Fantasy/ Dystopian Fiction တွေကို ဘာကြောင့် ရေးသင့်/ ဖတ်သင့်သလဲ။

စိတ်ကူးယဥ် သို့မဟုတ် ဆုတ်ကပ် စိတ်ကူးယဥ် ဝတ္ထုတွေဟာ မြန်မာနိုင်ငံမှာ တွေ့ရနည်းတဲ့ စာပေ အမျိုးအစားပါ။ မြန်မာစာပေမှာက များသောအားဖြင့် ဘဝသရုပ်ဖော်ဝတ္ထုတွေပဲ များပါတယ်။

ဆင်းရဲသူကို ဖိနှိပ်တဲ့ ဓနရှင်၊ မာနကြီးတဲ့ အမျိုးသမီးနဲ့ ရိုးသားကြိုးစားတဲ့ အမျိုးသား၊ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ယောက်ျားနဲ့ မိန်းမ၊ တက္ကသိုလ်မှာ ရည်းစားပွေတဲ့ ယောကျ်ားနဲ့ စာကြိုးစားတဲ့ အိန္ဒြေရှင် မိန်းမ၊ သားသမီးအတွက် အနစ်နာခံတဲ့ မိဘနဲ့ မိဘကို ပြန်မငဲ့တဲ့ သားဆိုး သမီးမိုက်၊ နာကျည်းချက်တွေနဲ့ ကြိုးစားပြီး ချမ်းသာလာမှ လက်စားပြန်ချေပေမဲ့ စိတ်ထဲက ကြိတ်ကြိုက်နေတဲ့ အမျိုးသားနဲ့ ငယ်ငယ်တုန်းက ချမ်းသာပြီး ကြီးမှ ဆင်းရဲသွားတဲ့ အမျိုးသမီး ... စသဖြင့် စသဖြင့် ဇာတ်လမ်း အကြောင်းအရာတွေက ထပ်နေတာကိုပဲ တွေ့ရတယ်။ ပြီးတော့ ဇာတ်လမ်းတွေဟာ မဖောက်ထွက်ဘဲ သမားရိုးကျ အတိုင်းပဲ သွားနေကြတာမို့လဲ ကြာတော့ ရိုးလာတာ ဖြစ်ပါလိမ့်မယ်။

စိတ်ကူးယဥ် သို့မဟုတ် ဆုတ်ကပ် စိတ်ကူးယဥ် စာပေတွေကို ရေးရတဲ့ ရည်ရွယ်ချက်ဟာ စာရေးသူရဲ့ စိတ်ကူးဉာဏ် ရင့်သန်မှုကို ဖော်ပြဖို့ဆိုတဲ့ အရိုးရှင်းဆုံး ရည်ရွယ်ချက်ကနေ၊ ဘွင်းဘွင်းရှင်းရှင်း ဖော်ပြလို့ မရတဲ့ အခြေအနေတွေကြောင့် အပြိုင် ကမ္ဘာတစ်ခု တည်ဆောက်ပြီး ဇာတ်ကောင်တွေကနေ တဆင့် ခေတ်ရဲ့ အခင်းအကျင်းကို ဖော်ပြတဲ့ ရည်ရွယ်ချက်လဲ ဖြစ်နိုင်ပါတယ်။

သိသာ ထင်ရှားတဲ့ ဥပမာတွေကို ပြရမယ်ဆိုရင် ဂျော့ဂျ် အော်လ်ဝဲလ်ရဲ့ 1984 ဟာ နာဇီတွေရဲ့ အာဏာကို သရုပ်ဖော်တဲ့ ခေတ်ပျက် စိတ်ကူးယဥ် ဝတ္ထုတစ်ခုပါ။ ဝတ္ထုထဲကလို ကမ္ဘာကြီး တကယ်တမ်း ဖြစ်မလာနိုင်ဘူးလို့ ထင်စရာရှိပေမဲ့ နည်းပညာ၊ ဆက်သွယ်ရေးနဲ့ အေအိုင် ဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်မှာ အော်လ်ဝဲလ်ရဲ့ 1984 စာအုပ်ဟာ လက်စွဲစာအုပ်တစ်ခုလို ခေတ်သစ်ရဲ့ အခင်းအကျင်းကို ကြိုတင် ခန့်မှန်းနေသလို ဖြစ်နေတာကို တွေ့ရမှာပါ။

မာဂရက် အတ်ဝုဒ်ရဲ့ The Handmaid’s tale ထဲကလို မိန်းမတွေကို ပိုင်ဆိုင်မှု တစ်ခုလို ထိန်းသိမ်းပြီး သားဖွားစက်တစ်ခု အဖြစ် သတ်မှတ်ကြတဲ့ ဇာတ်လမ်းက တကယ်ဖြစ်နိုင်တာပေါ့။ အာဖဂန်နစ္စတန်က အမျိုးသမီးတွေရဲ့ အဖြစ်က သက်သေခံနေပါတယ်။

