ်သားနေသည်။ “ဟုတ်တယ်၊ တခြား ဘာမှ မရှိဘူး”

“ဒါ အမှန်ပဲလား”

“ဟုတ်တယ်၊ အမှန်ပဲ။ ကျွန်မ ရှင့်အပေါ် ဘာယုံကြည်မှုမှ မရှိဘူး။ ကျွန်မ လက်ထပ်ရတော့မဲ့သူက ချမ်းသာတယ်၊ ပညာရှိတယ်... တည်ငြိမ်ပြီး စိတ်ရှည်တယ်။ သူက ဘုရား တရား ကိုင်းရှိုင်းတဲ့သူ တစ်ယောက်ပဲ။ ကျွန်မရဲ့ မိဘတွေက ကျွန်မအတွက် အကောင်းဆုံး ဖြစ်စေချင်ကြတာ။ ဒါကြောင့် ရှင့်လို ကြမ်းကြုတ်ရက်စက်ပြီး ရေရှည်အကျိုး မတွေးတတ်တဲ့ အသိဉာဏ်မဲ့သူ တစ်ယောက်ရဲ့ လက်ထဲ ကျွန်မကို ဘယ်တော့မှ ထည့်မှာ မဟုတ်ဘူး။ ကဲ... အခု ကျွန်မကို သွားခွင့်ပြုပါတော့”

‌ဒေဗ်ဒါ့စ်သည် စက္ကန့်ဝက်မျှ တုံ့ဆိုင်းသွားပြီး ပါရ်ဗတီကို သွားခွင့်ပြုတော့မယောင်ပင် ဟန်ပြင်လိုက်သည်။ သို့သော် နောက်တစ်ခဏတွင် သူ၏နေရာ၌ ကြံ့ကြံ့ခိုင်အောင် ရပ်လျက် “တယ်လဲ မာနကြီးနေပါလား” ဟု ဆို၏။

ပါရ်ဗတီက “ဘာဖြစ်လို့ မကြီးရမှာလဲ။ ရှင်တောင် မာနကြီးနိုင်သေးတာပဲ၊ ကျွန်မလဲ မာန ကြီးနိုင်တာပေါ့။ ရှင်က ရုပ်ရည်ချောမောရင် ချောမောလိမ့်မယ်... ဒါပေမဲ့ ရှင့်မှာ ကိုယ်ကျင့်သီလဆိုတဲ့ အရည်အချင်း မရှိဘူး။ ကျွန်မမှာတော့ ကိုယ်ကျင့်သီလရော ရုပ်ရည်ပါ ရှိတယ်။ ရှင့်မိသားစုက ချမ်းသာရင် ချမ်းသာလိမ့်မယ်... ဒါပေမဲ့ ကျွန်မ အဖေကလဲ သူတောင်းစား မဟုတ်ဘူး။ ဒါ့အပြင် နောက်ရက် အနည်းငယ်အတွင်းမှာ ကျွန်မက ရှင့်ထက်တောင် ပိုပြီးချမ်းသာတော့မှာ” ဟု တုံ့ပြန်လိုက်သည်။

‌ဒေဗ်ဒါ့စ်မှာ အံ့သြကာ ဆွံ့အပြီး တိတ်ဆိတ်သွားပြန်သည်။

ပါရ်ဗတီက ဆက်၍ “ရှင် ကျွန်မကို ဒုက္ခအများကြီး ပေးနိုင်မယ်လို့ တွေးနေတာ မဟုတ်လား။ ကောင်းပြီလေ... အများကြီး မဟုတ်ရင်တောင် အနည်းအကျဉ်းတော့ ဒုက္ခပေးနိုင်မယ်ဆိုတာ ကျွန်မ သိပါတယ်။ ကဲ... လုပ်ချင်တာသာ လုပ်လိုက်တော့။ ဒါပေမဲ့ အခုတော့ ကျွန်မကို သွားခွင့်ပြုပါ” ဟု ပြောသည်။

‌ဒေဗ်ဒါ့စ်မှာ မှင်တက်သွား၏။ “ငါက နင့်ကို ဘယ်လို ဒုက္ခပေးရမှာလဲ” ဟု သူက မေးလိုက်သည်။

ပါရ်ဗတီက ချက်ချင်းပင် “ကျွန်မရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပြီးတော့ပေါ့။ ကဲ... ရှင့်သဘောရှိ အဆိုးဆုံးသာ လုပ်လိုက်တော့” ဟု ဖြေ၏။

‌ဒေဗ်ဒါ့စ်က နာကျည်းချက်များနှင့် ပြည့်နှက်နေသည့် မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။ “ငါက နင့်နာမည်ကို ရွှံ့ဗွက်ထဲ ဆွဲချမယ်လို့ နင် ထင်နေတာလား” ဟုသာ သူပြောနိုင်တော့သည်။

