အခန်း ၈ သေရည်သောက်ပြီးနောက်ပိုင်း ဒဿန
ကျွန်ုပ်တို့ အစောပိုင်းက ပြောခဲ့သော အထက်လွှတ်တော်အမတ်သည် လိပ်ပြာသန့်စင်မှု၊ သစ္စာတရား၊ တရားမျှတမှု၊ တာဝန်သိမှု ဟူသည့် အတားအဆီးများအားလုံးကို ဂရုမစိုက်ဘဲ မိမိလမ်းကို ဖောက်ခဲ့သော တွက်ခြေကိုက်တတ်သူ တစ်ဦးဖြစ်၏။ မိမိ၏ ရာထူးတက်လမ်းနှင့် ကိုယ်ကျိုးစီးပွား တိုးတက်ရေး ရည်မှန်းချက်ဆီသို့ တစ်ချက်မျှ တုံ့ဆိုင်းမနေဘဲ တည့်တည့်မတ်မတ် လျှောက်လှမ်းခဲ့သူ ဖြစ်လေသည်။
သူသည် အောင်မြင်မှုကို မက်မောသော အစိုးရရှေ့နေဟောင်း တစ်ဦးဖြစ်သော်လည်း လူဆိုးတစ်ယောက်သည်ကား လုံးဝမဟုတ်ချေ။ သူ၏ သားများ၊ သမက်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများအတွက်ပင် သူတတ်နိုင်သမျှ အကူအညီလေးများ ပေးတတ်ပြီး၊ ဘဝ၏ ပျော်ရွှင်မှုများ၊ အခွင့်အလမ်းကောင်းများနှင့် ကံကောင်းမှုများကို ဉာဏ်ပညာရှိစွာ ရယူခံစားတတ်သူ ဖြစ်သည်။
ထိုအရာများမှလွဲ၍ အခြားအရာများသည် သူ၏အမြင်တွင် မိုက်မဲရာကျနေ၏။ သူသည် ဉာဏ်ရွှင်ပြီး မိမိကိုယ်ကိုယ် အက်ပီကျူးရပ်စ် (ဂရိ ဒဿနပညာရှင် ၃၄၁-၂၇၀ ဘီစီ) ၏ တပည့်တစ်ဦးဟု ယူဆနိုင်လောက်အောင် စာဖတ်အားကောင်းသူဖြစ်သော်လည်း တကယ်တမ်းတွင်မူ သူသည် ပီဂေါ့-လီဘရွန် (ပြင်သစ် ဝတ္ထုဆရာ ၁၇၅၃-၁၈၃၅) ၏ လက်ရာတစ်ခုသာ ဖြစ်နေသည်။
သူသည် အနန္တနှင့် ထာဝရအရာများ အကြောင်းကိုလည်းကောင်း၊ ‘ချစ်လှစွာသော ဆရာတော်၏ အဓိပ္ပာယ်မရှိသော စကားများ’ အကြောင်းကိုလည်းကောင်း ပေါ့ပေါ့ပါးပါးနှင့် နှစ်လိုဖွယ်ကောင်းအောင် နောက်ပြောင်တတ်လေသည်။ တစ်ခါတစ်ရံ မွန်ဆီယာ မာရီယယ်လ်ကိုယ်တိုင် နားထောင်နေစဉ်မှာပင် ထိုသို့သော စကားတို့ကို ကြင်နာတတ်သော အရာရှိတစ်ဦး အသွင်ဖြင့် ပြောဆိုနောက်ပြောင်လေ့ရှိ၏။
ရုံးကန္တားပိုင်း နှင့် တစ်စိတ်တစ်ဒေသ ဆက်စပ်နေသော အခမ်းအနားတစ်ခုခုကြောင့် ဤအထက်လွှတ်တော်အမတ် နှင့် မွန်ဆီယာ မာရီယယ်လ် တို့နှစ်ဦးစလုံးသည် ခရိုင်ဝန်၏ ညစာစားပွဲသို့ ဧည့်သည်များအဖြစ် ရောက်ရှိနေကြလေသည်။ အချိုပွဲတည်ခင်းချိန်သို့ ရောက်သောအခါ အမတ်ကြီးသည် အနည်းငယ် ရွှင်မြူးနေသော်လည်း ဂုဏ်သိက္ခာကို ထိန်းပြီး "ဆရာတော် ခင်ဗျား...ကျွန်တော်တို့ စကားလေးဘာလေး ပြောကြရအောင်ပါ ဘုရား။ အထက်လွှတ်တော် အမတ်တစ်ယောက်နဲ့ ဆရာတော်တစ်ပါး အချင်းချင်း မျက်လုံးချင်းစုံပြီး ကြည့်နေရတာ အနေခက်လှပါတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးက နိမိတ်ဖတ်တဲ့သူတွေပဲလေ။ ကျွန်တော် ဆရာတော့်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ ကျွန်တော့်မှာ ကိုယ်ပိုင် ဒဿနရှိတယ်ဗျ" ဟု အော်ပြောလိုက်လေသည်။
