မီလန်ကွန်ဒဲရာက လူ့ဘဝ၊ လူ့လောကဆိုင်ရာ အတွေးအခေါ်ထက်မြက်လွန်ကျွံသူတစ်ဦးဟု ဆိုရ မည်။ သူ့ဝတ္တုများတွင် ထူးဆန်းသည့် အတွေးအခေါ်၊ ရှုပ်ထွေးသော ဘဝဖြစ်တည်မှုဆိုင်ရာ အကြောင်း အရာများ၊ နားလည်မှုလွဲသောစကားလုံးများ၊ မတော်မတည့်ဖြစ်မှု၊ လိင်မှုကိစ္စ၊ အမှတ်အသားသရုပ်၊ လွတ်မြောက်ရေး၊ ဘဝအဓိပ္ပာယ်စူးစမ်းပုံတို့ကို တွေ့ရသည်။
ထူးခြားသည့် သူ့ရေးဟန်ကတော့ ဝတ္ထု၊ အက်ဆေး၊ ကိုယ်ရေးအတ္ထုပ္ပတ္တိတို့ကို ရောနှောပါင်းစပ်ထားသည့်ပုံစံ ဖြစ်သည်။ အရေးအဖွဲ့က အသုံး အနှုန်းကြွယ်ဝ၍ ကဗျာဓာတ်ရှိသည်။ သူက ဝတ္ထုဆိုသည်မှာ အမှတ်လက္ခဏာများဖြင့် ဖွဲ့ စည်းထားသည့် အနက်မပြတ်သားသော၊ အဓိပ္ပာယ် အမျိုးမျိုးဖြစ်နိုင်သော အရေးအသားပေါင်းစုတစ်ခုဟု ယူဆသည်။
မူလက ချက်ဘာသာစကား၊ နောက်ပိုင်းတွင် ပြင်သစ်ဘာသာဖြင့် ရေးသားသည်။ ထို့ ကြောင့် စာပေ အပေါ် ဘာသာစကား၏ လွှမ်းမိုးသက်ရောက်မှုကို သူ၏အရေးအသားများတွင် လေ့လာနိုင်သည်။ သူ၏ဘာ သာစကား ကူးပြောင်းရေးဖွဲ့မှုသည် ကမ္ဘာ့စာပေ အပြောင်းအလဲရေစီးကြောင်း၊ ဘာသာ ပြန်လေ့လာ မှု၊ ဘာသာ စကား နိုင်ငံရေးတို့နှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးစရာ ဖြစ်သည်။
ကွန်ဒဲရာ၏ဝတ္ထုများတွင် ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေက အဓိကမဟုတ်။ သူတို့၏ အတွေးအခေါ်နှင့် စိတ်ကူးစိတ်သန်းတွေက အဓိကဖြစ်သည်။ သူ့ဇာတ်ကောင်တွေက စာဖတ်သူတို့ ယုံ ကြည်လက်ခံလာစေဖို့ထက် လက်ရှိခေတ်ပြိုင်ကမ္ဘာကြီးနှင့်ပတ်သက်၍ သူ၏လောကအမြင်ကို ဖော် ထုတ်တင်ပြဖို့ အသုံးပြုခံများသာ ဖြစ်သည်။ သူ့ဇာတ်ကောင်များကို ပြင်ပအသွင်သဏ္ဌာန်ထက် သူတို့၏ ထူးဆန်းသော အတွေးအခေါ်များဖြင့် တည်ဆောက်သည်။ ထို့ကြောင့် များသောအားဖြင့် သူ၏ဇာတ် ကောင်တွေက ပြင်ပက လူအများနှင့် မတူသော ဘဝအမြင်ရှိကြသည်။
'စာရေးဆရာတစ်ယောက်သည် ကမ္ဘာလောကတစ်ခု ဖြစ်သည်’ ဟူသော သူ၏အယူအဆအတိုင်းပင် တကယ့်အရှိတရားနှင့် သူ၏စိတ် ကူးတို့ကို ပေါင်းစပ်တည်ဆောက်ထားသည့် သူ၏အရေးအသားများထဲသို့ ဝင်ရောက်ရသည်မှာ သူ၏ ကိုယ်ပိုင်လောကအမြင်၊ စိတ်ကူးတို့ဖြင့် တည်ဆောက်ထားသော သီးသန့်ကမ္ဘာထဲသို့ ဝင်ရောက်ရသလို ဖြစ်သည်။ ကွန်ဒဲရာသည် မဖြစ်နိုင်သော၊ ဖြစ်ဖို့ခဲယဉ်းသော ဇာတ်လမ်းတို့ကို မဖြစ်နိုင်ဆုံးနည်း လမ်း ဖြင့် တင်ပြသူဟု ဆိုကြသည်။
သူ၏ရေးဟန်က အလုံးစုံသိရှုထောင့်မှဖြစ်ပြီး ဝတ္ထုဇာတ်ကြောင်းတွင် စာ ရေးဆရာက မကြာခဏဝင်၍ ရှင်းလင်းပြောပြသည်၊ မှတ်ချက်ချသည်ကို တွေ့ရသည်။ အမျိုးသမီးတွေ ကို သရုပ်ဖော်ရေးဖွဲ့မှုနှင့်ပတ်သက်၍တော့ မီလန်ကွန်ဒဲရာကို ဝေဖန်မှုများရှိသည်။ မိန်းမတွေကို မုန်းနေ သူဟု မဆိုစေနိုင်စေကာမူ ယောကျ်ားရှုတောင့်မှသာ ကြည့်ရှုသူတဲ့။
အမျိုးသမီးဇာတ်ကောင်တွေကို သူ ရေးဖွဲ့ပုံက ညှာတာမှုကင်းသည်။
#ထွန်းသိန်းဦး
#မီလန်ကွန်ဒဲရာ၏ဝတ္ထုတိုနှစ်ပုဒ်
#whisperofwords
epub,kfx for Myanmar ebooks reader
Review By Whisper Of Words

💬 Comment / Review
Comment များကို ရယူနေပါသည်…