၂၀၁၉ တုန်းက Pride and Prejudice 2005 version ကို ကြည့်မိပြီး သိပ်ကြိုက်သွားတယ်။ လက်ထဲမှာ စာအုပ်မရှိတော့ အင်တာနက်ကနေပဲ စာအုပ်ကို ဒေါင်းပြီး ဖတ်ဖြစ်လိုက်တယ်။ စာအုပ်ထဲကျမှ ဇာတ်ကောင်တွေရဲ့ စရိုက်ကို ပိုပြီး ကွက်ကွက်ကွင်းကွင်း မြင်လာရတာမို့ ပိုတောင် သဘောကျသွားတာနဲ့ ပထမတစ်ခန်း ဘာသာပြန်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာ။ Harddisk အဟောင်းလေး ပြန်ရှင်းတော့မှ ဒီဖိုင်လေး ပြန်ရှာတွေ့တယ်။ Jane Austen ရဲ့ စာအုပ်တွေက ကိုယ်နဲ့ သိပ် အစေးကပ်တယ်လို့ ခံစားရတယ်။ အေးအေး ဖြည်းဖြည်းနဲ့ ဆွဲခေါ်ပြီး လူ့စရိုက်ကို ပြသသွားတာမျိုးကိုး။ Jane ရဲ့ အထင်ရှားဆုံး လက်ရာ ၆ ခုကိုလဲ တစ်နေ့တော့ မြန်မာဘာသာနဲ့ တစ်စုတစ်စည်းတည်း ရှိစေချင်မိတာ အမှန်ပဲ။ အချိန်ပေးပြီး ကြိုးစားရမှာပေါ့လေ။
Pride and Prejudice by Jane Austen
နဖူးစာ ရွာလည်
ချမ်းသာကြွယ်ဝသော လူပျိုတစ်ဦးသည် အိမ်သူသက်ထား ဇနီးမယားတစ်ဦးကို မလွဲမသွေ လိုအပ်ရမည် ဟူသည့်အချက်မှာ လူတိုင်းလက်ခံထားသော အမှန်တရားပင် ဖြစ်ပေသည်။ ထိုသို့သော အမျိုးသားတစ်ဦး ရပ်ကွက်တစ်ခုအတွင်းသို့ စတင်ဝင်ရောက်လာချိန်တွင် သူ၏ခံစားချက် သို့မဟုတ် အမြင်များကို မည်မျှပင် မသိရှိရသေးစေကာမူ ဤအမှန်တရားမှာ ပတ်ဝန်းကျင်ရှိ မိသားစုများ၏ စိတ်ထဲတွင် အခိုင်အမာ ကိန်းဝပ်နေပြီဖြစ်ရာ သူ့အား မိမိတို့သမီးများထဲမှ တစ်ဦးဦး၏ တရားဝင်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ထားကြလေ့ရှိကြလေသည်။
"မစ္စတာဘန်းနက်ရှင့်" တစ်နေ့တွင် ဇနီးဖြစ်သူက သူ့အား ပြောလေသည်။ "နယ်သာဖီးလ်ပါ့ခ် စံအိမ်ကြီးကို နောက်ဆုံးတော့ အငှားချလိုက်ပြီဆိုတာ ရှင်ကြားပြီးပြီလား"
မစ္စတာဘန်းနက်က မကြားရသေးကြောင်း ပြန်ဖြေ၏။
"ငှားလိုက်ပြီတဲ့ရှင်၊" ဟု အမျိုးသမီးက ဆက်ပြောလေသည်။ "မစ္စစ်လောင်း ခုလေးတင် ဒီကိုလာသွားပြီး အဲဒီအကြောင်းတွေ အကုန်ပြောပြသွားတာပါဆို"
မစ္စတာဘန်းနက်က ဘာမှပြန်မပြောချေ။
"ဘယ်သူငှားလိုက်တာလဲဆိုတာ ရှင်မသိချင်ဘူးလား" သူ၏ဇနီးက စိတ်မရှည်စွာဖြင့် အော်ပြောလေတော့သည်။
"မင်း ပြောချင်နေတာပဲလေ၊ ကိုယ်ကလဲ နားထောင်ပေးဖို့ရာ ကန့်ကွက်စရာမရှိပါဘူး"