ဆရာတော်က "အတော်လေး မှန်ပါတယ်။ ခင်ဗျားခင်းတဲ့ ဒဿနအိပ်ရာပေါ်မှာ ခင်ဗျားပဲ အိပ်ရမှာပါ။ ခင်ဗျားရဲ့ အိပ်ရာကတော့ ခရမ်းရောင်အိပ်ရာပဲ အမတ်ကြီးရဲ့” ဟု ပြန်ဖြေသည်တွင် အားတက်သွားသော အမတ်ကြီးက "ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သဘောထား ကြီးကြီးထားကြရအောင်ပါ ဘုရား" ဟု ဆက်ပြော၏။
ဆရာတော်ကလည်း "နတ်ဆိုးလို သဘောထားကြီးတာမျိုးပေါ့လေ" ဟု ဆို၏။
အမတ်ကြီးက "ကျွန်တော် ပြောပါရစေ။ နယ်စားမင်း ဒါဂျန်း (ပြင်သစ် ဒဿန ပညာရှင် ၁၀၇၄-၇၁)၊ ပီရို (ဂရိ ဒဿန ပညာရှင် ၃၆၀-၂၇၀ ဘီစီ)၊ ဟော့ဘ်စ် (အင်္ဂလိပ် နိုင်ငံရေးဒဿန ပညာရှင် ၁၅၈၈-၁၆၇၉)နဲ့ မွန်ဆီယာ နေယွန် (ဘုရားမဲ့ ဝါဒီ ၁၇၃၈-၁၈၁၀)တို့ဟာ လူယုတ်မာတွေ မဟုတ်ပါဘူး။ ကျွန်တော့် စာကြည့်တိုက်မှာရှိတဲ့ ဒဿနိကဗေဒပညာရှင်တွေအားလုံးက ရွှေကွပ်ထားတဲ့ အဆင့်အတန်းရှိသူတွေချည်းပဲ" ဟု ဆက်ပြော၏။
"ခင်ဗျားလိုပဲ နေမပေါ့၊ အမတ်မင်း” ဟု ဆရာတော်က ကြားဖြတ်ပြောလိုက်သည်။
အမတ်ကြီးက ဆက်ပြော၏။ " ဒီဒရိုးကိုတော့ ကျွန်တော် မုန်းတယ်ဗျ။ သူက သဘောတရားရေးရာကို အစွဲအလမ်းကြီးကြီးနဲ့ အော်ဟစ်ပြောဆိုတတ်တဲ့ တော်လှန်ရေးသမားတစ်ယောက်ပဲ။
ပြောရမယ်ဆို ဘုရားသခင်ကို ယုံကြည်တဲ့ ဗော်လ်တဲယား ( ဉာဏ်အလင်းခေတ် ဒဿနပညာရှင် ၁၆၉၄-၁၇၇၈) ထက်တောင် ပိုပြီး သူတော်ကောင်း ယောင်ဆောင်တတ်သေးတယ်။ ဗော်လ်တဲယားက နိဒ်ဟမ်း (အင်္ဂလိပ် သဘာဝ သိပ္ပံပညာရှင် ၁၇၁၃-၈၁) ကို လှောင်ပြောင်ခဲ့တာ သိပ်မှားတယ်။ နိဒ်ဟမ်းရဲ့ ငါးရှဉ့် စမ်းသပ်ချက်က ဘုရားသခင်ဆိုတာ မလိုအပ်ဘူးဆိုတာကို သက်သေပြနေတာပဲ။
ဂျုံမှုန့်ပျစ်ပျစ် တစ်ဇွန်းထဲက ရှာလကာရည် တစ်ပေါက်ဟာ ‘အလင်းရောင် ရှိစေသတည်း’ ဆိုတဲ့ ဖန်ဆင်းရှင်ရဲ့ အမိန့်စကားနေရာကို အစားထိုးလိုက်နိုင်တယ်။ အဲဒီ ရှာလကာရည်စက်က ပိုကြီးပြီး ဇွန်းကလဲ ပိုကြီးမယ်ဆိုရင် ကမ္ဘာကြီးဖြစ်လာတာပါပဲ။ လူဆိုတာ ငါးရှဉ့်တွေပေါ့။
