ဆာရတ်ချန္ဒရာ ချတ္တိုပတ်ဒေးကို ၁၈၇၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အနောက် ဘန်ဂေါနယ်ရှိ ဒေဗာနန္ဒပူရ်ရွာ၌ ဖွားမြင်ခဲ့သည်။ သူ၏ ကလေးဘဝနှင့် လူငယ်ဘဝကို ဆင်းရဲမွဲတေစွာ ဖြတ်သန်းခဲ့ရပြီး တရားဝင် ပညာသင်ကြားခွင့်လည်း အလွန်နည်းပါးခဲ့သည်။ သို့သော် သူသည် ဆယ်ကျော်သက်အရွယ်ကပင် စာစတင်ရေးသားခဲ့ပြီး မကြာမီမှာပင် သမိုင်းတစ်လျှောက် လူကြိုက်အများဆုံး ဘန်ဂေါလီ ဝတ္ထုရှည်စာရေးဆရာများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။

ဆာရတ်ချန္ဒရာ အရွယ်ရောက်လာချိန်သည် အမျိုးသားရေးလှုပ်ရှားမှုများ အရှိန်အဟုန်မြင့်လာသည်နှင့်အတူ လူမှုရေးအသိအမြင်များ နိုးကြားလာသော ကာလဖြစ်ခဲ့သည်။ သူ၏ စာပေလက်ရာအများစုတွင် ထိုသို့သော အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာသည့် လူမှုအသိုက်အဝန်းအတွင်းရှိ လှုပ်ခတ်မှု အငွေ့အသက်များ ပါဝင်နေသည်။ သူ၏ လက်ရာများမှတစ်ဆင့် ဝတ္ထုရှည်များသည် လူမှုရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအတွက် စွမ်းအားကြီးမားသော လက်နက်တစ်ခု ဖြစ်လာခဲ့သည်။ ခံစားမှုရသပါဝင်ပြီး ရဲရင့်သော သူ၏ဝတ္ထုများသည် ဘန်ဂေါဒေသတွင်သာမက အိန္ဒိယတစ်နိုင်ငံလုံးရှိ ထောင်ပေါင်းများစွာသော စာဖတ်ပရိသတ်များ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်ခဲ့သည်။

အိန္ဒိယတွင် အလုပ်အကိုင် အဆင်မပြေသဖြင့် ၁၉၀၃ ခုနှစ် အသက် ၂၇ နှစ်အရွယ်တွင် ရန်ကုန်မြို့သို့ အလုပ်ရှာရန် ရောက်ရှိလာခဲ့သည်။ ဆာရတ်ချန္ဒရာ၏ လူငယ်ဘဝ အရေးပါသောကာလများကို မြန်မာနိုင်ငံ (အထူးသဖြင့် ရန်ကုန်မြို့) တွင် ဖြတ်သန်းခဲ့ပြီး သူ၏ စာပေဖန်တီးမှုများအပေါ် များစွာလွှမ်းမိုးမှု ရှိခဲ့သည်။ ဆာရတ် ချန္ဒရာ ချတ္တိုပတ်ဒေးသည် မြန်မာနိုင်ငံတွင် ၁၃ နှစ်ကြာ နေထိုင်ခဲ့သည်။

သူသည် အစပိုင်းတွင် ရန်ကုန်နှင့် ပဲခူးမြို့တို့တွင် အထွေထွေ ကျပန်းအလုပ်များကို လုပ်ကိုင်ခဲ့သည်။ နောက်ဆုံးတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ပြည်သူ့ဆောက်လုပ်ရေး စာရင်းကိုင်ရုံးတွင် အလုပ်ရရှိခဲ့သည်။ ရန်ကုန်တွင် ကာယလုပ်သားများ၊ စက်ပြင်ဆရာများ၊ လက်မှု ပညာရှင်များ၊ ပန်းရံသမားများ နေထိုင်ရာ ဗိုလ်တထောင်၊ ပုစွန်တောင် ရက်ကွက်တို့တွင် သူ အနေများခဲ့သည်။