ဤမျှဆိုလျှင်ပင် မစ္စစ်ဘန်းနက်အတွက် အားတက်သွားစေရန် လုံလောက်နေပြီဖြစ်ပါသည်။
"ဒီလိုလေ ရှင်ရဲ့၊ မစ္စစ်လောင်း ပြောပြတာကတော့ နယ်သာဖီးလ် စံအိမ်ကြီးကို အင်္ဂလန်မြောက်ပိုင်းက ငွေကြေးချမ်းသာတဲ့ လူရွယ်တစ်ယောက် ငှားလိုက်တယ်တဲ့။ သူက တနင်္လာနေ့တုန်းက မြင်းလေးကောင်ဆွဲတဲ့ ရထားလုံးနဲ့ ဒီနေရာကို လာကြည့်သွားတယ်။ သိပ်ကို သဘောကျသွားတာမို့ မစ္စတာမောရစ်နဲ့ ချက်ချင်းပဲ စာချုပ်ချုပ်ဖြစ်သွားတယ်တဲ့လေ။ မိုက်ကယ်မတ်စ်ပွဲတော် မတိုင်ခင် သူပြောင်းလာမှာဖြစ်ပြီး သူ့ရဲ့အစေခံတချို့ကတော့ နောက်အပတ်ကုန်လောက်မှာ အိမ်ကို ကြိုရောက်နေကြလိမ့်မယ်တဲ့"
"သူ့နာမည်က ဘယ်သူတဲ့လဲ"
"ဘင်ဂလေ တဲ့"
"သူက အိမ်ထောင်သည်လား၊ လူပျိုလား"
"အို... လူပျိုပေါ့ ရှင်ရဲ့၊ သေချာတာပေါ့။ ငွေကြေးချမ်းသာတဲ့ လူပျိုလေ။ တစ်နှစ်ကို ဝင်ငွေ ၄၀၀၀ ဒါမှမဟုတ် ၅၀၀၀ လောက်ရှိသတဲ့။ ကျွန်မတို့ သမီးတွေအတွက် ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အခွင့်အရေးလဲ"
"ဘယ်လိုဖြစ်လို့လဲ။ အဲဒါက သမီးတွေနဲ့ ဘာဆိုင်လို့လဲ"
"မစ္စတာဘန်းနက်ရယ်" မစ္စက်ဘန်းနက်က ပြန်ဖြေလေသည်။ "ရှင်က ဘာလို့ဒီလောက်တောင် စကားပြောရ လက်ပေါက်ကပ်နေရတာတုံး။ သူက ကျွန်မတို့သမီးတွေထဲက တစ်ယောက်ယောက်ကို လက်ထပ်လိမ့်မယ်လို့ ကျွန်မ တွေးနေတယ်ဆိုတာ ရှင်သိသင့်တာပေါ့တော်"
"ဒါက သူ့ရဲ့ ဒီမှာလာပြီးအခြေချရတဲ့ ရည်ရွယ်ချက်လား"
"ရည်ရွယ်ချက် ဟုတ်လား ...အဓိပ္ပါယ်မရှိတာ။ ရှင်ကလဲ ဘယ်လို စကားတွေ ပြောနေပါလိမ့်နော်။ ဒါပေမဲ့ သူက သမီးတွေထဲက တစ်ယောက်ယောက်ကို ချစ်မိသွားဖို့ အလားအလာ သိပ်များတယ်ရှင့်။ ဒါကြောင့် သူရောက်ရောက်ချင်း ရှင်သွားပြီး နှုတ်ဆက်သင့်တယ်"
"ကျုပ်ဖြင့် အဲဒီလိုလုပ်ဖို့ အကြောင်းအရင်း မတွေ့မိပါဘူးဗျာ။ မင်းနဲ့ သမီးတွေပဲ သွားကြပါလေ။ ဒါမှမဟုတ် သမီးတို့ကိုချည်းပဲ လွှတ်လိုက်တာ ပိုတောင်ကောင်းအုံးမယ်။ မင်းကလဲ သမီးတွေနည်းတူ ချောမောနေတုန်းဆိုတော့ မစ္စတာဘင်ဂလေက မင်းကို အသဘောအကျဆုံးတောင် ဖြစ်သွားနိုင်သေးတယ်"
"ရှင်ကတော့ ကျွန်မကို မြှောက်ပြောနေပြန်ပါပြီ။ ကျွန်မလဲ တစ်ချိန်က လှဖူး ပဖူး ခဲ့တာ မှန်ပါရဲ့။ ဒါပေမဲ့ အခုမှတော့ ထူးပြီး လှကြောင်း ပကြောင်း ဟန်ဆောင်မနေနိုင်တော့ပါဘူးရှင်။ အမျိုးသမီး တစ်ယောက်မှာ အရွယ်ရောက်ပြီးသား သမီးငါးယောက်တောင် ရှိနေပြီဆိုရင် ကိုယ့်အလှအပအကြောင်း တွေးနေတာမျိုးကို ရပ်တန်းက ရပ်သင့်ပြီပေါ့လို့"