ပါရ်ဗတီက ခါးသီးမှုများဖြင့် တန်ဆာဆင်ထားသော အပြုံးတစ်ခုကို မဲ့ရွဲ့ကာ ပြုံးလိုက်၏။ သူက “လုပ်လေ... ကျွန်မ နာမည်ပျက်အောင် လုပ်လိုက်စမ်းပါ။ ဟိုတစ်လောက ညက ကျွန်မ ရှင့်ဆီကို တစ်ယောက်တည်း လာခဲ့တယ်ဆိုတာ အားလုံးကို သွားပြောလိုက်လေ။ ဒါဆို ရှင် သိပ်ကျေနပ်သွားမှာ သေချာပါတယ်” ဟု ဆိုသည်။

မာနတရားတို့ ကိန်းဝပ်ရာ ပါရ်ဗတီ၏ နှုတ်ခမ်းအစုံမှာ နာကျင်စွာ တုန်ရီနေ၏။

‌ဒေဗ်ဒါ့စ်၏ ရင်တွင်း၌လည်း ဒေါသနှင့် အရှက်တရားတို့က မီးတောင်တစ်ခုသဖွယ် ပေါက်ကွဲထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ “ဒီတော့ ငါက နင့်ကို နာမည်ဖျက်ပြီး ကျေနပ်နေမယ်လို့ နင် ထင်နေတာပေါ့လေ” ဟု သူက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

နောက်တစ်ခဏတွင် ဒေဗ်ဒါ့စ်သည် ငါးမျှားတံကို ပြန်ရုပ်လိုက်ပြီး တုတ်ခိုင်သော အဖျားပိုင်းကို ကိုင်မြှောက်ကာ “နင် သိလား ပါရို... လူတစ်ယောက်မှာ ဒီလောက်တောင် အလှတရားတွေ ကိန်းဝပ်နေတာ မသင့်တော်ဘူး။ အဲဒီလောက်လှတာက နင့်ကို သိပ် မာနကြီးသွားစေရုံ သက်သက်ပဲ” ဟု ပြောလိုက်သည်။ သူသည် အသံကို နှိမ့်လိုက်ပြီး ဆက်၍ “အသိသာကြီးပဲ မဟုတ်လား ... လမင်းကြီးဟာ သိပ်လှလွန်းလို့ အမည်းစက်တွေ ထင်ကျန်နေရတာ၊ ပိတုန်းမည်းကြီးကလဲ ကြာပန်းရဲ့ စင်ကြယ်တဲ့ အလှတရားပေါ်မှာ ဝဲပျံနေတတ်တာပဲ။ လာစမ်း... နင့်ရဲ့ မျက်နှာကို ငါ အမာရွတ် ထင်သွားအောင် လုပ်ပြီး အဲဒီ အပြစ်အနာအဆာ မရှိတဲ့ အလှကို ဖျက်ဆီးပစ်မယ်” ဟု ဆို၏။

‌ဒေဗ်ဒါ့စ်တွင် ကိုယ့်ကိုယ်ကိုယ် သတိကပ်မနေတော့ပေ။ သူသည် ငါးမျှားတံကို မြဲမြံစွာ ဆုပ်ကိုင်၍ ဝှေ့ယမ်းလိုက်ပြီးလျှင် ပါရ်ဗတီ၏ နဖူးဆီသို့ ရွယ်ကာ ခပ်စောင်းစောင်း ရိုက်ချလိုက်လေသည်။

ချက်ချင်းပင် ပါရ်ဗတီ၏ မျက်နှာတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွားသည်။ ဆံစပ်မှသည် ဘယ်ဘက် မျက်ခုံးအထိ ခပ်တွန့်တွန့် ဒဏ်ရာကြီး တစ်ခု ဖြစ်သွားခဲ့သည်။ ပါရ်ဗတီသည် မြေပြင်ပေါ်သို့ ခွေခေါက်ကျသွားပြီး “‌ဒေဗ်-ဒါး... ရှင် ကျွန်မကို ဘာလို့ ဒီလောက် ရက်စက်နိုင်ရတာလဲ” ဟု အော်ဟစ်လိုက်တော့၏။

ဒေဗ်ဒါ့စ်ကမူ သူ၏ ငါးမျှားတံကို အပိုင်းပိုင်း ဖြစ်အောင် ချိုးဖဲ့ပြီး မြစ်ထဲသို့ ပစ်ချနေလေသည်။ ဝါးစလေးများ ရေပြင်ပေါ်တွင် မျောပါသွားကြသည်။ သူက တည်ငြိမ်သယောင် ဟန်ဆောင်လျက် “သိပ်မများပါဘူး... ဒီအတိုင်း ဒဏ်ရာလေး တစ်ချက်ပါပဲ” ဟု ပြန်ဖြေ၏။

ပါရ်ဗတီက နာကျင်ကြေကွဲစွာဖြင့် “အို ဘုရားသခင်... ‌ဒေဗ်-ဒါးရယ်” ဟု ငိုကြွေးလေတော့သည်။

‌ဒေဗ်ဒါ့စ်သည် သူ၏ ချည်အင်္ကျီပါး၏ အစွန်းကို ဆွဲဆုတ်ကာ ရေစိမ်လိုက်ပြီး ပါရ်ဗတီ၏ ဦးခေါင်းကို ပတ်တီးစီးပေးရင်း “ဘာဖြစ်လို့ ကြောက်နေတာလဲ ပါရို။ ဒီဒဏ်ရာက မကြာခင် ပျောက်သွားမှာပါ... အမာရွတ်လောက်ပဲ ကျန်ခဲ့မှာ။ တစ်ယောက်ယောက်ကများ မေးလာခဲ့ရင် လိမ်ပြောလိုက်ပေါ့၊ မဟုတ်ရင်လဲ အမှန်အတိုင်း ပြောပြီး နင့်အရှက်ကို ကိုယ့်ဟာကိုယ် ခွဲလိုက်ပေါ့” ဟု ဆို၏။

“အို... မဖြစ်သေးပါဘူး။ အို ဘုရားသခင်...”

