မကောင်းမှန်း သိနေပါလျက်နဲ့ ဘာကြောင့် လူတွေဟာ ကိုယ့်ကို နာကျင်စေတဲ့အရာတွေကို လက်မလွှတ်နိုင်ဘဲ ဆက်ဖက်တွယ်ထားနေမိကြတာလဲ။ ဒီမေးခွန်းဟာ ဇာတ်ကောင်တစ်ယောက်ရဲ့ ပြဿနာထက် ပိုပြီး လူသားတွေရဲ့ အားနည်းချက်ကို ထင်ဟပ်စေတဲ့ universal truth တစ်ခုလိုပါပဲ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဘဝမှာ ကိုယ့်ကို နာကျင်စေတဲ့အရာတချို့ကို သိသိလျက်နဲ့ မလွှတ်ချနိုင်ခဲ့ကြဘူးမလား။

"ဘဝအနှောင်" ကို ဖတ်နေတုန်းမှာ ဒီမေးခွန်းကို ခဏခဏ ပြန်တွေးမိတယ်။

စာရေးဆရာ ဆမ္မားဆက်မောမ်က ဒီဝတ္ထုထဲမှာ အဓိကဇာတ်ကောင် ဖီးလစ် ကို အနှောင်အဖွဲ့ကြီးတွေနဲ့ ချည်နှောင်ထားတယ်။ ခြေလက်မသန်စွမ်းမှု၊ စိတ်ဒဏ်ရာ၊ ဘာသာရေး၊ ငွေကြေး ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်း၊ တဏှာ သို့မဟုတ် အချစ်နဲ့ ကိုယ့်အတ္တမာနတို့ကြားမှာ ခက်ခက်ခဲခဲ ရုန်းကန်ရပုံတွေကို ဝတ္ထုထဲ ကျစ်ကျစ်လျစ်လျစ် ပုံဖော်ထားတယ်။

ငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံး ဆုံးပါးသွားပြီး မွေးရာပါ ခြေတစ်ဖက် မသန်စွမ်းမှုကြောင့် အပယ်ခံဖြစ်ခဲ့ရတဲ့ ဖီးလစ်အတွက် ဘာသာတရားဟာ တစ်ခုတည်းသော အားကိုးရာ ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဆုတောင်းအတိုင်း ဖြစ်မလာတဲ့အခါမှာတော့ ခံယူချက်တွေ ယိမ်းယိုင်၊ ယုံကြည်ချက်တွေ ပျက်ပြားလာခဲ့ရတယ်။ အဲ့ဒီအခါ ကျောင်းအုပ်အသစ်စကားအတိုင်း ဘာသာတရားကို အလေးအနက်မထားတော့ဘဲ "လည်ပင်းမှာ ဆွဲထားတဲ့ လက်ဝါးကပ်တိုင်လိုပဲ သဘောထား" လိုက်တော့သလို ဘာသာရေးခေါင်းဆောင် ဦးကြီးဖြစ်သူရဲ့ ရှေ့နောက်မညီမှုကလည်း သူ့ကို ဘာသာရေး အနှောင်အဖွဲ့ကနေ စတင်လွတ်မြောက်စေခဲ့တယ်။

အဲဒီနောက် ဂျာမနီမှာ ရှိုပင်ဟော တို့လို ဆရာသမားတွေရဲ့ ဒဿနတွေနဲ့ ထိတွေ့ခဲ့ရသလို၊ အင်္ဂလန်မှာ စာရင်းကိုင်အလုပ်၊ ပါရီမှာ ပန်းချီသင်တန်း စသဖြင့် လုပ်ကိုင်ရင်း ဘဝအဓိပ္ပာယ်ကို သူ့နည်းသူ့ဟန်နဲ့ ရှာဖွေခဲ့တယ်။ ဒါပေမဲ့ ကိုယ့်အရည်အချင်းရဲ့ ကန့်သတ်ချက်နဲ့ လက်တွေ့ဘဝရဲ့ ခါးသီးမှုကို ရင်ဆိုင်ရတဲ့အခါ အနုပညာကျောင်းက ဆရာပြောတဲ့ "ထမင်းဝဖို့ချည်း ကြည့်နေပြန်ရင်လည်း အောက်တန်းကျသွားလိမ့်မယ်။ငွေဟာ ဆဋ္ဌမအာရုံနဲ့ တူတယ်၊ လုံလောက်တဲ့ဝင်ငွေ မရှိရင် ရည်မှန်းချက် တဝက် တံခါးပိတ်သွားမှာပဲ" ဆိုတာကို သဘောပေါက်လာပြီး မလိုတာကို ပြတ်ပြတ်သားသား စွန့်လွှတ်ရဲခဲ့တယ်။

အသက်မွေးဝမ်းကျောင်းနဲ့ အိပ်မက်တွေကို ပြတ်ပြတ်သားသား လွှတ်ချရဲခဲ့တဲ့ ဖီးလစ်တစ်ယောက် နောက်ဆုံး ဆရာဝန်ဖြစ်ဖို့ ကြိုးစားချိန်မှာတော့ သူ့ဘဝကို လုံးလုံးပြောင်းလဲသွားစေမယ့် လက်ဖက်ရည်ဆိုင်က စားပွဲထိုးမလေး မီးလ်ဒရက် ရော်ဂျာနဲ့ ကံအကြောင်းတိုက်ဆိုင်လို့ တွေ့ဆုံခဲ့ရတယ်။

