ဒီနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန် ဆရာများကို ဂုဏ်ပြုတဲ့နေ့ပါ။

စာဖတ်သူတို့ အတွက်ရော ဘာသာပြန် စာပေနဲ့ ပတ်သတ်ပြီး ကိုယ့်စိတ်ထဲမှာ စွဲစွဲထင်ထင် ကျန်ရစ်ခဲ့တဲ့ စာအုပ်များ ရှိသလား မသိဘူး။ ကျွန်တော့်အတွက် ဘာသာပြန် စာပေနဲ့ ပတ်သတ်ပြီး စိတ်ထဲမျာ ထင်ထင်ရှားရှား မှတ်မိနေတဲ့ စာအုပ် ၅ အုပ်ရှိခဲ့ပါတယ်။

ပထမဆုံး ထိတွေ့ဖူးတဲ့ စာအုပ်ကတော့ ဆရာ မောင်သိန်းလွင်ရဲ့ ဂန္ထဝင် စာအုပ် အကျဥ်းချုပ် ဘာသာပြန်စာအုပ်လေးတွေပဲ ဖြစ်ပါတယ်။ တစ်ခါက ဆရာ ဒီနိုဗိုနဲ့ လူချင်းဆုံတုန်းက ဆရာက အမှတ်မထင် မေးဖူးတယ်။ “ဘာလို့ ဂန္ထဝင်စာပေကို ကြိုက်နှစ်သက်တာလဲ” တဲ့။ ရုတ်တရက်တော့ ဘာဖြေရမှန်းမသိပေမဲ့ သေချာစဥ်းစားကြည့်ရင် ဆရာ မောင်သိန်းလွင်ရဲ့ ဂန္ထဝင်စာအုပ်တွေက ကျွန်တော့်အပေါ် လွှမ်းမိုးမှု အများကြီး ရှိခဲ့တာကို သိလာရပါတယ်။ ဒါကြောင့်လဲ ဂန္ထဝင်စာအုပ်တွေနဲ့ ရင်းနှီးလာခဲ့ပြီး မြန်မာ ဘာသာပြန် မရှိသေးတဲ့ ဂန္ထဝင်စာအုပ်တွေကို ဘာသာပြန်ချင်စိတ်တွေ ပေါက်လာတာလို့ ပြောနိုင်ပါတယ်။ ဆရာ့ရဲ့ ရှိတ်စပီးယား ပုံပြင်များ၊ မြို့တော် နှစ်မြို့အကြောင်း၊ ဖရန်ကင်စတိုင်း၊ သင်္ဘောသား ဆင်းဘတ်၊ တာဇံ၊ ဒရက်ကူလာတို့ဟာ အခုထိ မှတ်ထင်နေဆဲ စာအုပ်တွေ ဖြစ်ခဲ့ပါတယ်။

စိတ်ထဲမှာ စွဲနေတဲ့ ဒုတိယစာအုပ်ကတော့ ဆရာ ကေတီ ဦးကျော်မြင့်ရဲ့ “ဆန္ဒကျွန်မ” ဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကတော့ ကြိုက်လွန်းလို့ စိတ်ထဲကျန်နေတာ မဟုတ်ဘဲ၊ နားမလည်လို့ စိတ်ထဲကျန်နေတာဆိုတာတော့ ဝန်ခံပါရစေ။ “ဆန္ဒကျွန်မ” ဟာ Earnest Hemingway ရဲ့ Fiesta ကို ဘာသာပြန်ထားတာပါ။

ကျွန်တော့်လက်ထဲရောက်တော့ ၈ တန်းကျောင်းသား အရွယ်ပဲ ရှိအုံးမယ်ထင်တယ်။ “ဆန္ဒကျွန်မ” ဆိုတဲ့ ခေါင်းစဥ်ကအစ စိတ်ဝင်စားဖို့ ကောင်းနေတာတော့ အမှန်ပါပဲ။ သူ့အဓိပ္ပါယ်က “ဆန္ဒရဲ့ ကျွန် (မိန်းမ)” လို့ ပြောတာလား၊ ဒါမှမဟုတ် “ကျွန်မရဲ့ ဆန္ဒ” လို့ ဆိုလိုတာလား သဘောမပေါက်ခဲ့ပါဘူး။

စာအုပ်ကို ကိုင်ဖတ်ကြည့်လိုက်တော့လဲ တစ်လုံးမှ နားမလည်ခဲ့ပါဘူး။ ကလေးဖတ်စာပေ မဟုတ်သလို၊ ပေါ့ပါးတဲ့ စာပေလဲ မဟုတ်တာကြောင့် နားမလည်ခဲ့ပေမဲ့ အဲဒီ စာအုပ်က ကျွန်တော့်အတွက်တော့ နာမည်ကို အခုထိ မှတ်မိနေဆဲပါ။ စာအုပ် ပြန်ရှာတွေ့ရင်လဲ ပြန်ပြီး နားလည်အောင် ဖတ်ကြည့်ချင်ပါသေးတယ်။