ဆူဇန် ကော်လင်းစ် ရဲ့ The Hunger Games ကတော့ အထွေအထူး မပြောတော့ပါဘူး။ လက်ရှိ ဖြစ်ရပ်နဲ့ တစ်ထပ်တည်းကျနေတာကို သိကြမယ်ထင်ပါတယ်။ ခရိုင် ၁၃ ခုကနေ လူငယ်တွေကို မဲနှိုက်ပြီး ကတ်ပီတယ်က ဓနရှင်တွေအတွက် Reality Show ပြဖို့ တစ်ယောက်တည်းကျန်တဲ့ အထိ သတ်ရတဲ့ ဇာတ်လမ်းက ဘာနဲ့ သွားတူနေပါသလဲ။

နောက်ပြီး ဂျော့ဂျ် အာအာ မာတင်ရဲ့ A song of ice and fire ဟာ နဂါးကြီးတွေနဲ့ ထူးဆန်းတဲ့ သတ္တဝါတွေပဲ ပါဝင်လို့ ဖတ်ကောင်းတဲ့ စိတ်ကူးယဥ် ဝတ္ထုတစ်ခု မကပါဘူး။ အဲဒီ ဝတ္ထုဟာ အင်္ဂလန်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ “နှင်းဆီ စစ်ပွဲ” လို့ ခေါ်တဲ့ လန်ကတ်စတာ အိမ်တော်နဲ့ ယော့ခ် အိမ်တော်တို့ရဲ့ ရန်ငြှိုးကို ခေတ်သစ် အခင်းအကျင်းနဲ့ ပြန်ပြီး ရေးဖွဲ့ထားတာပဲ ဖြစ်ပါတယ်။

နောက်ဆုံး အနေနဲ့ ဖရန့်ခ် ဟားဘတ်ရဲ့ Dune ကိုကြည့်ရင်လဲ ဒါဟာ သာမန် ဟီးရိုး ဝတ္ထုတစ်ပုဒ်တင် မကဘဲ နိုင်ငံရေး၊ စီးပွားရေး၊ အသက်ရှင်နေထိုင်မှုနဲ့ အရေးကြီးဆုံးကတော့ မေရှိယမျှော်လင့်ခြင်း ဘာသာရေး အယူအဆတွေကို ထင်ဟပ်ပြသနေတာကို မြင်ရမှာပါ။

ဒါကြောင့် စိတ်ကူးယဥ် သို့မဟုတ် ဆုတ်ကပ် စိတ်ကူးယဥ် စာပေတွေကို ဖတ်ရှုဖို့ တကယ် လိုအပ်ပါတယ်။ ဒီစာအုပ်တွေဟာ စာဖတ်သူကို သာမန်ဘဝ မဟုတ်ဘဲ သေရေး ရှင်ရေးနဲ့ ကြုံတွေ့လာတဲ့အခါ ဘယ်လို ရှင်သန်အောင် နေမလဲဆိုတာကို စဥ်းစားမိစေတယ်။ ဘဝကို သမားရိုးကျ အမြင်ကနေ ကွဲထွက်ပြီး မြင်လာစေတယ်။ စနစ်တစ်ခုရဲ့ အားသာချက်၊ အားနည်းချက်တွေကို ကိုယ်ပိုင် အမြင်နဲ့ ဆုံးဖြတ်တတ်လာစေတယ်။

စာဖတ်သူတွေကလဲ သာမန်နဲ့ ကွဲထွက်တဲ့ စာပေတွေကို ရဲရဲကြီး လက်ခံပြီး ဝေဖန်တတ်ဖို့လိုတယ်။ ထူးဆန်းတဲ့ နာမည်၊ ဆန်းပြားတဲ့ ကမ္ဘာနဲ့ ရှုပ်ထွေးတဲ့ စနစ်တွေဟာ စာဖတ်သူရဲ့ ဦးနှောက်ကို သွေးပေးနေတာပါပဲ။ မကောင်းရင်တော့ မကောင်းကြောင်း ဝေဖန်ပေါ့။ ဒါပေမဲ့ ကိုယ်ဖတ်ဖူးနေကြ ဘဝသရုပ်ဖော်လောက်နဲ့ပဲ ကိုယ့်ကိုယ့်ကိုယ် ထိန်းချုပ်ထားမယ်ဆိုရင် ကိုယ့်အတွေးတွေကို ကိုယ်တိုင် ကန့်သတ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။

ရဲရဲတွေးပါ၊ ရဲရဲ ဖတ်ပါ။ ပင်ကိုရေး စိတ်ကူးယဥ် သို့မဟုတ် ဆုတ်ကပ် စိတ်ကူးယဥ် ဝတ္ထုတွေကို ကြိုဆိုကြပါ။