ကျွန်တော်တို့ဟာ ကိုယ့်ဘဝလေးနဲ့ကိုယ် လွတ်လွတ်လပ်လပ် နေထိုင်ချင်ကြပေမဲ့ တစ်ချိန်တည်းမှာပဲ သူများတွေ ကိုယ့်အပေါ် ဘယ်လိုမြင်မလဲဆိုတာကို အမြဲစိုးရိမ်နေတတ်ကြတယ်။ ဒီတော့ အခြားသူတွေ ဆန့်ကျင်တာ၊ မကြိုက်တာကို ခံနိုင်ရဲတဲ့၊ အာခံရဲတဲ့ သတ္တိရှိမှု၊ မရှိမှုက ပျော်ရွှင်ဖို့အတွက် အချက်အချာကျလာပါတော့တယ်။

အက်ဒလာ (Alfred Adler)ဆိုတာ ဆစ်ဂမန်ဖရိုက် (Sigmund Freud) နဲ့ ခါးလ်ယွန်း (Carl Jung) တို့နဲ့အတူ စိတ်ပညာသမိုင်းမှာ အရေးပါခဲ့တဲ့ သြစတြီးယား စိတ်ပညာရှင်တစ်ဦးဖြစ်ပြီး Individual Psychology ကို စတင်ဖော်ထုတ်ခဲ့သူ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အပြုအမူတွေကို နားလည်ဖို့ အတိတ်က အတွေ့အကြုံတွေကိုသာ ကြည့်ရုံနဲ့ မလုံလောက်ဘဲ ကိုယ့်ကိုယ်ကို ဘယ်လိုမြင်သလဲ၊ ဘယ်လိုရည်မှန်းချက်တွေနဲ့ အသက်ရှင်နေသလဲဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားရမယ်လို့ ယူဆခဲ့သူပါ။

သူ့ရဲ့ အယူအဆတွေကို Ichiro Kishimi နဲ့ Fumitake Koga ဆိုသူတို့ဟာ လူတွေ နားလည်လွယ်စေဖို့ ဆရာနဲ့ လူငယ်တစ်ဦးတို့ရဲ့ ဆွေးနွေးခန်းပုံစံ ဒိုင်ယာလော့(dialogue) နဲ့ တင်ပြထားကြပါတယ်။ Ichiro Kishimi ဟာ Adlerian Psychology ကို လေ့လာသင်ကြားခဲ့တဲ့ ဂျပန်ဒဿနပညာရှင်ဖြစ်ပြီး Fumitake Koga ကတော့ စာရေးဆရာတစ်ဦးဖြစ်တယ်။ သူတို့နှစ်ဦးရဲ့ ကျေးဇူးနဲ့ အက်ဒလာရဲ့ စိတ်ပညာသီအိုရီတွေကို သာမန်စာဖတ်သူတွေအတွက် လက်တွေ့ဘဝနဲ့ဆက်စပ်ပြီး စဉ်းစားနားလည် အဖြေရှာနိုင်မယ့်စာအုပ် ဖြစ်လာခဲ့ပါတယ်။

ဒီစာအုပ်ကို သင့်ဘဝကိုပြောင်းလဲပေးမယ့်စာအုပ်လို့ ညွှန်းကြပါတယ်။ သေချာပေါက် ပြောနိုင်တာတစ်ခုကတော့ ဘဝကို ရှုမြင်တဲ့အမြင် ပြောင်းလဲလာမှာ အမှန်ပါပဲ။ ဝတ္ထုတွေလိုတော့ ဖတ်ရမြန်မှာမဟုတ်ဘဲ ညက်ညက်ဝါးရပါလိမ့်မယ်။ သူ့ ဒဿနကို တကယ်သဘောပေါက်ဖို့၊ ကိုယ့်လက်တွေ့ဘဝနဲ့ ယှဉ်ထိုးချိန်ဆ အသုံးချနိုင်ဖို့ ကျွန်တော်တို့ အချိန်ပေးရပါလိမ့်မယ်။ အလေ့အကျင့်လုပ်တန် လုပ်ရပါလိမ့်မယ်။

