နိုင်ငံခြား ဂန္ထဝင်တွေ ပျင်းစရာကောင်းတာ တစ်ခါတလေမှာ ဘာသာပြန်မူ မတူလို့လဲ ဖြစ်နိုင်ပါတယ်။ ဥပမာနဲ့ ပြောပြပါရစေ။
Brothers Karamazov ကိုပဲ ၂၀၂၃ မှာ Michael Katz ရဲ့ ဘာသာပြန်မူ အသစ်ထွက်လာပါတယ်။ သူ့ရှေ့မှာလဲ မူတွေ မရေတွက်နိုင်အောင် ရှိနေတာပဲ။ ဘာလို့ ပိုက်ဆံ အကုန်ခံနေအုံးမလဲပေါ့ မေးစရာရှိလာမယ်။
တကယ်တော့ နောက်ပိုင်းထွက်တဲ့ မူတွေဟာ ပိုပြီး ခေတ်သစ် စာဖတ်သူတွေအတွက် လွယ်ကူလာစေတာ အမှန်ပါပဲ။ ပိုပြီး ပြီးပြည့်စုံတဲ့ မိတ်ဆက်၊ ဖြည့်စွက်ချက်၊ ခေတ်နဲ့ လျော်ညီတဲ့အသုံးအနှုန်းတွေကိုပါ ထည့်သွင်းထားတာမို့ ပိုပြီး ဖတ်ရတာ ကောင်းပါတယ်။
‘ကာရာမာဇော့ ညီအစ်ကိုများ’ လို့ ဆရာနတ်နွယ်က ဘာသာပြန်ထားပါတယ်။ ဆရာ့ရဲ့ အမှာစာအရ သူဟာ ရုရှားစာကနေ ပြန်တဲ့ အင်္ဂလိပ်မူကို ယူတဲ့အခါ Constance Garnette (1912) မူနဲ့ David Magarshack (1950) မူကို ညှိနှိုင်းပြီး ဘာသာပြန်ကြောင်း ဖော်ပြထားပါတယ်။
ဂါနက်နဲ့ မက်ဂါရှက်တို့ရဲ့ စာဟာ ကျိန်းသေပေါက် ဝိတိုရိယခေတ် အရေးအသားတွေ ဖြစ်နေတာမို့လို့ သူတို့ဆီကနေ ဘာသာပြန်တဲ့အခါမှာလဲ အချို့သော စာပိုဒ်တွေဟာ ခေတ်သစ် စာဖတ်သူတွေအတွက် တစ်ခေါက်နဲ့ နားမလည်နိုင် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ မူက တိကျ၊ ပြတ်သားလွန်းလို့ literal translation or dry translation ဖြစ်သွားတယ်လို့ ဆိုကြတယ်။
ဖတ်ရတာ နည်းနည်း ပျင်းစရာကောင်းသွားတယ်ပေါ့။ စာထဲပါတဲ့ အတိုင်း ပြန်တာဆိုတော့။ ဒါပေမဲ့ ဆရာ နတ်နွယ်ရဲ့ အရေးအသားကတော့ မြန်မာနားနဲ့ အနီးစပ်ဆုံး ကိုက်ညီအောင် ဘာသာပြန်ထားတာကို ဖတ်ရတာ အားရစရာပါ။
အခု ထွက်လာတဲ့ မိုက်ကယ် ကတ်ဇ်ရဲ့ မူဟာ ၂၀၂၃ မှာ ထွက်လာတာဖြစ်ပြီး သူက ဇာတ်ကောင်တွေရဲ့ Psychological depth နဲ့ voice ကို ပိုပြီး ပြောင်မြောက်အောင် ဖော်ပြနိုင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး စာရေးသူရဲ့ အသံအတိုင်းလိုက်ပြီး ခနဲ့တဲ့တဲ့၊ ရွဲ့တဲ့တဲ့ ရေးတဲ့နေရာမှာလဲ ပိုပြီး ရှေ့မူတွေထက် မြင်သာလာတဲ့အပြင် fast pace ဖြစ်အောင် စီစဥ်ထားတာမို့ စာဖတ်သူအတွက် ရုရှားစာပေကို မပျင်းရစေဘူးလို့ ဆိုထားတယ်။ (အဆုံးထိ မဖတ်ရသေးလို့ ဘယ်လောက်ထိမှန်သလဲတော့ မသိသေးပါဘူး။)
Constance ရဲ့ ၁၉၁၂ မူမှာ -
ALEXEY Fyodorovitch Karamazov was the third son of Fyodor Pavlovitch Karama-
zov, a landowner well known in our district in his own day, and still remembered
among us owing to his gloomy and tragic death, which happened thirteen years ago,