လက်ဖက်ရည်ဆိုင်က မျက်နှာဖြူဖျော့ဖျော့ စားပွဲထိုးမလေးတစ်ယောက်။ ဖီးလစ်အပေါ် ဘာခံစားချက်မှ မရှိဘူး။ သူမရဲ့ အေးစက်မှု၊ ရိုင်းစိုင်းမှု၊ သူ့ကို အခွင့်ကောင်းယူနေပုံ အားလုံးကို ဖီးလစ် မြင်နေ၊သိနေပေမဲ့ လက်မလွှတ်နိုင်ဘူး။ ငွေကြေးရော အချိန်ရော ကိုယ့်ကိုယ်ကိုယ် လေးစားမှုတွေပါ သူမအပေါ် ပုံအောပစ်ခဲ့တယ်။ ဘုရားသခင်ကိုရော ၊ အနုပညာကိုရော စွန့်လွှတ်နိုင်ခဲ့တဲ့လူဟာ သူ့ကို မချစ်တဲ့ မိန်းမတစ်ယောက်ကိုတော့ စွန့်လွှတ်လို့ မရခဲ့ဘူး။

သို့သော်လည်း အသယ်လ်နီ မိသားစု၊ နိုရာ၊ လောဆန် စတဲ့ မိတ်ဆွေကောင်းတွေရဲ့ မေတ္တာနဲ့ ကူညီဖေးမမှုတွေကြောင့် ပျော်ရွှင်မှုဆိုတာ သမီးရည်းစားဆက်ဆံရေးတစ်ခုတည်းမှာပဲ တည်တာမဟုတ်ဘူးဆိုတာရယ်၊ မီးလ်ဒရက်မရှိလည်းဖြစ်တဲ့ ဘဝရဲ့ နောက်တစ်ခြမ်းကို မြင်လာတဲ့ချိန်မှာတော့ ဒီအနှောင်အဖွဲ့ထဲကနေ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ခဲ့တယ်လို့ ဆိုရမှာပဲ။

လူတစ်ယောက်ရဲ့ လက်ရှိအပြုအမူကိုပဲ ကြည့်ပြီး အလွယ်တကူ ဆုံးဖြတ်ချလိုက်တာက လွယ်လွန်းပါတယ်။ ဒါပေမဲ့ သူ ဘယ်လိုဘဝမျိုးကို ဖြတ်သန်းလာခဲ့ရသလဲဆိုတာ သိလာရတဲ့အခါ ဖီးလစ် ဘာကြောင့် ဒီလိုဖြစ်လာရသလဲဆိုတာကို စာဖတ်သူတွေအနေနဲ့ ပိုပြီး ကိုယ်ချင်းစာ နားလည်ပေးနိုင်လာမယ်ထင်ပါတယ်။

ဖီးလစ်ဇာတ်ကောင်ကနေ ထပ်ဆင့်လာတဲ့ အမေးစကားကတော့ ကျွန်တော်တို့ ဘဝမှာ မကောင်းမှန်းသိလျက်နဲ့ လွှတ်ချဖို့ ခက်ခဲတဲ့အရာတွေ ရှိပါတယ်။ ဆက်ဆွဲထားလေလေ နာကျင်မယ်မှန်း သိပါလျက်နဲ့ မလွှတ်ပေးချင်ကြတာက ကျွန်တော်တို့ ရဲ့ ပျော့ညံ့မှုတစ်ခုတည်းကြောင့်လား။ တစ်ချိန်က ကိုယ့်အတွက် အဓိပ္ပာယ်ရှိခဲ့ဖူးတဲ့ အရာတစ်ခုကို လက်လွှတ်ဖို့ဆိုတာ အဲဒီအရာကို စွန့်လွှတ်ရုံတင်မကဘဲ အဲဒီအရာနဲ့အတူ ရှိခဲ့ဖူးတဲ့ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေ၊ အမှတ်တရတွေနဲ့ ကိုယ်ဖြစ်ချင်ခဲ့ဖူးတဲ့ ဘဝတခု ကိုပါ စွန့်လွှတ်ရမှာကို တင်းခံနေတဲ့ ကိုယ့် အတ္တမာနကြောင့် များလားပေါ့။

ဒီဝတ္ထုက စာဖတ်သူတွေအတွက် စိတ်ပင်ပန်းစရာ ကောင်းပါတယ်။ မီးလ်ဒရက်လို ဇာတ်ကောင်ကလည်း တကယ်တမ်းတော့ ဖီးလစ်ဘဝအတွက် အရေးကြီးဆုံး အစိတ်အပိုင်းတွေထဲက တခုဆိုတာရယ်၊ ဖီးလစ် ပိုရင့်ကျက်လာဖို့အတွက် အထောက်အကူတစ်ခုဆိုလည်းမမှားပါဘူး။ ဖြည်းဖြည်းချင်း ဇိမ်ယူဖတ်ကြည့်ကြပါဦးဗျ။

📚 ဘဝအနှောင်

✍️ တင်မောင်မြင့်

📘 Novel / Coming-of-age / Fiction

📖 Of Human Bondage by W. Somerset Maugham

အကယ်၍ ဒီreviewကို နှစ်သက်သဘောကျမိတယ်ဆို နောက်ထပ်များစွာသော စာအုပ်အညွှန်းတွေကို pageမှာ ဝင်ဖတ်ကြည့်လှည့်ပါခင်ဗျာ🙏🏻

https://www.facebook.com/share/1DDPXsvNJ1/?mibextid=wwXIfr

#bookreview #Youths_book_reflections #ဘဝအနှောင် #OfHumanBondage #တင်မောင်မြင့် #WSomersetMaugham