အက်ဒလာက သူ့ဒဿနမှာ စိတ်ဒဏ်ရာဆိုတာမရှိ၊ အကြောင်းကြောင့်အကျိုးဖြစ်တာကို လက်မခံတော့ လူအတော်များများ ပွက်လောရိုက်ကုန်ကြတယ်။ သူ ဆိုလိုချင်တဲ့သဘောက ကျွန်တော်တို့တွေ အတိတ်ဖြစ်ရပ်ရဲ့ ပုံသွင်းရာလမ်းအတိုင်းပဲ ကျန်ရှိတဲ့ဘဝသက်တမ်းကို မဖြစ်မနေ လျှောက်ရမယ်လို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အတိတ်မှာဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ အရေးမကြီးတော့ဘူး။ အခုလက်ရှိပစ္စုပ္ပန်သည်သာ အခရာ။ အတိတ်ကြောင့်၊ အကြောင်းကြောင့် ဒီလိုဖြစ်နေရတာဆိုပြီး ပြောနေတဲ့သူကလည်း သိလျက်ဖြစ်စေ မသိလျက်ဖြစ်စေ ဒီလိုအခြေအနေကို ဆက်ဖြစ်ချင်နေရတဲ့ ရည်ရွယ်ချက်ရှိနေလို့ပါတဲ့။

ဒီအသိကို နားလည်အောင် ဥပမာအမျိုးမျိုးပြရှင်းထားတယ်။ စားပွဲထိုးကိုအော်ငေါက်တဲ့လူ၊ အမေနဲ့သမီး၊ အခန်းအပြင်မထွက် အိမ်တွင်းအောင်းနေတဲ့ ဆယ်ကျော်သက် စသဖြင့်ပေါ့။ ပြီးတော့ အတိတ်က ကိုယ့်လက်ရှိကို အပြည့်အဝ မပြဌာန်းထားဘူး ဆိုတဲ့အတွက် နေထိုင်မှုပုံစံ (lifestyle)ကိုတောင် ပြောင်းလဲချင်စိတ် သတ္တိရှိရင်ရပါတယ်တဲ့။

နောက်တစ်ခုက ပြဿနာတွေအားလုံးဟာ လူအချင်းချင်းဆက်ဆံရေး ပြဿနာတွေပါတဲ့။ ကိုယ့်ကိုယ်ကို သိမ်ငယ်တယ်၊ ရှက်၊ ကြောက်၊ ဝမ်းနည်းပူဆွေးရတာတွေ၊ အထီးကျန်တာတွေ၊ လက်စားချေချင်တယ်၊ ပြိုင်ဆိုင်တယ် သူများထက်သာချင်တဲ့စိတ် အားလုံးအားလုံးက ကိုယ့်ရှုမြင်ပုံနဲ့ဆိုင်တယ်။ သူထောက်ပြတဲ့ သုံးသပ်ဆင်ခြင်ပုံတွေက စိမ်းသက်နေတာမျိုးမဟုတ်ပေမယ့် လက်တွေ့မှာတော့ လိုက်နာဖို့ ခက်ကောင်းခက်နေလိမ့်မယ်။ တချို့တွေက ဘဝကို ပြိုင်ပွဲတစ်ခုလို့ဆိုနေချိန်မှာ သူက ပြောင်းပြန် ဘဝဟာ ပြိုင်ပွဲတစ်ခုမဟုတ်ဘူး။ ဒါကြောင့် ပြိုင်ဖက်တွေ ရန်သူတွေဆိုတာမရှိတော့ဘဲ အားလုံးသောလူတွေဟာ ကိုယ့်ရဲဘော်ရဲဘက်တွေချည်းပဲ။ ဒါမျိုးတွေပေါ့။

ကျွန်တော်တို့ မပျော်နိုင်ကြတဲ့အကြောင်းအရင်းတွေထဲမှာ အသိအမှတ်ပြုခံလိုစိတ်လည်း ပါကြောင်းကို သူက ပုံပမာတွေနဲ့ ရှင်းပြထားတယ်။ တကယ်တမ်း အသိအမှတ်ပြုခံလိုတဲ့စိတ်က မသိမသာ ကိုယ့်ကို တခြားသူတွေရဲ့ စေလိုရာစေ ဘဝရောက်စေပြီး ခြေချုပ်မိစေလိမ့်မယ်။ ဒါတင်မကဘူး လူတိုင်းရဲ့ဆန္ဒကိုလိုက်ဖြည့်ပေးနေရတဲ့ ကိုယ့်မှာရော ဘယ်မှာပျော်ရွှင်မှုရှိနိုင်ဦးမလဲ။ အဲ့ဒါနဲ့ဆက်စပ်ပြီး အလုပ်တာဝန်ခွဲခြားခြင်း၊ လူတွေဆန့်ကျင်တာ မကြိုက်တာကို ခံနိုင်ရည်ရှိခြင်းတွေလိုမျိုးကသာ စစ်မှန်တဲ့ပျော်ရွှင်မှုပေးနိုင်မယ်လို့ ရှင်းပြတယ်။