တတိယစာအုပ်ကတော့ ထူးဆန်းတယ်။ လောလော လောလောနဲ့ ခေါင်းစဥ်ကိုတောင် သေချာ မဖတ်ဘဲ စာအုပ်ချည်းပဲ ဖတ်လိုက်မိတာမို့ပါ။ သူက “ဧကရီ ဖွားစော” တဲ့။ ဆရာ မြသန်းတင့်ရဲ့ မြန်မာ စကားလုံး အသုံးအနှုန်းနဲ့ တင်ဆက်ပုံတို့ကြောင့် စာအုပ်ဟာ ဘာသာပြန် ဖြစ်နေမှန်း သတိမထားမိခဲ့ပါဘူး။ စာကုန်တော့မှပဲ ကောင်းလှချည်လားဆိုပြီး ခေါင်းစဥ်ကို ပြန်ကြည့်တော့မှ Maurice Collis ရဲ့ She was a queen ကို ဘာသာပြန်ထားမှန်း သိလာခဲ့ရပါတယ်။ အဲဒီနောက်မှ ဆရာ မြသန်းတင့်ရဲ့ တခြား လက်ရာတွေကို မြည်းစမ်းကြည့်ခွင့် ရလာခဲ့ပါတယ်။ သုခမြို့တော်၊ လေရူးသုန်သုန်၊ တဂိုးဝတ္ထုများ စတဲ့ လက်ရာတွေကတော့ စိတ်ထဲ ထင်ကျန်ရစ်တဲ့ လက်ရာတွေပဲ ဖြစ်ပါတယ်။

စတုတ္တတစ်အုပ်ကတော့ ဆရာ ဒီနိုဗိုရဲ့ “ဆယ့်တစ်မိနစ်” စာအုပ်ပါ။ သူက Paulo Celho ရဲ့ Eleven minutes ပါ။ Paulo Celho ရဲ့ The alchemist က နာမည်အကြီးဆုံးဆိုပေမဲ့ Eleven minutes က ကျွန်တော့် အကြိုက်နဲ့ ပိုပြီး နီးစပ်ခဲ့ပါတယ်။ “ဆယ့်တစ်မိနစ်” က ကျွန်တော့်အတွက် ဆရာ ဒီနိုဗိုရဲ့ လက်ရာနဲ့ ပထမဆုံး ထိတွေ့ခြင်းပါပဲ။ နောက်တော့ “မခံနိုင်အောင် ပေါ့ပါး ဘဝနေ့ညများ”၊ “တကွဲတပြား”နဲ့ “မှန်သားမြို့တော်” ကို ဆက်ဖတ်ခွင့်ရခဲ့ပါတယ်။ (“မှန်သားမြို့တော်” က Paul Auster ရဲ့ နာမည်ကြီး NewYork trilogy နော်။ သူ့နောက်ဆက်တွဲ ၂ အုပ်ဖြစ်တဲ့ “တစ္ဆေ” နဲ့ “ပိတ်ထားတဲ့အခန်း” ကိုတော့ မဖတ်ရသေးပါဘူး။)

နောက်ဆုံး တစ်အုပ်ကတော့ ဆရာ သင့်လူရဲ့ “ကျင်းပေါက်များ” ပါပဲ။ အစက “ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ” ကို ပိုကြိုက်မယ်လို့ စိတ်ထဲ ထင်ခဲ့ပေမဲ့ “ကျင်းပေါက်များ” ဇာတ်လမ်းက ကျွန်တော်နဲ့ ပိုပြီး အစေးကပ်သလို ခံစားရပါတယ်။ လူငယ်ကြိုက် စာအုပ်ဖြစ်လို့ နေပါမယ်။ နောက်ပြီး “ပိုင့်ဘဝလမ်း”၊ “ပြစ်မှုတစ်ခု ဖွားမြင်ခြင်း”၊ “လေလွင့်ကြောင်” စတာတွေက အကြိုက်ဆုံး စာရင်းထဲ ပါလာခဲ့ပါတယ်။

ဘာသာပြန် စာပေတွေကို ဖတ်ရင်း သတိထားမိတာ ဘာသာပြန်သူတွေ အားလုံးဟာ အမျိုးသားတွေ ဖြစ်တယ် ဆိုတာပါပဲ။ အမျိုးသမီး ဘာသာပြန်သူတွေလဲ အနာဂတ်မှာ အများကြီး ပေါ်ပေါက်လာသင့်ပါတယ်။ အမျိုးသမီးတွေရဲ့ ဘာသာပြန်စာပေ အပေါ် အယူအဆတွေ၊ အမြင်တွေနဲ့ ပံ့ပိုးမှုတွေကလဲ မြန်မာ စာပေအတွက် အများကြီး အထောက်အကူ ပြုမှာ သေချာပါတယ်။

#WorldTranslationDay #အပြည်ပြည်ဆိုင်ရာဘာသာပြန်ဆရာများနေ့ #September30