‘ဘယ်အရာဝတ္ထုမှ သာယာကြည်နူးမှုနဲ့ အမြဲတမ်း ဆက်စပ်မှု မရှိဘူး’ လို့ ဘတ်သ်က ရေးသားခဲ့တယ်။ ‘ဒါပေမဲ့ စာရေးဆရာအတွက်ကတော့ မိခင်ဘာသာစကားက အဲဒီလို ဆက်စပ်နေစေတယ်’ တဲ့။ ဒါပေမဲ့ မိခင်ဘာသာစကားက ဖွံ့ဖြိုးမှု ရပ်တန့်နေရင်ရော ဘယ်လိုလုပ်မလဲ။ အဲဒီဘာသာစကားဟာ လစ်ဟာမှုရဲ့ သင်္ကေတတစ်ခုသာ မဟုတ်ဘဲ၊ သူ့ကိုယ်တိုင်က လစ်ဟာမှုတစ်ခု ဖြစ်နေရင်ရော၊ အဲဒီဘာသာစကားကို ဖြတ်တောက်ခံလိုက်ရရင်ရော ဘယ်လိုလုပ်မလဲ။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် အလုံးစုံ ဆုံးရှုံးမသွားဘဲ ဆုံးရှုံးမှုထဲမှာ သာယာကြည်နူးမှုကို ခံစားနိုင်သလား။ ကျွန်တော် ပိုင်ဆိုင်တဲ့ ဗီယက်နမ် ဘာသာစကားဟာ အမေ ကျွန်တော့်ကို ပေးထားတဲ့၊ နှစ်တန်းကျောင်းသား အဆင့်လောက်ပဲရှိတဲ့ စကားလုံးနဲ့ ဝါကျဖွဲ့စည်းပုံ ပါဝင်တဲ့ ဘာသာစကားသာ ဖြစ်နေခဲ့ပါတယ်။

ကလေးဘဝတုန်းက အမေဟာ အမေရိကန်တွေရဲ့ ‘နေပမ်း’ ဗုံးကြဲတိုက်ခိုက်မှုအပြီးမှာ အမေ့ ကျောင်းဆောင် ပြိုကျသွားတာကို ငှက်ပျောတောထဲကနေ စောင့်ကြည့်နေခဲ့ရတယ်။ အသက်ငါးနှစ်အရွယ်မှာ အမေဟာ စာသင်ခန်းထဲကို နောက်ထပ် ဘယ်တော့မှ ခြေမချခဲ့ရတော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မိခင်ဘာသာစကားဟာ မိခင်တစ်ဦး လုံးဝမဟုတ်ဘဲ၊ မိဘမဲ့တစ်ဦးသာ ဖြစ်နေခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဗီယက်နမ် ဘာသာစကားဟာ အမေ့ ပညာရေး အဆုံးသတ်ခဲ့ပြီး ပြာကျသွားခဲ့တဲ့ နေရာကို ပြသနေတဲ့ အမှတ်အသား အချိန်မှတ်တမ်းတစ်ခုလို ဖြစ်နေခဲ့တယ်။ ကျွန်တော်တို့ရဲ့ မိခင်ဘာသာစကားနဲ့ စကားပြောခြင်းဟာ တစ်စိတ်တစ်ပိုင်းကသာ ဗီယက်နမ် ဘာသာဖြစ်ပြီး၊ အလုံးစုံကတော့ စစ်ပွဲဆိုတဲ့ ဘာသာစကား ဖြစ်နေတတ်တယ် အမေ။