နောက်ထပ် အားကောင်းတဲ့ထိုးနှက်ချက်တခုက အတ္တနဲ့ ပျော်ရွှင်မှုက ပြောင်းပြန်အချိုးကျတယ် ဆိုတာပဲ။ သူ့မှာတော့ အကျယ်တဝင့် ထပ်ရှင်းပြထားသေးတယ်။ ဘဝအလိမ်အညာတွေ၊ ကိုယ့်အလိမ်အညာတွေကလည်း မပျော်ရွှင်နိုင်အောင် ပိတ်ပင်ထားလိမ့်မယ်။

ကိုယ့်ကိုယ်ကို လက်ခံပါ။ အခြားသူတွေကို ယုံကြည်ပါ။ အခြားသူတွေကို ကူညီပါ။ ဘယ်လို လက်ခံ၊ ဘယ်လို ယုံကြည်၊ ဘယ်လို ကူညီ တွေကိုတော့ သူ့ရှင်းပြချက်တွေကို အသေးစိတ်ဖတ်ကြည့်ပါမှ သူဆိုလိုချင်တာကို ဖမ်းနိုင်ပါလိမ့်မယ်။

သူ့အယူအဆတွေကို တက်ကျမ်းတွေ အတော်အတန်ဖတ်ထားတဲ့သူတွေဆို ကြားဖူးကောင်း ကြားဖူးနေပါလိမ့်မယ်။ တကယ်ကတော့ နာမည်ကြီးတက်ကျမ်း စာရေးဆရာတော်တော်များများက သူ့အယူအဆတွေရဲ့ လွှမ်းမိုးမှုက မကင်းခဲ့ကြဘူးလို့ ဆိုကြပါတယ်။ ဥပမာ- စတီဖင်ကိုဗေး (he 7 Habits of Highly Effective People စာအုပ်ကိုရေးတဲ့သူ) ဒေးလ်ကာနက်ဂျီ (မိတ္တဗလဋီကာ၊သောကကင်းဝေးနေနိုင်ရေး မူရင်းစာရေးဆရာ)တို့လိုပေါ့။

The Courage to be Disliked ဘာသာပြန်က နှစ်အုပ်ထွက်ထားတာဖြစ်လို့ ကြိုက်တဲ့အုပ်၊ လက်လှမ်းမီတဲ့အုပ်နဲ့ အက်ဒလာစိတ်ပညာ အခြေခံမိတ်ဆက်လောက်ကို စူးစမ်းလေ့လာကြည့်လို့ပါတယ်။ နှစ်ယောက်မှာ ဆရာ Casper Zawက မူရင်းနဲ့ နီးစပ်အောင် ပြန်ထားပြီး ဆရာ နိုင်ဦးကတော့ ဆီလျော်သလို မြန်မာပြန်ထားပါတယ်။ ဆရာနိုင်ဦးမူမှာ serenity prayer လိုနေရာမျိုး၊ ခေါင်းစဉ်ကျန်တာမျိုးဆို ဖတ်ရ အဆင်မပြေပါဘူး။ သို့ပေမယ့် သမ္ဘာအရ တအုပ်လုံး ခြုံကြည့်မယ်ဆို သူ့မူက ဖတ်ရ ပိုပြေပြစ်၊ ပိုသွက် နေပြန်ပါရော။ မူရင်းနဲ့ ကြိုးစား တိုက်ဖတ်ကြည့်နိုင်ရင်ကတော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒီတော့ အဆင်ပြေရာ (မူရင်းအတိုင်း ကြိုက်တာလား၊ ပြေပြေပြစ်ပြစ် ကြိုက်တာလား) ကိုယ့်အကြိုက်အတိုင်းသာ ရွေးဖတ်ကြည့်ကြပါ။

📘 The Courage to be Disliked

✍️ Fumitake Koga and Ichiro Kishimi

📖 non-fiction / self-help / psychology /philosophical dialogue

👇Read more book reviews at FB page👇

https://www.facebook.com/share/182UyHkbsg/?mibextid=wwXIfr

#TheCourageToBeDisliked #bookreview #youthsbookreflections #bookrecommendations #Psychology #AdlerianPsychology #SelfDevelopment #Philosophy