“ရှက်စရာကောင်းလိုက်တာ ပါရို... တိတ်တိတ်နေစမ်းပါ။ ငါတို့ နောက်ဆုံး တွေ့ဆုံခဲ့တာကို နင် မှတ်မိနေစေဖို့ အမှတ်အသားတစ်ခု ချန်ထားခဲ့ရုံ သက်သက်ပါ။ နင် မှန်ကြည့်တဲ့ အခါတိုင်း အဲဒီ လှပတဲ့ မျက်နှာလေးကို တစ်ချက်တစ်ချက်တော့ ကြည့်မိမှာပဲ မဟုတ်လား” ။ ထို့နောက် သူသည် အဖြေကိုပင် စောင့်မနေဘဲ ထွက်သွားရန် ဟန်ပြင်လိုက်၏။

ပါရ်ဗတီသည် သနားစရာကောင်းလောက်အောင် ငိုကြွေး တမ်းတရင်း “အို... ‌ဒေဗ်-ဒါးရယ်...” ဟု တမ်းတလေသည်။

‌ဒေဗ်ဒါ့စ် ပြန်လှည့်လာ၏။ သူ၏ မျက်လုံးထောင့်တွင် မျက်ရည်တစ်စ လက်ခနဲ ဖြစ်သွားသည်။ “ဘာလဲ ပါရို”

“ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့နော်”

ချက်ချင်းပင် ‌ဒေဗ်ဒါ့စ်သည် ရှေ့သို့ ကိုင်းညွတ်လိုက်ပြီး ပါရ်ဗတီ၏ ဆံနွယ်များကို နှုတ်ခမ်းဖြင့် ထိတွေ့ကာ နမ်းရှိုက်လိုက်သည်။ “ငါ ဘယ်လိုလုပ် ပြောရက်မလဲ... နင်က ငါ့အတွက် သူစိမ်းမှ မဟုတ်တာ ပါရို။ ငါတို့ ငယ်ငယ်တုန်းက နင် ဆော့ကစားပြီး ပြဿနာရှာတဲ့ အခါတိုင်း ငါ နင့် နားရွက်ကို ဘယ်လောက်တောင် ဆွဲလိမ်ခဲ့ဖူးလဲဆိုတာ နင် မမှတ်မိတော့ဘူးလား”

“‌ဒေဗ်-ဒါး... ကျွန်မကို ခွင့်လွှတ်ပါနော်”

“တောင်းပန်နေစရာတောင် မလိုပါဘူး။ ပါရို... နင် ငါ့ကို တကယ်ပဲ မေ့သွားပြီလား။ ငါ နင့်အပေါ် ဘယ်တုန်းက အကြာကြီး စိတ်ဆိုးဖူးလို့လဲ။ ဘယ်တုန်းက နင့်ကို ခွင့်မလွှတ်ဘဲ နေဖူးလို့လဲ”

“‌ဒေဗ်-ဒါး...”

“ပါရို... ငါက စကားပြော မတတ်ဘူးဆိုတာ နင် သိပါတယ်။ စဉ်းစားပြီးမှ လုပ်တတ်တဲ့သူလဲ မဟုတ်ဘူး။ ငါက အရင်လုပ်ပြီးမှ နောက်မှ တွေးတတ်တာ” ‌ဒေဗ်ဒါ့စ်သည် ပါရ်ဗတီ၏ ဦးခေါင်းပေါ်သို့ လက်တင်လိုက်သည်။ “နင် ရွေးချယ်တာ မှန်ပါတယ်။ ငါနဲ့ဆိုရင် နင် ပျော်ရွှင်ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်... နင်သာ ငါနဲ့အတူ ရှိနေခဲ့ရင် နင့်ရဲ့ ‌ဒေဗ်-ဒါးဟာ ကောင်းကင်ဘုံကြီးကိုတောင် သူ့ရဲ့ ဘယ်ဘက်လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်ခဲ့မှာပါဟာ”

လမ်းကွေ့ဘက်မှ သူတို့ဆီသို့ ဦးတည်လာသော စကားပြောသံများကို ကြားလိုက်ရ၏။ ပါရ်ဗတီလည်း လှေကားထစ်များအတိုင်း ရေထဲသို့ ဖြည်းညင်းစွာ ဆင်းသွားလေသည်။ ‌ဒေဗ်ဒါ့စ်လည်း လမ်းလျှောက်ကာ ထွက်သွားပါတော့သည်။