ဒါရိုက်တာ Stephen Daldry ရိုက်ကူးပြီး Kate Winslet သရုပ်ဆောင်ထားတဲ့ "The Reader" ရုပ်ရှင်ကို ကြည့်ဖူးသူတွေ တော်တော်များမှာပါ။ ဒါပေမဲ့ Bernhard Schlink ရဲ့ မူရင်းဝတ္ထုကတော့ ရုပ်ရှင်ကြည့်ပြီးသားသူတွေတောင် ပြန်ဖတ်ကြည့်သင့်တဲ့ အမျိုးအစားပါ။ ဘာလို့လဲဆိုတော့ စာအုပ်ထဲမှာက ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်တွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ထိထိမိမိ ဖော်ပြထားလို့ပါ။
Bernhard Schlink ရဲ့ နာမည်ကျော် "The Reader" ဝတ္ထုကို ဆရာသူရိန်ဝင်းက "စာဖတ်သူ" ဆိုတဲ့ နာမည်နဲ့ မြန်မာဘာသာပြန်ထားပါတယ်။ တကယ့်ကို ကမ္ဘာကျော်တဲ့ လက်ရာမို့ ဘာသာစကား ၅၀ ကျော်တောင် ပြန်ဆိုထားရတာပါ။ အရင်က "ဟန်နာ့ကမ္ဘာ" လို့ သိကြပေမယ့် ၂၀၂၄ မှာတော့ မူရင်းဂျာမန်အမည် "Der Vorleser" (စာအသံထွက်ဖတ်သူ) ကို အစွဲပြုပြီး "စာဖတ်သူ" လို့ အမည်ပြောင်းပြီး ပြန်ပြင်ထုတ်ထားတာ ဖြစ်ပါတယ်။
Los Angeles Times ကတော့ "ပထမစာမျက်နှာကစလို့ ဦးနှောက်ရော နှလုံးသားကိုပါ ထောင်ချောက်ဆင် ရစ်ငင်သွားတာ" လို့ ညွှန်းထားတယ်။ တကယ်လည်း ဖတ်ကြည့်ရင် ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းမျိုးပါ။ အသက် ၁၅ နှစ်အရွယ် မိုက်ကယ်ဘာ့ဂ်နဲ့ သူ့ထက် အသက်နှစ်ဆကြီးတဲ့ ဟန်နာတို့ရဲ့ မမျှော်လင့်ဘဲ ဆုံခဲ့ကြတာကနေ ဇာတ်လမ်းက စတာပါ။ သူတို့ကြားမှာ ထူးခြားတာက ဟန်နာဟာ မိုက်ကယ်ကို အမြဲတမ်း စာအုပ်တွေ အသံထွက်ဖတ်ခိုင်းတတ်တာပဲ။ ဒါပေမဲ့ ကြည်နူးစရာအချိန်တွေက ကြာကြာမခံဘဲ ဟန်နာက ဘာကြောင့်မှန်းမသိ ရုတ်တရက်ကြီး ပျောက်ကွယ်သွားခဲ့တယ်။ အချိန်တွေအတော်ကြာပြီး မိုက်ကယ် ဥပဒေကျောင်းသားဘဝ ရောက်မှပဲ ဟန်နာ့ကို တရားခွင်တစ်ခုမှာ တရားခံအဖြစ်နဲ့ မထင်မှတ်ဘဲ ပြန်တွေ့ရတာပါ။
ဟန်နာဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဆိုးရွားတဲ့ ရာဇဝတ်မှုတစ်ခုမှာ ပါဝင်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာပေါ့။ အံ့ဩစရာကောင်းတာက ဟန်နာဟာ သူ့ကိုယ်သူ ခုခံဖို့ ငြင်းဆိုနေတာပါပဲ။ သူ့အတွက် လူသတ်သမားလို့ အထင်ခံရတာထက် ပိုရှက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို ကာကွယ်ဖို့အတွက် သူ့ရဲ့ လွတ်လပ်ခွင့်ကိုတောင် စတေးခဲ့ပုံရတယ်။ မိုက်ကယ်ကတော့ တရားခွင်ကို ကြည့်ရင်း ဟန်နာ ဘာကြောင့် ဒီလို အရှုံးပေးလိုက်ရတာလဲဆိုတာ တဖြည်းဖြည်း ရိပ်မိလာခဲ့တယ်။
ဟန်နာ့စိတ်ထဲ ဝင်ကြည့်မယ်ဆိုရင် သူဟာ အပြင်ပန်းမှာ မာကျောတယ်လို့ ထင်ရပေမယ့် တကယ်တော့ တစ်လောကလုံးကို အသိမခံနိုင်တဲ့ အားနည်းချက်တစ်ခု ရှိနေတာပါ။ မိုက်ကယ် စာဖတ်ပြတာကို နားထောင်ရတဲ့ အချိန်တွေဟာ သူ့ဘဝမှာ အေးချမ်းဆုံးအချိန်တွေ ဖြစ်ခဲ့မှာပါ။ ဒီစာအုပ်ဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ အရှက်တရားက ဘဝရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဘယ်လောက်အထိ သြဇာညောင်းသလဲ၊ တရားမျှတမှုဆိုတာ ဘာလဲ၊ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ကျင့်တရားကြားမှာ ဘယ်လို ရွေးချယ်ရမလဲ ဆိုတဲ့ မေးခွန်းတွေကို အထပ်ထပ် ထုတ်မိစေပါတယ်။
နောက်ဆုံးမှာ ဟန်နာဟာ သူ့ရဲ့ လျှို့ဝှက်ချက်ကို ဘယ်လိုရင်ဆိုင်သွားမလဲ၊ မိုက်ကယ်ကရော ဟန်နာ့အပေါ် ဘယ်လို သဘောထားမလဲဆိုတာကို စာဖတ်သူကိုယ်တိုင်ပဲ ခံစားဆုံးဖြတ်ရမှာပါ။ ဥပဒေကြောင်းအရရော၊ လူမှုကျင့်ဝတ်အရပါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်စရာတွေ အများကြီးပေးမယ့် စာအုပ်ကောင်းတစ်အုပ်မို့ အချိန်ပေးပြီး သေချာဖတ်ကြည့်ဖို့ ညွှန်းချင်ပါတယ်။
epub,kfx for Myanmar ebooks reader
Review By Whisper Of Words

💬 Comment / Review
Comment များကို ရယူနေပါသည်…