"အဲဒီလိုအခြေအနေမျိုးမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ တွေးစရာ အလှအပဆိုတာလဲ သိပ်ပြီး မကျန်တော့တာ များပါတယ်"
"ဒါပေမဲ့ ရှင်ရယ်၊ မစ္စတာဘင်ဂလေ ဒီရပ်ကွက်ထဲ ရောက်လာတဲ့အခါ ရှင် တကယ်ကို သွားပြီး နှုတ်ဆက်သင့်ပါတယ်"
"ကိုယ်ကတော့ တကယ်မလုပ်နိုင်တာကို ကတိပေးမဲ့ အစားထဲ မပါဘူးဟေ့။ အဲဒီ တစ်ချက်တော့ ရဲရဲကြီး ပြောရဲတယ်"
"ကိုယ့်သမီးတွေအတွက်လည်း ငဲ့ပါအုံးရှင်။ သူတို့ထဲက တစ်ယောက်အတွက် ဘယ်လောက်တောင် ကောင်းတဲ့ အိမ်ထောင်ဖက် ဖြစ်လာမလဲဆိုတာ စဉ်းစားကြည့်ပါဦး။ ဆြာဝီလျံနဲ့ လေဒီ လူးကပ်စ်တို့တောင် အဲဒီကိစ္စကြောင့်ပဲ သွားဖို့ ဆုံးဖြတ်ထားကြတယ်။ ပုံမှန်ဆိုရင် သူတို့က လူသစ်တွေကို ဘယ်တော့မှ သွားနှုတ်ဆက်လေ့ရှိတာ မဟုတ်ဘူးဆိုတာ ရှင်လဲသိသားပဲ။ တကယ်တော့ ရှင် သွားကိုသွားရမယ်။ ရှင်မှမသွားရင် ကျွန်မတို့က သူ့ကိုသွားနှုတ်ဆက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ"
"မင်းက တကယ့်ကို အလွန်အကျွံတွေ တွေးနေတာကိုး။ မစ္စတာဘင်ဂလေက မင်းတို့ကိုတွေ့ရတာ သိပ်ဝမ်းသာမယ်လို့ ကိုယ်ထင်ပါတယ်။ သမီးတွေထဲက သူသဘောကျတဲ့သူ ဘယ်သူ့ကိုမဆို လက်ထပ်ဖို့ ကိုယ်အပြည့်အဝ သဘောတူပါတယ်ဆိုတဲ့အကြောင်း မင်းကတစ်ဆင့် စာလေးတချို့လောက်တော့ ကိုယ်ပါးလိုက်ပါ့မယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ လစ်ဇီလေးအတွက်တော့ ပိုပိုသာသာလေး စာထည့်ရေးရမှာပေါ့လေ"
"ရှင် အဲဒီလိုလုပ်တာ ကျွန်မကတော့ သဘောမတူဘူး။ လစ်ဇီက တခြားသမီးတွေထက် နည်းနည်းလေးမှ ပိုသာနေတာမှ မဟုတ်တာ။ သူက ဂျိန်းရဲ့ တစ်ဝက်တောင်မချောသလို၊ လစ်ဒီယာလောက်လည်း ပျော်ပျော်မနေတတ်ဘူးဆိုတာ ကျွန်မ ကျိန်ပြောရဲသရှင်။ ဒါပေမဲ့ ရှင်ကတော့ အမြဲတမ်း သူ့ကိုချည်း ဦးစားပေးနေတာပဲ"
"သူတို့အားလုံးမှာ ထောက်ခံပြောဆိုစရာဆိုလို့ ဘာမှသိပ်မရှိကြပါဘူးလေ" ဟု မစ္စတာ ဘန်းနက်က ပြန်ဖြေ၏။ "သူတို့အားလုံးက တခြားမိန်းကလေးတွေလိုပဲ မိုက်မဲပြီး ဆင်ခြင်တုံတရား ကင်းမဲ့ကြတာပဲ။ ဒါပေမဲ့ လစ်ဇီကတော့ သူ့အစ်မ၊ ညီမတွေထက်စာရင် ဉာဏ်ပိုပြေးချင်တဲ့အရိပ်အယောင်လေး ရှိတယ်"