ဒါဆိုရင် ထာဝရဖခင်ကြီးက ဘာအသုံးကျတော့မှာလဲ။ ယေဟောဝါ ဆိုတဲ့ အယူအဆက ကျွန်တော့်ကို ငြီးငွေ့စေတာ အမှန်ပါ ဆရာတော်။ အဲဒီအယူအဆက အနှစ်သာရမရှိတဲ့၊ အခွံချည်းသက်သက်ဖြစ်နေတဲ့ လူတွေကိုပဲ မွေးထုတ်ပေးနိုင်တယ်။
ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာခပ်သိမ်း ချုပ်ငြိမ်းပါစေ။ ကျွန်တော့်ကို အေးအေးချမ်းချမ်းနေခွင့်ပေးတဲ့ ဘာမှမရှိခြင်းတရား သက်တော်ရာကျော် ရှည်ပါစေ။ ဆရာတော်နဲ့ ကျွန်တော့်ကြားမှာ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ကျွန်တော့်မှာ ဆင်ခြင်တုံတရား ရှိတယ် ဆိုတာပါပဲ။
ဆရာတော်တို့ရဲ့ ကိုယ်ကျိုးစွန့်ဖို့၊ အနစ်နာခံဖို့ အမြဲဟောပြောနေတဲ့ ယေရှုဆိုတာကို ကျွန်တော် သိပ်စိတ်မဝင်စားဘူး။ ဒါဟာ ဆင်းရဲသားတွေကို ကပ်စေးနှဲတစ်ယောက်က ပေးတဲ့ အကြံပဲ။ ဘာအတွက် ကိုယ်ကျိုးစွန့်ရမှာလဲ။
ဘာအတွက် အနစ်နာခံရမှာလဲ။ ဝံပုလွေတစ်ကောင်ရဲ့ ပျော်ရွှင်မှုအတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံတဲ့ တခြားဝံပုလွေရှိတယ်ဆိုတာမျိုး ကျွန်တော်တော့ မမြင်ဖူးပါဘူး။ ဒါကြောင့် သဘာဝတရားအတိုင်းပဲ နေကြတာပေါ့။
ကျွန်တော်တို့က အထွတ်အထိပ်မှာ ရှိနေတာပဲ။ အဆင့်မြင့်တဲ့ ဒဿနကိုပဲ ကိုင်စွဲကြရင် ပိုမကောင်းပေဘူးလား။ တခြားသူတွေရဲ့ နှာခေါင်းဖျားထက် ပိုမမြင်နိုင်ရင် အထက်မှာ ရှိနေရတာကရော ဘာအဓိပ္ပာယ်ရှိမှာလဲ။
ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြတာက ပိုမကောင်းဘူးလား။ အရာအားလုံးဟာ ဘဝပါပဲ။ လူတွေရဲ့ တခြားအနာဂတ်က အထက်မှာပဲဖြစ်ဖြစ်၊ အောက်မှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် ရှိသေးတယ်ဆိုတဲ့ အယူအဆကို ကျွန်တော်တော့ တစ်လုံးမှ မယုံဘူး။
အို... ကျွန်တော့်ကို အနစ်နာခံဖို့၊ ကိုယ်ကျိုးစွန့်ဖို့ ပြောကြတယ်။ ကျွန်တော်လုပ်သမျှကို သတိထားရမယ်တဲ့။
အကောင်းနဲ့ အဆိုး၊ အမှားနဲ့ အမှန်၊ ခွင့်ပြုထားတာနဲ့ တားမြစ်ထားတာတွေကို စိုးရိမ်ပူပန်နေရမယ်တဲ့။ ဘာကြောင့်လဲ။ ကျွန်တော့်ရဲ့ လုပ်ရပ်တွေအတွက် တချိန်မှာ ပြန်ဖြေရှင်းရလိမ့်မယ်ဆိုလို့လား။
အဲဒါကလည်း ကျွန်တော် သေပြီးမှတဲ့လေ။ သိပ်ကိုလှပတဲ့ စိတ်ကူးယဉ်ပုံပြင်လေးပဲဗျာ။ သေပြီးမှတော့ ကျွန်တော့်ကို ဖမ်းဖို့ဆိုတာ အတော်လေး လည်လည်ဝယ်ဝယ် ရှိမှရမယ်ဗျို့။