သူသည် ထိုလုပ်သားတို့နှင့် ရင်းနှီးပွင့်လင်းစွာ ရောနှောနေထိုင်ခဲ့ပြီး ထိုလုပ်သားများအတွက် အလုပ်လျှောက်လွှာများ ရေးသားပေးခြင်း၊ ပြဿနာများ ဖြေရှင်းပေးခြင်း၊ အိမ်တွင်းဆေးနည်းဖြင့် အခမဲ့ ဆေးကုသပေးခြင်းတို့အပြင် ငွေကြေး အကူအညီတို့ကိုလည်း ပေးခဲ့သေးသည်။ ထို့ကြောင့် အလုပ်ကြမ်းသမားတို့က သူ့ကို အလွန် လေးစားကြည်ညိုခဲ့ကြသည်။

ရန်ကုန်တွင် နေထိုင်စဉ်အတွင်း ဆာရတ် ချန္ဒရာသည် စာပေများကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုခဲ့သည်။ ဘားနဒ် အခမဲ့စာကြည့်တိုက်မှ လူမှုဗေဒ၊ နိုင်ငံရေး၊ ဒဿနိကဗေဒ၊ ဇီဝကမ္မဗေဒ၊ စိတ်ပညာ၊ သမိုင်း၊ ဘာသာရေးကျမ်းစာများနှင့် အခြားဘာသာရပ်ဆိုင်ရာ စာအုပ်စာပေမျိုးစုံကို ငှားရမ်းဖတ်ရှုခဲ့သည်။

နှလုံးရောဂါလက္ခဏာများ ပြသလာသောကြောင့် သူ၏ ပြင်းပြင်းထန်ထန် စာဖတ်သည့် အလေ့အထ အတန်ငယ် လျော့ကျသွားခဲ့သည်။ ထို့ပြင် သူသည် ပန်းချီကိုလည်း စတင်ရေးဆွဲခဲ့သေးသည်။ ရန်ကုန်တွင် နေထိုင်စဉ်အတွင်း ၎င်း၏ ပထမဇနီးဖြစ်သူ 'ရှန်တီဒေဗီ' နှင့် အိမ်ထောင်ကျခဲ့ပြီး သားတစ်ယောက် ရရှိခဲ့သည်။

သို့သော် ထိုခေတ်က ရန်ကုန်တွင် ကပ်ရောဂါအဖြစ် ကျရောက်ခဲ့သော ပလိပ်ရောဂါကြောင့် ၎င်း၏ ဇနီးနှင့် သားဖြစ်သူတို့ ကွယ်လွန်သွားခဲ့ရရာ သူ့အတွက် ကြီးမားသော စိတ်ဒဏ်ရာတစ်ခု ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် ‘ဟီရွန်မိုရီး’ အမည်ရှိ အမျိုးသမီးနှင့် ဒုတိယအကြိမ် အိမ်ထောင်ပြုခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် လင်းစဒေါင်းရှိ သူနေထိုင်သော သစ်သားအိမ်လေး မီးလောင်ကျွမ်းခဲ့သည်။

ထိုမီးလောင်မှုတွင် သူ၏ ပန်းချီကားများနှင့် 'ချိုရီသရိုဟင်' ဝတ္ထုလက်ရေးစာမူ အပါအဝင် သူ၏ ပိုင်ဆိုင်မှုများအားလုံး ဆုံးရှုံးခဲ့ရပြီး နောက်မှ ထိုဝတ္ထုကို ပြန်လည်ရေးသားခဲ့ရသည်။

၁၉၁၆ ခုနှစ်တွင် ကျန်းမာရေးချိုတဲ့မှုကြောင့် အလုပ်မှနုတ်ထွက်ခဲ့ပြီး ကာလကတ္တားသို့ ပြောင်းရွှေ့သွားခဲ့သည်။

ဆာရတ်ချန္ဒရာ ချတ္တိုပတ်ဒေးသည် ၁၉၃၈ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။