and which I shall describe in its proper place. For the present I will only say that
this "landowner"- for so we used to call him, although he hardly spent a day of his
life on his own estate- was a strange type, yet one pretty frequently to be met with,
a type abject and vicious and at the same time senseless. But he was one of those
senseless persons who are very well capable of looking after their worldly affairs,
and, apparently, after nothing else. Fyodor Pavlovitch, for instance, began with next
to nothing; his estate was of the smallest; he ran to dine at other men’s tables, and
fastened on them as a toady, yet at his death it appeared that he had a hundred
thousand roubles in hard cash. At the same time, he was all his life one of the most
senseless, fantastical fellows in the whole district. I repeat, it was not stupidity- the
majority of these fantastical fellows are shrewd and intelligent enough- but just
senselessness, and a peculiar national form of it.
အခု ၂၀၂၃ မှာ Michael Katz က -
Aleksey Fyodorovich Karamazov was the third son of a landowner in our district, Fyodor Pavlovich Karamazov, so well known in his own time (and still remembered among us) for his dark and tragic demise, which occurred exactly thirteen years ago, and which I’ll tell you about at the proper time.
For now all I’ll say about this “landowner” (as he was called by us, although for his whole life he hardly ever lived on his estate) is that he was a strange type, though one that’s encountered fairly often; not only was he utterly worthless and depraved, but he had no sense at all—and yet he was one of those people with no sense who knew how to take very good care of his worldly affairs, and, apparently, not much else.
For example, Fyodor Pavlovich had begun with almost nothing; he was the owner of a small estate; he hastened to take a place at other men’s dinner tables, latching on as a freeloader; that said, at the time of his death he had accumulated a hundred thousand rubles in cold cash. Yet at the same time, all his life he continued to be one of the eccentrics in our entire district who was most lacking in sense.