ကိုယ်ထည်မရှိတဲ့ လက်တစ်ဖက်နဲ့ ဖုန်မှုန့်တွေကို ဆုပ်ကိုင်ကြည့်ရင် ကျွန်တော်ပြောတာကို သိနိုင်တယ်။ အမှန်အတိုင်းပဲ ပြောကြပါစို့။ အီဂျစ် နတ်ဘုရားမ အိုင်းစစ်ရဲ့ စကတ်ကို မ,ကြည့်ဖူးတဲ့ (လောကကြီးရဲ့ လျှို့ဝှက်ချက် အမှန်တရားကို သိမြင်ထားတဲ့) ပညာရှင်တွေဖြစ်တဲ့ ကျွန်တော်တို့အဖို့တော့ အကောင်းလဲ မရှိဘူး၊ အဆိုးလဲ မရှိဘူး၊ လောကကြီးမှာ သစ်ပင်ပန်းမန်တွေ ရှင်သန်ကြီးထွားခြင်းမျိုးပဲ ရှိတယ်။
လက်တွေ့ဘဝကိုပဲ ရှာဖွေကြပါစို့ဗျာ။ နက်နက်ရှိုင်းရှိုင်း အောက်ခြေအထိ တူးဆွကြမယ်။ အမှန်တရားကို အနံ့ခံပြီး မြေအောက်ထဲအထိ တွားဝင်ပြီးတော့ ဆွဲလုယူရမှာဗျ။
အဲဒီအခါကမှ ထူးကဲတဲ့ အရသာကို ရလိမ့်မယ်။ အဲဒီအခါ သန်မာလာပြီး ရယ်မောလာနိုင်မယ်။ ကျွန်တော်ကတော့ လက်တွေ့ကျကျပဲ နေတတ်ပါတယ်။
ဆရာတော်ဘုရား... လူသားတွေ ထာဝရရှင်သန်နိုင်တယ်ဆိုတာ စိတ်ကူးယဉ်သက်သက်ရယ်ပါ။ ဪ...
အတော်လဲ နှစ်လိုဖွယ်ကောင်းတဲ့ ကတိစကားပါကလား။ ယုံချင်လဲ ယုံကြပါစေပေါ့။ အာဒမ်ဟာ တော်တော့်ကို ကောင်းတဲ့ အာမခံချက် ပေးခံခဲ့ရတာပဲ။
ကျွန်တော်တို့က ဝိညာဉ်တွေဖြစ်မယ်၊ တမန်တော်တွေ ဖြစ်သွားမယ်၊ ပခုံးရိုးတွေပေါ်မှာ အပြာရောင် အတောင်ပံလေးတွေ ရှိလာမယ်တဲ့။ မေးပါရစေအုံး... ကောင်းချီးမင်္ဂလာ ခံစားရသူတွေဟာ ကြယ်တစ်လုံးကနေ တစ်လုံးကို ကူးပြောင်းသွားမယ်လို့ ပြောခဲ့တာ တာတူလီယန် (၁၅၀-၂၂၉) မဟုတ်ဘူးလား။
ကောင်းပြီလေ။ ကျွန်တော်တို့ဟာ ကြယ်တွေကြားထဲက နှံကောင်လေးတွေ ဖြစ်လာကြမှာပေါ့။ ပြီးရင် ဘုရားသခင်ကို တွေ့ရမယ်တဲ့၊ ဘာညာ စသဖြင့်ပေါ့လေ။
အဲဒီ ပါရာဒိသုဘုံတွေဆိုတာ အားလုံး အဓိပ္ပာယ်မရှိတဲ့ စကားတွေချည်းပါပဲ။ ဘုရားသခင်ဆိုတာ တကယ့်ကို လုံးဝ အဓိပ္ပါယ် မရှိတဲ့ အရာပဲ။ ‘လွတ်မော်နီတော’ သတင်းစာထဲမှာတော့ ကျွန်တော် ဒီလို မပြောခဲ့ပေမဲ့ သူငယ်ချင်းတွေကြားမှာတော့ သေရည်လေးသောက်ရင်း တိုးတိုးလေး ပြောပြဖြစ်ပါတယ်။
ပါရာဒိသုဘုံအတွက် လောကကြီးကို စတေးတယ်ဆိုတာ အရိပ်ကိုလိုချင်လို့ အကောင်ကို လွှတ်ချလိုက်တာပါပဲ။ ထာဝရရှင်သန်မှုဆိုတာကို ယုံမလားဗျ။ ကျွန်တော် အဲဒီလောက် မမိုက်မဲပါဘူး။
ကျွန်တော်က ဘာမှမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်တောင် အမတ်ကြီး မွန်ဆီယာ ဗလာနတ္ထိ လို့ပဲ ခေါ်တယ်။ ကျွန်တော် မမွေးခင်က တည်ရှိခဲ့သလား...
