ငါတို့ အချင်းချင်း စာမရေးဖြစ်ကြတာ အတော်ကြာပြီနော်။ အဲဒါက ငါတို့ နှစ်ယောက်စလုံးရဲ့ အမှားလို့ ငါထင်တယ်။ ငါ နင့်ကို ပြန်ပြီး ခင်ချင်ပါတယ်။ ငါတို့ အမှားတွေကို ဝန်ခံပြီး ရှေ့ဆက်ကြရအောင်‌နော်။ ငါက နင့်ထက် အသက်ပိုကြီးတော့ ဒီတိတ်ဆိတ်မှုကို ဖြိုခွင်းပြီး အရင်ဆုံး စာရေးလိုက်တာပါ။ နင် အမြန်ဆုံး စာပြန်လိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။

ကဲ... ငါ့အကြောင်း ပြောရရင်တော့၊ ငါ ပြီးခဲ့တဲ့လက ရွာက အိမ်ကို ပြန်ရောက်နေတယ်ဟ။

ငါ နေကောင်းရဲ့လားဆိုတော့၊ အင်း...ငါတို့လို လူလတ်တန်းစား အမျိုးသမီးတွေက ကိုယ်ဘယ်လိုနေတယ် ဆိုတာကို သိပ်ပြီး ထုတ်မပြောတတ်ကြဘူးလေ။ တစ်ယောက်ယောက် သေသွားတာပဲ ဖြစ်ဖြစ်၊ အသက်ရှင်နေသေးတာပဲဖြစ်ဖြစ် နေကောင်းတယ်ပဲ ပြောကြတာပဲ။ ဒါကြောင့် ငါလည်း နေကောင်းပါတယ်လို့ ပြောရမှာပေါ့။ ငါ့အကြောင်းကတော့ ဒီလောက်ပါပဲ... တကယ်တော့ အရမ်း ပျင်းစရာကောင်းတယ်လို့ နင် ပြောလိမ့်မယ်။ ဒါပေမဲ့ ငါ့မှာ ပြောစရာ အကြောင်းအရာလဲ သိပ်မှမရှိတာ။

တကယ်တော့ နင့်ကို ငါ ကိစ္စတစ်ခု ပြောပြချင်တယ်ဟ ... ပြောရမလား မပြောရဘူးလား ဆိုတာကို စဉ်းစားနေခဲ့မိတယ်။ ပြောလိုက်ရင် နင် စိတ်မကောင်းဖြစ်ရမယ်၊ မပြောဘဲနေရင်လဲ ငါ့စိတ်ထဲ မကောင်းဘူး။ စုပ်လဲဆူး၊ စားလဲရူးပါပဲအေ။

အင်း... အဲဒါ ဒေဗ်ဒါ့စ်ရဲ့ အကြောင်းပေါ့။ သူ့အကြောင်းကြားရင် နင် စိတ်ဆင်းရဲရမယ် ဆိုတာကို ငါသိပါတယ်။ ဒါပေမဲ့ နင့်ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို တွေးကြည့်ပြီး ငါလဲ တော်တော်လေး စိတ်မကောင်း ဖြစ်ရပါတယ်ဟာ။

နင် ကံကောင်းလို့ သူနဲ့မညားတာလို့ပဲ ငါပြောချင်တယ်။ နင့်မှာရှိတဲ့ မာနမျိုးနဲ့သာ နင် သူ့လက်ထဲ ရောက်သွားခဲ့မယ်ဆိုရင် အခုချိန်လောက်ဆို နင်ကတော့ ကိုယ့်ကိုယ်ကိုယ် အဆိပ်သောက်သေတာ ဒါမှမဟုတ် မြစ်ထဲခုန်ချပြီး သေတာ တစ်ခုခု ဖြစ်နေလောက်ပြီ သိလား။

ကဲပါ... ငါ နင့်ကို ပြောပြရမဲ့ ကိစ္စက လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး။ စောစောပဲဖြစ်ဖြစ်၊ နောက်ကျမှပဲဖြစ်ဖြစ် နင် ကြားရမဲ့ ကိစ္စပါပဲ ... တစ်လောကလုံးလဲ သိနေကြပြီလေ။