I repeat: it was not a matter of stupidity; the majority of these eccentrics are rather clever and shrewd, just lacking in basic common sense—and displaying a particularly Russian form of that lack.
လို့ ဘာသာပြန်ထားပါတယ်။ စကားလုံး အသုံးပြုပုံတွေဟာ ပိုပြီး ခေတ်ဆန်လာသလို ရှေးမူတွေကိုဖျောက်ပြီး ခေတ်သစ်စာဖတ်သူတွေအတွက် word flow ပိုကောင်းလာတာကို တွေ့ရမှာပါ။
ဒါကို ဆရာ နတ်နွယ်က Constance ရဲ့မူကို -
အလက်ဇီ ကာရာမာဇော့သည် ကျွန်ုပ်တို့ခရိုင်တွင် မြေပိုင်ရှင်တဦးဖြစ်သော ဖျိုဒါ ပက်ဗလိုဗစ် ကာရာမာဇော့၏ တတိယသား ဖြစ်သည်။ ဖိုဒါ ကာရာမာဇော့သည် သူ့ခေတ် သူ့အခါက အကျော်ဇေယျ ပုဂ္ဂိုလ်တဦးဖြစ်ပြီး ထူးခြားဆန်းကြယ်စွာနှင့် ကံကြမ္မာဆိုးရွားစွာ သေဆုံးခဲ့ရမှုကြောင့် ယခုတိုင်လည်း သူ့ကို ကျွန်ုပ်တို့ အမှတ်တရ ရှိနေကြရသည်။ ယင်းကဲ့သို့ သူ သေဆုံးခဲ့ရသည်မှာ လွန်ခဲ့သော တဆယ့်သုံးနှစ်တိတိကဖြစ်ပြီး အဆိုပါ အခြင်းအရာများကို ယင်းနှင့် စပ်လျဉ်းသည့် နေရာများတွင် ကျွန်ုပ် ထည့်သွင်းရေးသားသွားမည် ဖြစ်သည်။
လောလောဆယ်တွင်မူ ဤ ‘မြေပိုင်ရှင်’ သည် လူထူးလူဆန်းကြီး တယောက် ဖြစ်ကြောင်းကိုသာ ကျွန်ုပ် ပြောပြလိုပါသည်။ (သူ့ကို ‘မြေပိုင်ရှင်’ ဟု ကျွန်ုပ်တို့က ခေါ်ဆိုကြသော်လည်း သူသည် သူပိုင်ဆိုင်သော လယ်မြေများရှိသည့် နယ်ပယ်တွင် မနေသလောက်ပင် ဖြစ်သည်)။ လူထူးလူဆန်းကြီး တယောက်ဟု ဆိုရသော်လည်း ရှားရှားပါးပါးထဲကတော့ မဟုတ်ပါ။ ကျွန်ုပ်တို့ မကြာမကြာ တွေ့မြင်နေရသော လူထူးလူဆန်းမျိုးထဲကပင် ဖြစ်ပါသည်။ လူ့လောကကြီးအတွက် ဘာမျှ တန်ဖိုးမရှိသော ဆန်ကုန်မြေလေး လူဆိုး လူသွမ်း လူဟော့ရမ်းကြီး တဦးဖြစ်ရုံမျှမက ဘာမျှ နားလည်မှုမရှိသော နလပိန်းတုံး ဆိုသော်လည်း အခြား မည်သည့်အကြောင်းအရာကိုမျှ မထောက်ထားဘဲ ကိုယ့်အကျိုးစီးပွားကိုသာ ကောင်းကောင်း ကြည့်တတ်သော တကိုယ်ကောင်း သမားထဲက ဖြစ်သည်။
ဥပမာပြရလျှင် ဖျိုဒါ ကာရာမာဇော့သည် သူနှင့်သူသာ နှိုင်းယှဉ်စရာရှိပေသည်။ အမှန်တော့ သူသည် မြေပိုင်ရှင်ကလေး တဦးမျှသာ ဖြစ်သည်။ သူသည် သူတပါးက ကျွေးမွေးသည်များကိုသာ အမြဲတမ်း လိုက်လံစားသောက်သည်။ သူသည် တသက်လုံး ဆိုသလိုပင် လူ့ကပ်ပါး တယောက်သာ ဖြစ်ခဲ့သည်။ သို့သော် သူသေဆုံးသောအခါ ငွေသားချည်းပင် ရူဗယ်ငွေ တသိန်းမျှ ကျန်ရစ်သည်။ တချိန်တည်း မှာပင် သူသည် သူ့ဘဝ သက်တမ်းတလျှောက်လုံးတွင် ကျွန်ုပ်တို့ခရိုင်၏ အဓိပတိ နလပိန်းတုံးနှင့် လူ့အန္ဓကြီး တယောက်အဖြစ် ရပ်တည်ခဲ့သည်။ ဤနေရာတွင် ကျွန်ုပ် ထပ်ပြောဦးမည်။ လူ့အန္ဓ ဆိုသူများသည် တကယ်တော့ တကယ်ပါး တကယ်နပ်ကြသည်။ သူတို့က ပုံစံတမျိုးဖြင့်သာ ‘တုံး’ နေကြခြင်း ဖြစ်သည်။