မရှိခဲ့ဘူး။ ကျွန်တော် သေပြီးရင်ရော ရှိနေဦးမလား... မရှိဘူး။
ကျွန်တော့်ရဲ့ ဖြစ်တည်ခြင်းက ဘာလဲဆို ဇီဝရုပ်တစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ ဖုန်မှုန့်လေးတစ်ခုလို့ ဖြေရမယ်။ ဒီကမ္ဘာမြေပေါ်မှာ ကျွန်တော် ဘာလုပ်ရမလဲ။ ဆင်းရဲဒုက္ခခံမလား၊ ဒါမှမဟုတ် ပျော်ပျော်ရွှင်ရွှင် နေမလားလို့ ကျွန်တော့်မှာ ရွေးချယ်စရာ ရှိတယ်။
ဆင်းရဲဒုက္ခက ကျွန်တော့်ကို ဘယ်ပို့ပေးမလဲ... မရှိခြင်းတရားဆီကိုပဲ၊ ဒါပေမဲ့ ကျွန်တော် ဆင်းရဲဒုက္ခတော့ ခံခဲ့ရလိမ့်မယ်။ ပျော်ရွှင်မှုက ကျွန်တော့်ကို ဘယ်ပို့ပေးမလဲ...
မရှိခြင်းတရားဆီကိုပဲ၊ ဒါပေမဲ့ ကျွန်တော် ပျော်ရွှင်ခဲ့ရလိမ့်မယ်။ ကျွန်တော် ရွေးချယ်ပြီးပါပြီ။ မလွှဲမရှောင်သာ စားရမလား ဒါမှမဟုတ် အစားခံရမလားဆိုရင် ကျွန်တော်ကတော့ စားမဲ့ဘက်ကပဲနေမယ်။
မြက်ပင်ဖြစ်ရတာထက် သွားဖြစ်ရတာက ပိုကောင်းတယ်။ အဲဒါ ကျွန်တော့်ရဲ့ ဉာဏ်ပညာပဲ။ အဲဒီနောက်ပိုင်း ဘယ်လောက်ပဲ ဆက်ရှင်သန်နိုင်ပါစေ၊ သုဘရာဇာက အသင့်ရှိနေတယ်။
တချို့အတွက် ဂူဗိမာန်ကောင်းကြီးနဲ့ ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမဲ့ အားလုံးဟာ မြေကြီးထဲက တွင်းကျယ်ကြီးထဲမှာပဲ အဆုံးသတ်ကြရမှာပဲ။ ဇာတ်သိမ်းပြီ။ ပြီးပြီ။
အပြီးတိုင် ပျောက်ကွယ်သွားခြင်းပဲ။ ဒါက ပျောက်ကွယ်သွားတဲ့ အမှတ်ပါပဲ။ သေခြင်းတရားဆိုတာ အပြီးအပြတ်ပါပဲ၊ ကျွန်တော့်ကို ယုံစမ်းပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကို ဆရာလုပ်တဲ့လူရှိရင် ကျွန်တော်က ရယ်မိတယ်။ ဒါတွေဟာ ကလေးတွေကို ဒေဝေါကြီးနဲ့ခြောက်သလို၊ လူကြီးတွေကို ယေဟောဝါစကားနဲ့ ခြောက်တဲ့ ယုံတမ်းစကားတွေပါပဲ။ ဟုတ်တယ်...