သူ ဒီကို ရောက်နေတာ တစ်ပတ်လောက် ရှိပြီ။ သူ့အမေက ဗာရာဏသီကို ပြောင်းသွားပြီး ဒေဗ်ဒါ့စ်ကလဲ ကလ္လကတ္တားမှာ နေနေတယ်ဆိုတာ နင် သိလောက်မယ်လို့ ထင်ပါတယ်။ အခု သူ အိမ်ပြန်လာတာက သူ့အစ်ကိုနဲ့ ရန်ဖြစ်ပြီး ပိုက်ဆံတချို့ လာယူရုံ သက်သက်ပဲတဲ့။ အခုတလော သူ ဒီကို မကြာခဏ လာတတ်တယ်လို့လဲ ကြားတယ်၊ ပိုက်ဆံရတဲ့အထိ နေပြီး ပိုက်ဆံလဲ ရရော ထွက်သွားတော့တာပဲတဲ့။

သူ့အဖေ ဆုံးသွားတာ အခုဆို နှစ်နှစ်ခွဲ ရှိပြီ။ ဒီလောက် တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ သူ့ရဲ့ အမွေတစ်ဝက်လောက်ကို ဖြုန်းတီးပစ်လိုက်ပြီ ဆိုတာ သိရင် နင် အံ့ဩသွားလိမ့်မယ်။ ဒွီဂျိုဒါးစ် က သတိထားတတ်တဲ့ သူဖြစ်လို့ သူ့အဖေရဲ့ ပိုင်ဆိုင်မှုတွေကို အခုထိ ထိန်းသိမ်းထားနိုင်တာလို့ ငါယုံတယ် ... မဟုတ်ရင် အခုချိန်လောက်ဆို ခွေးစားသွားလောက်ပြီ။ ဒေဗ်ဒါ့စ်ကတော့ အရက်နွံနစ်ပြီး ပြည့်တန်ဆာတွေနဲ့ ပေါင်းသင်းနေတယ်တဲ့အေ။ အခု သူ့ကို ဘယ်သူကများ ကယ်တင်နိုင်တော့မှာလဲ။ သေမင်းက သူ့အနားမှာ အရမ်းနီးကပ်နေပြီ။ သူ သိပ်မနေရလောက်‌တော့ပါဘူး။ သူ အိမ်ထောင်မပြုခဲ့တာပဲ ကံကောင်းတယ်လို့ ဆိုရမယ်။

သူ့အတွက် ငါ တကယ် စိတ်မကောင်းပါဘူးဟာ။ သူ့ရဲ့ ရုပ်ရည်၊ အဲဒီ အသားဖြူဖြူလေး၊ မျက်လုံးထဲက တောက်ပတဲ့ အရောင်အဝါလေးတွေ ... အားလုံး အားလုံး ပျောက်ကွယ်သွားပြီဟ။ သူက တခြားလူ တစ်ယောက်လို ဖြစ်နေပြီ။ ဖရိုဖရဲ ဆံပင်တွေက လေထဲ လွင့်နေတယ်၊ မျက်လုံးတွေက ချိုင့်ဝင်နေပြီး၊ ပိန်ချုံးနေတဲ့ ပါးပြင်တွေကြားက သူ့ရဲ့ နှာတံ ငေါငေါကြီးကလဲ ပြူးလို့အေ။ သူ ဘယ်လောက်တောင် အရုပ်ဆိုး အကျည်းတန်သွားလဲဆိုတာ ငါဖြင့် ပြောကိုမပြတတ်တော့ဘူး။