"မစ္စတာဘန်းနက်ရှင့်၊ ကိုယ့်သားသမီးတွေကို ရှင်က ဘယ်နှယ့်လုပ် အဲဒီလိုမျိုး ကဲ့ရဲ့ပြောဆိုနိုင်ရတာတုံး။ ရှင်က ကျွန်မ ဒေါသထွက်အောင်လုပ်ရတာကို သဘောကျနေတာပဲ။ ကျွန်မရဲ့ သနားစရာ အာရုံကြောလေးတွေကို ရှင် နည်းနည်းမှ မစာနာဘူး"
"မင်း ကိုယ့်ကို အထင်လွဲနေပြန်ပါပြီ။ မင်းရဲ့ အာရုံကြောလေးတွေကို ကိုယ်က သိပ်ကို မြတ်နိုးတာပေါ့။ သူတို့က ကိုယ့်ရဲ့ မိတ်ဆွေဟောင်းကြီးတွေပဲဟာ။ မင်း သူတို့အကြောင်းကို ဂရုတစိုက်နဲ့ ပြောလာခဲ့တာကို ကိုယ်ကြားနေရတာ အနည်းဆုံး အနှစ်နှစ်ဆယ်လောက်တောင် ရှိနေပြီလေ"
"ဪ... ကျွန်မ ဘယ်လောက်တောင် ခံစားနေရလဲဆိုတာ ရှင်မှမသိတာ"
"ဒါပေမဲ့ မင်း ဒါကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကိုယ်မျှော်လင့်ပါတယ်။ ပြီးတော့ တစ်နှစ်ကို ဝင်ငွေ ၄၀၀၀ လောက်ရှိတဲ့ လူရွယ်တွေ ဒီရပ်ကွက်ထဲကို အများကြီး ရောက်လာတာကို တွေ့မြင်နိုင်တဲ့အထိ သက်တမ်းစေ့ နေရအုံးမှာပါ"
"ရှင်ကမှ သွားမနှုတ်ဆက်ရင် အဲဒီလိုလူမျိုး အယောက်နှစ်ဆယ်လောက် ရောက်လာလဲ ကျွန်မတို့အတွက် ဘာမှထူးလာမှာ မဟုတ်ဘူးရှင့်”
"စိတ်ချပါ ကွယ်၊ အယောက်နှစ်ဆယ်လောက် ရောက်လာရင်တော့ အားလုံးကို ကိုယ် ရောက်အောင် သွားနှုတ်ဆက်ပါ့မယ်"
မစ္စတာဘန်းနက်သည် ထက်မြက်သော ဉာဏ်ရည်၊ ခနဲ့တဲ့တဲ့ ဟာသဉာဏ်၊ မျိုသိပ်တတ်မှုနှင့် စိတ်ပြောင်းလဲလွယ်မှုတို့ ထူးဆန်းစွာ ရောယှက်နေသူတစ်ဦးဖြစ်ရာ၊ ၂၃ နှစ်တိုင်တိုင် ပေါင်းသင်းလာခဲ့သည့်တိုင်အောင် ဇနီးဖြစ်သူအနေဖြင့် သူ၏စရိုက်ကို နားလည်နိုင်စွမ်း မရှိခဲ့ပေ။ မစ္စစ် ဘန်းနက်၏ စိတ်သဘောထားကိုမူ ခန့်မှန်းရန်မှာကား သိပ်မခက်ခဲလှချေ။ သူသည် နားလည်နိုင်စွမ်းနည်းပါးကာ၊ ဗဟုသုတခေါင်းပါးပြီး၊ စိတ်သဘောထား မတည်ငြိမ်သော အမျိုးသမီးတစ်ဦး ဖြစ်၏။ သူ စိတ်မချမ်းမသာဖြစ်သည့်အခါတိုင်း မိမိကိုယ်ကို အာရုံကြောအားနည်းနေသည်ဟု ထင်မှတ်လေ့ရှိလေသည်။ သူ့ဘဝ၏ အဓိကလုပ်ငန်းစဉ်မှာ သမီးများကို အိမ်ထောင်ချပေးရန်ဖြစ်ပြီး၊ သူ၏ တစ်ခုတည်းသော နှစ်သိမ့်ရာမှာ အလည်အပတ်သွားခြင်းနှင့် သတင်းစကားများ နားထောင်ခြင်းသာ ဖြစ်လေတော့သည်။
Review By Thet Paing Writes

💬 Comment / Review
Comment များကို ရယူနေပါသည်…