ကျွန်တော်တို့ရဲ့ အနာဂတ်က အမှောင်ထုပဲ။ သင်္ချိုင်းဂူရဲ့အလွန်မှာ တန်းတူညီမျှခြင်းတရားတွေကလွဲလို့ ဘာမှမရှိဘူး။ အဆီးရီးယားဘုရင် ဆာဒါနာပလပ်စ်ပဲဖြစ်ဖြစ်၊ ဗင်းဆင့် ဒီပေါလ် (လာဇရစ်ဂိုဏ်း တည်ထောင်သူ ဘုန်းကြီး ၁၅၈၁-၁၆၆၀) ပဲဖြစ်ဖြစ် သေပြီးရင် ဖြစ်လာမဲ့ အရာတွေကတော့ ဘာမှမကွာပါဘူး။
ဒါဟာ အမှန်တရားပဲ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါ။ ကိုယ်ပိုင်ဆိုင်နေတုန်း ကိုယ့် ကိုယ်ပိုင်စွမ်းရည်ကို အသုံးချပါ။
ဆရာတော် ဘုရား... ကျွန်တော် အမှန်အတိုင်း ပြောပါရစေ။ ကျွန်တော့်မှာ ကိုယ်ပိုင် ဒဿနရှိသလို၊ ကိုယ်ပိုင် ဒဿနပညာရှင်တွေလဲ ရှိပါတယ်။
လှည့်စားမှုတွေရဲ့ ထောင်ချောက်ထဲကို ကျွန်တော် အဝင်မခံပါဘူး။ ဟုတ်တာပေါ့၊ လူ့အသိုင်းအဝိုင်းရဲ့ အောက်ခြေကလူတွေ၊ ခြေဗလာနဲ့ လေလွင့်နေသူတွေ၊ ငတ်တစ်ဝက် ပြတ်တစ်ဝက်နဲ့ အသက်ဆက်နေရသူတွေ၊ ဆင်းရဲနွမ်းပါးသူတွေအတွက် တစ်ခုခုတော့ ရှိရမှာပေါ့။ သူတို့ကို အသက်ဆက်ဖို့ ဒဏ္ဍာရီ၊ စိတ်ကူးယဉ်ပုံပြင်၊ စိတ်ဝိညာဉ်၊ ထာဝရရှင်သန်မှု၊ ပါရာဒိသုဘုံ၊ ကြယ်တွေအကြောင်း ပြောပြထားကြတယ်။
သူတို့ကလဲ အဲဒါတွေကိုပဲ ဝါးမြိုကြတယ်။ သူတို့ရဲ့ ခြောက်သွေ့နေတဲ့ ပေါင်မုန့်ကြမ်းတွေပေါ်မှာ အဲဒီမျှော်လင့်ချက်တွေကို တင်စားကြတယ်။ ဘာမှမရှိတဲ့သူတိုင်းအတွက် ဘုရားသခင် ရှိတယ်။
အဲဒါက သူတို့ရထိုက်တဲ့ အနည်းဆုံးသော အရာပဲ။ အဲဒီအတွက် ကျွန်တော် ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ မွန်ဆီယာ နေယွန်ကိုပဲ ပိုပြီး ဆည်းကပ်ပါတယ်။
ဘုရားသခင်ကတော့ သာမန်လူတွေအတွက် လုံလောက်ပါတယ်လေ"
ဆရာတော်က လက်ခုပ်တီးလိုက်သည်။
ထို့နောက် "ကောင်းလိုက်တဲ့ စကားပါလား" ဟု အံ့အားသင့်စွာ ဆိုလိုက်ကာ "ဒီလို ရုပ်ဝါဒမျိုးက သိပ်ကို ပြောင်မြောက်ပြီး တကယ်ကို အံ့ဩစရာကောင်းတဲ့အရာပါလား။ အဲဒါကိုနားလည်ဖို့ဆိုတာ အပေါ်ယံသက်သက်နဲ့တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ခင်ဗျား အဲဒါကို နားလည်သွားပြီဆိုရင်တော့...