သူ့ကို မြင်ရတာ ငါ့နှလုံးသားထဲမှာ ကြောက်ပြီး ရွံတောင်ရွံမိတယ်အေ။ တစ်နေကုန် သူက သေနတ်တစ်လက်နဲ့ မြစ်ကမ်းနံဘေးမှာ လျှောက်သွားပြီး ငှက်တွေ လိုက်ပစ်နေတတ်တယ်။ နေပူကြီးထဲ ခေါင်းမူးလာရင် ခေါင်းကြီးငုံ့ပြီး ဆီးပင်ကြီးအောက် ငုတ်တုပ် ထိုင်နေတော့တာပဲ။ နေဝင်ရီတရော အချိန်ကျရင်တော့ အိမ်ပြန်ပြီး အရက်သောက်တယ်။ ညဘက်တွေမှာ သူ အိပ်သလား၊ ဒါမှမဟုတ် လမ်းတွေပေါ် လျှောက်သွားနေသလား ဆိုတာ ဘယ်သူသိနိုင်မှာလဲ။

တစ်ညနေမှာ ငါ ရေခပ်ဖို့ မြစ်ဆီ သွားခဲ့တယ်။ သူက သေနတ်ကိုင်ပြီး ကမ်းနံဘေးမှာ လမ်းလျှောက်နေတာ တွေ့လိုက်ရတာ တကယ့် သေမင်းကြီးကြလို့အေ။ သူ ငါ့ကို မှတ်မိပြီး အနားကို တိုးလာတယ်။ ငါဖြင့် အရမ်းကို ကြောက်လန့်သွားတာပဲ။ အနီးအနားမှာ လူသူတစ်ယောက်မှ မရှိတာကိုး၊ ငါ တကယ့်ကို ကြောက်လန့်တကြား ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ဘုရားမ,လို့ သူ အနေအထိုင် ဆင်ခြင်ခဲ့ပါတယ်။

အန္တရာယ်မပေးတတ်တဲ့ ကောင်လေးတစ်ယောက်လိုပဲ သူက ငါ့ကို "မာနို-ဒီဒီး... နေကောင်းတယ်‌နော်" လို့ မေးလိုက်တယ်။

ငါလဲ ဘာလုပ်နိုင်မှာလဲ။ ထိတ်ထိတ်လန့်လန့်နဲ့ပဲ ခေါင်းညိတ်ပြလိုက်တယ်။

သူက သက်ပြင်းတစ်ချက်ချပြီး "ပျော်ပျော်ရွှင်ရွှင် နေပါ ဒီဒီးရယ်။ ဒီဒီးတို့ကို ပြန်မြင်ရတာ ရင်ထဲမှာ ကြည်နူးရပါတယ်" လို့ ပြောတယ်။ ငါလဲ ရေအိုးကို ကောက်မပြီး နောက်ကနေ မကောင်းဆိုးဝါး လိုက်လာသလို တချိုးတည်း ပြေးလာတော့တာပဲ။ အို... ဘုရားသခင်၊ သူ ငါ့လက်ကို ဆွဲလားရမ်းလား မလုပ်လို့ တော်သေးတာပေါ့ဟယ်။ သူ့အကြောင်းတော့ ဒီလောက်ပါပဲ။ ဒီလို ပျက်စီးနေတဲ့ လူတွေအကြောင်း ပြောနေလို့လဲ ငါတို့အတွက် ဘာမှ အကျိုးမရှိပါဘူး။

ပါရို ... ငါ နင့်ကို အရမ်း နာကျင်စေခဲ့မိလားဟင်။ နင် သူ့ကို အခုထိ မမေ့သေးဘူးဆိုရင်တော့ နာကျင်ရမှာပဲ။ ဒါပေမဲ့လဲ မတတ်နိုင်ဘူးလေ။ ပြီးတော့... ငါ့ဘက်က နင့်ရဲ့ နှလုံးသားကို ထိခိုက်စေခဲ့မိရင်၊ နင့်ရဲ့ မာနို-ဒီဒီး ကို နင့်ရဲ့ ရက်ရောတဲ့ နှလုံးသားနဲ့ ခွင့်လွှတ်ပေးပါဟာ။

ထိုစာသည် မနေ့ကတည်းက ရောက်ရှိလာခြင်း ဖြစ်လေသည်။

(Sreejata Guha က ဘန်ဂေါလီဘာသာမှ အင်္ဂလိပ်သာသာသို့ ပြန်ဆိုပါသည်။)