လို့ ဘာသာပြန်ထားပါတယ်။
ဒါဆို Michael Katz ရဲ့ ၂၀၂၃ မူကို အခြေခံပြီး ကျွန်တော် ဘာသာပြန်ရင် ဒီလို ထွက်လာမယ် ထင်ပါတယ် -
အလက်ဆီ ဖီယိုဒိုရိုဗစ်ချ် ကရာမာဇော့ဗ်သည် ကျွန်ုပ်တို့ဒေသမှ မြေပိုင်ရှင် ဖီယိုဒါ ပါဗလိုဗစ်ချ် ကရာမာဇော့ဗ်၏ တတိယမြောက်သား ဖြစ်သည်။ သူ၏ဖခင်သည် လွန်ခဲ့သော ၁၃ နှစ်တိတိက ကြုံတွေ့ခဲ့ရသည့် သူ၏ ဆိုးရွားပြီး ကြေကွဲဖွယ်ကောင်းသော ဘဝနိဂုံးကြောင့် သူ၏ခေတ်တွင် အလွန်နာမည်ကြီးခဲ့သူ ဖြစ်၏။
ယခုတိုင် ကျွန်ုပ်တို့အကြား သူ့ကို မှတ်မိနေကြဆဲဖြစ်ပြီး ထိုအကြောင်းကိုလည်း သင့်လျော်သောအချိန်ရောက်လျှင် ကျွန်ုပ် ဆက်လက်ပြောပြသွားပါမည်။ လောလောဆယ်တွင် ဤ "မြေပိုင်ရှင်" နှင့်ပတ်သက်၍ (သူ့တစ်သက်လုံး သူ၏ပိုင်နက်တွင် နေထိုင်လေ့မရှိသော်လည်း သူ့ကို ထိုသို့ပင် ခေါ်ဝေါ်ခဲ့ကြသည်) ကျွန်ုပ်ပြောလိုသည်မှာ သူသည် လူအများ မြင်ဖူးကြသည့်အတိုင်း ထူးဆန်းသော လူစားမျိုးဖြစ်သည်ဆိုသည့် အချက်ပင် ဖြစ်ပါသည်။
သူသည် လုံးဝ အသုံးမကျသူ၊ ဖောက်ပြန်ပျက်စီးနေသူ တစ်ဦးဖြစ်ရုံသာမက ဆင်ခြင်တုံတရားလည်း လုံးဝမရှိသူ ဖြစ်လေသည်။ သို့သော် ဆင်ခြင်တုံတရားသာ မရှိသော်လည်း မိမိ၏ ကိုယ်ကျိုးစီးပွား လောကီရေးရာများကိုမူ အလွန်ပိုင်နိုင်စွာ စီမံခန့်ခွဲတတ်ပြီး အခြားအရာများကိုမူ ဂရုမစိုက်တတ်သူ တစ်ဦးဖြစ်၏။
ဥပမာဆိုရလျှင် ဖီယိုဒါ ပါဗလိုဗစ်ချ်သည် ဘာမှမရှိသည့် သုညဘဝမှ စတင်ခဲ့သူ ဖြစ်သည်။ သူသည် ခြံငယ်လေးတစ်ခုကိုသာ ပိုင်ဆိုင်ခဲ့ပြီး အခြားသူများ၏ ထမင်းဝိုင်းများတွင် ကပ်စားသူတစ်ဦးအဖြစ်သာ လူသိများလောက်အောင် ကျော်ကြားလေသည်။ သို့သော် သူကွယ်လွန်ချိန်၌မူ ငွေသား ရူဘယ် တစ်သိန်းစုဆောင်းနိုင်ခဲ့၏။
သို့တိုင်အောင် တစ်ချိန်တည်းမှာပင် သူသည် သူ့တစ်သက်တာလုံး ကျွန်ုပ်တို့တစ်နယ်လုံးတွင် ဆင်ခြင်တုံတရား အကင်းမဲ့ဆုံးနှင့် အထူးအဆန်းဆုံး လူတစ်ဦးအဖြစ် ဆက်လက် တည်ရှိနေခဲ့ပေသည်။ ကျွန်ုပ် ထပ်မံပြောကြားလိုသည်မှာ ထိုသို့ကျော်ကြားရခြင်းမှာ မိုက်မဲမှုကြောင့် မဟုတ်ပေ။ ဤသို့သော ထူးဆန်းသူ အများစုသည် အတော်ပင် ထက်မြက်ပြီး ပါးနပ်ကြသော်လည်း အခြေခံအကျဆုံး ဆင်ခြင်တုံတရားသာ ကင်းမဲ့နေကြခြင်း ဖြစ်ပါသည်။
ယင်းကင်းမဲ့မှုသည် ရုရှားလူမျိုးတို့၌သာ တွေ့ရတတ်သည့် သီးသန့်စရိုက်လက္ခဏာ တစ်ရပ်အဖြစ်လည်း ပေါ်လွင်နေပါတော့သည်။
Review By Thet Paing Writes

💬 Comment / Review
Comment များကို ရယူနေပါသည်…