အင်း... ခင်ဗျား အရူး မလုပ်ခံရတော့ဘူးပေါ့။ ကေတို (၉၅-၄၆ ဘီစီ) လို ပြည်နှင်ဒဏ်ခံရတာမျိုး၊ ရှင်စတီဖင် (အေဒီ ၃၄) လို ခဲနဲ့ပေါက်သတ်ခံရတာမျိုး၊ ဂျုံးအော့အာ့ခ် (၁၄၁၂-၃၁) လို အရှင်လတ်လတ် မီးရှို့ခံရတာမျိုး ခင်ဗျား ကိုယ့်ကိုယ်ကိုယ် မိုက်မိုက်မဲမဲ အဖြစ်မခံတော့ဘူးပေါ့။
ဒီလို ချီးကျူးစရာကောင်းတဲ့ ရုပ်ဝါဒကို အသုံးချနိုင်သူတွေကတော့ တာဝန်ယူစရာ မလိုဘူးဆိုတဲ့ ခံစားချက်နဲ့ ရာထူးတွေ၊ အလုပ်မလုပ်ဘဲ လစာရတဲ့ နေရာတွေ၊ ဂုဏ်ထူးဆောင်ဘွဲ့တွေ၊ ရိုးရိုးသားသားပဲဖြစ်ဖြစ် မရိုးမသားပဲဖြစ်ဖြစ် ရလာတဲ့ အာဏာတွေ၊ တွက်ခြေကိုက်တဲ့ ရှေ့နောက်မညီ စကားပြောဆိုမှုတွေ၊ အကျိုးအမြတ်ရှိတဲ့ သစ္စာဖောက်မှုတွေ၊ လိပ်ပြာသန့်စင်မှုနဲ့ ချိုမြိန်စွာ အပေးအယူလုပ်မှုတွေ...
အဲဒီအရာအားလုံးကို ဘာပူပင်သောကမှ မရှိဘဲ ဝါးမြိုပစ်နိုင်တယ်လို့ တွေးထင်ရတဲ့ ပျော်ရွှင်မှုကို ရရှိကြတယ်။ ပြီးတော့ သူတို့ဟာ အဲဒါတွေ အားလုံးကို ကြေညက်အောင်စားသုံးပြီး သင်္ချိုင်းဂူထဲ ဝင်သွားကြလိမ့်မယ်။ သိပ်ကျေနပ်စရာကောင်းတာပဲ။
ကျုပ်က ခင်ဗျားကို ရည်ရွယ်ပြီး ပြောနေတာမဟုတ်ပါဘူး၊ မွန်ဆီယာ အမတ်မင်းကြီး။ ဘာပဲဖြစ်ဖြစ် ကျုပ်က ခင်ဗျားကို ချီးကျူးရုံ သက်သက်ပါ။ ခင်ဗျားပြောသလိုပဲ ခင်ဗျားတို့လို လူကြီးလူကောင်းတွေမှာ ခင်ဗျားတို့အတွက် သီးသန့်ဖြစ်တဲ့ ကိုယ်ပိုင် ဒဿနတစ်ခု ရှိနေတာပေါ့။
ချမ်းသာတဲ့သူတွေသာ လက်လှမ်းမီနိုင်တဲ့ ပြောင်မြောက်ပြီး သိမ်မွေ့တဲ့ ဒဿနတစ်ခု၊ နည်းမျိုးစုံနဲ့ တည်ခင်းပြီး ဘဝရဲ့ ပျော်ရွှင်မှုတွေကို အံ့ဖွယ်ကောင်းလောက်အောင် အရသာပိုတိုးစေတဲ့ ဒဿနပေါ့။ ဒီဒဿနကို ဖုံးကွယ်နေတဲ့ နက်ရှိုင်းမှုတွေထဲကနေ ရှာဖွေသူတွေက ကျွမ်းကျွမ်းကျင်ကျင် ထုတ်ယူပြီး တူးဖော်ထားတာပေါ့လေ။
ဒါပေမဲ့ ခင်ဗျားတို့က ကြင်နာတတ်တဲ့ မင်းသားလေးတွေဆိုတော့ သစ်အယ်သီး သွတ်ထားတဲ့ ဘဲငန်းသားဟာ ဆင်းရဲသားတွေအတွက်တော့ ထရက်ဖဲလ်မှို သွတ်ထားတဲ့ ကြက်ဆင်သားဖြစ်နေသလိုမျိုးပဲ၊ ဘုရားသခင်ကို ယုံကြည်ခြင်းဟာ ပြည်သူတွေရဲ့ ဒဿနဖြစ်သင့်တယ်ဆိုတာကိုတော့ ခင်ဗျားတို့က သဘောထားကြီးကြီးနဲ့ လက်ခံပေးကြတာပေါ့လေ" ဟု ပြောလိုက်ပါတော့သည်။
Review By Thet Paing Writes