အမေ့အတွက် ကျွန်တော် စကားပြောပေးဖို့ လိုအပ်တဲ့အခါတိုင်း စကားလုံးမဲ့ပြီး ဆွံ့အနေတဲ့ အဖြစ်မျိုး ဘယ်တော့မှ မဖြစ်စေရဘူးလို့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အဲဒီညက ကတိပေးခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်တော်ဟာ ကျွန်တော်တို့ မိသားစုရဲ့ တရားဝင် စကားပြန် ဖြစ်လာခဲ့တော့တာပါပဲ။ အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ တတ်နိုင်သမျှ ကျွန်တော်တို့ရဲ့ လစ်ဟာမှုတွေ၊ ကျွန်တော်တို့ရဲ့ တိတ်ဆိတ်မှုတွေနဲ့ စကားထစ်အအတွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ ကျွန်တော့် စကားပြောဆိုမှု ပုံစံတွေကို ပြောင်းလဲခဲ့တယ်။ တခြားသူတွေ ကျွန်တော့် မျက်နှာကို မြင်နိုင်ဖို့၊ နောက်ပြီး အမေ့ မျက်နှာကိုပါ မြင်နိုင်စေဖို့အတွက် ကျွန်တော်တို့ရဲ့ ဘာသာစကားကို ချွတ်ချပြီး အင်္ဂလိပ်စာကို ကျွန်တော် မျက်နှာဖုံးတစ်ခုလို တပ်ဆင်ထားလိုက်တယ်။

အမေ နာရီစက်ရုံမှာ တစ်နှစ်ကြာ အလုပ်လုပ်ခဲ့တုန်းက၊ အမေ့ သူဌေးဆီ ဖုန်းဆက်ပြီး ကျွန်တော့်ရဲ့ အယဉ်ကျေးဆုံး စကားလုံးတွေနဲ့ အမေ့ရဲ့ အလုပ်ချိန်တွေကို လျှော့ချပေးစေလိုကြောင်း ကျွန်တော် ပြောခဲ့တယ်။ ဘာကြောင့်လဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက သိပ်ကို ပင်ပန်းနွမ်းနယ်နေပြီး၊ အလုပ်ကနေ အိမ်ပြန်ရောက်ပြီးတဲ့နောက် ရေချိုးကန်ထဲမှာ အိပ်ပျော်သွားတတ်တာမို့ သူ ရေနစ်သွားမှာကို ကျွန်တော် ကြောက်လန့်နေခဲ့လို့ပါပဲ။

တစ်ပတ်အကြာမှာ အမေ့ အလုပ်ချိန်တွေ လျှော့ချခံခဲ့ရပါတယ်။ နောက်ပြီး အကြိမ်ပေါင်းများစွာ ‘ဗစ်တိုးရီးယား ဆီးခရက်’ ကတ်တလောက်ဆီကို ကျွန်တော် ဖုန်းဆက်ပြီး အမေ့အတွက် ဘရာတွေ၊ အတွင်းခံတွေနဲ့ အသားကပ် ဘောင်းဘီတွေကို မှာယူပေးခဲ့သေးတယ်။

ဖုန်းလက်ခံဖြေကြားတဲ့ အမျိုးသမီးတွေဟာ တစ်ဖက်က လူပျိုပေါက်တောင် မဖြစ်သေးတဲ့ ယောက်ျားလေးအသံကြောင့် ကြောင်သွားပြီးတဲ့နောက်၊ မိခင်အတွက် အမျိုးသမီး အတွင်းခံတွေ ဝယ်ပေးနေတဲ့ ကလေးတစ်ယောက်ဟာ ဘယ်လောက်ချစ်ဖို့ကောင်းကြောင်း ပြောခဲ့ကြတာပေါ့။ သူတို့က ဖုန်းထဲကနေ ပီတိဖြာတဲ့ အသံတွေနဲ့ အာမေဍိတ်သံပြုပြီး တစ်ခါတလေ ပို့ဆောင်ခတောင် အခမဲ့နဲ့ ပို့ပေးတတ်ကြတယ်။

ပြီးတော့ သူတို့က ကျွန်တော့်ကို ကျောင်းအကြောင်း၊ ကျွန်တော် ကြည့်နေတဲ့ ကာတွန်းကားတွေအကြောင်း မေးမြန်းကြသလို၊ သူတို့ရဲ့ သားတွေအကြောင်း ပြောပြတတ်ကြတယ်။ ကျွန်တော့် မိခင်ဖြစ်တဲ့ အမေဟာ သိပ်ကိုပျော်ရွှင်နေရမှာပဲလို့လဲ သူတို့ ပြောကြတယ်။

အမေ ပျော်ရွှင်နေသလားဆိုတာတော့ ကျွန်တော် မသိခဲ့ဘူး အမေ။ ကျွန်တော် ဘယ်တုန်းကမှ မမေးခဲ့ပါဘူး။

သက်ပိုင် (မြန်မာပြန်သည်)