စာဖတ်သူမှ စကားသံ
ဆရာသက်ပိုင် ဘာသာပြန်သော သြဒစ္ဆေမော်ကွန်း မှ အငွေ့အသက်များကို ခံစားခြင်း Aung Myo Thiha Facebook acc မှ ကူးယူဖော်ပြပါသည်။ ==================================
ဂရိပြဇာတ် မဒဲရာကို ဆရာမိုးရဲဘာသာပြန်တာကို ဖတ်တော့ စိတ်ထဲမှာတောင့်တနေတဲ့ ရှေးအငွေ့အသက်အပြည့်ပါတဲ့ စကားပြောဟန်တွေကို အရမ်းသဘောကျခဲ့မိတယ်။ အခု ဆရာသက်ပိုင်ပြန်တာကိုဖတ်ရတော့ စာမျက်နှာ ၅၀၀ ဆိုတော့ တဝကြီးထပ်ခံစားရတာပေါ့။ ကျွန်တော် Odyssey ကိုဖတ်နေတဲ့အချိန်မှာ တခြားစာအုပ်တွေအကြောင်းက်ိုမတွေးချင်၊မကိုင်ချင်ပဲ သည်စာအုပ်ကိုပဲ သွားလေရာယူသွားပြီး ဖတ်ရလောက်တဲ့အထိ စိတ်ဝင်တစားနှစ်သက်ခဲ့တာပါ။
ဆရာသက်ပိုင်ရဲ့လက်ရာကို ပထမဆုံးဖတ်ဖူးတာဆိုသည့်တိုင် ညက်ညောပြေပြစ်မှုဟာ ဇာတ်လမ်းထဲမှာပါတဲ့ အထူးပျားရည်ဝိုင်ချိုကို ဖြည်းဖြည်းချင်း သောက်နေရသလို ခံစားရပါတယ်။ ဒါကတော့ ဘာသာပြန်အရေးအသားနဲ့ပက်သတ်လို့ပေါ့။ အခုစာအုပ်အကြောင်းကိုဆက်ပြောပါမယ်။
ဒီစာအုပ်ဟာ အပေါ်ယံကြည့်မယ်ဆိုရင်တော့ စစ်တိုက်ပြန်ယောကျ်ားတစ်ယောက်က မွေးရပ်မြေကိုပြန်တဲ့ဇာတ်လမ်းတစ်ခုပါပဲ။ ဒါပေမယ့် ဒီဇာတ်လမ်းထဲမှာ အတုယူစရာ၊သိဖွယ်မှတ်ရာတွေအပြည့်ပါပဲ။ လူသားတစ်ဦးနဲ့ နတ်ဘုရားအမျိုးမျိုးရဲ့ကြားက လှည့်စားမှု၊ အနိုင်ကျင့်မှု၊ လွတ်မြောက်အောင်ရုန်းကန်မှုတွေကို ဟိုးမား ဆိုသူက တခမ်းတနားရေးပြထားလို့ပါပဲ။
ဒီနေရာမှာကျွန်တော်ပြောချင်တာက စာအုပ်အကြောင်းထက် စာအုပ်ကရတဲ့ အငွေ့အသက်တွေအကြောင်းပါ။ ဖတ်လာရင်းနဲ့ The Odyssey ဆိုတာက စာအုပ်တစ်အုပ်ဖတ်နေရတယ်ဆိုတဲ့ခံစားချက် ထက် မိုးမှောင်ကျနေတဲ့ ပင်လယ်ပြင်ကြီးထဲမှာ လှေကြီးတစ်စီးကိုစီးရင်း၊ အိုဒီးစီးရပ်စ် ဘေးကနေအတူလိုက်ပါရင်း သူနဲ့အတူတူအိမ်အပြန်ခရီးရဲ့ အနိမ့်အမြင့်အတက်အကျတွေနဲ့ ရှေးဟောင်းဂရိပင်လယ်ပြင်ရဲ့ကမ္ဘာတစ်ခုထဲကို ဝင်ရောက်သွားရသလို ခံစားခဲ့ရပါတယ်။
အိုဒီးစီးယပ်စ် ဟာတကယ်တော့ သူရဲကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်လမ်းထဲမှာ သူဟာ စစ်မှာ အနိုင်ရဖို့ တိုက်ခိုက်နေတဲ့ သူရဲကောင်းတစ်ယောက်ဆိုတာထက်၊မွေးရပ်မြေကို ပြန်လာဖို့ ကြိုးစားနေတဲ့ လူသားတစ်ယောက် အနေနဲ့ကျွန်တော်တို့က ဖတ်ကြရမှာပါ။ သူ့မှာ ချစ်ရတဲ့သားငယ် တယ်လစ်မက္ကပ်စ် နဲ့ ဇနီး ဖီနယ်လိုပီ တို့လည်းရှိပါတယ်။
စာအုပ်ဖတ်ရင်း ဖီနယ်လိုပီနေရာကို ဝင်ခံစားကြည့်ပြန်တော့လည်း နှစ်ပေါင်းများစွာ လင်ယောကျ်ားရဲ့ အပြန်လာကို မျှော်နေတဲ့ မျှော်လင့်ခြင်း ခရီးရှည်ကိုလည်းစာနာမိပြန်ပါတယ်။ စာအုပ်ပြီးခါနီးလေလေ ပြီးသွားမှာစိုးလေလေပါပဲ။ ဟိုးဂရိခေတ်ကနေ ယနေ့အထိ ခေတ်တွေပြောင်းသွားတယ်။
လှေတွေကနေသင်္ဘောတွေပြောင်းသွားတယ်။ နတ်ဘုရားတွေနဲ့ပက်သက်ပြီး လူတွေရဲ့ ယုံကြည်မှုတွေပြောင်းသွားတယ်။ ဒါပေမယ့်လူသားဆိုတဲ့ မျိုးစိတ်တွေရဲ့ အိမ်ပြန်ချင်တဲ့စိတ် ၊အိမ်ကိုချစ်တဲ့စိတ်၊ မွေးရပ်မြေအပေါ်တွယ်တာတဲ့စိတ်တွေကတော့ပြောင်းမသွားပါဘူး။
အဲ့ဒီလိုပဲ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ပြန်တွေ့ချင်တဲ့စိတ်လည်း မပြောင်းဘူး။ ဆုံးရှုံးသွားတဲ့အရာတစ်ခုကို ပြန်ရှာချင်တဲ့စိတ်လည်း မပြောင်းဘူး။ ပြီးတော့ ဘဝက ဘယ်လောက်ပဲ ခက်ခဲနေပါစေ “တစ်နေ့တော့ အဆင်ပြေသွားမယ်” လို့ ယုံကြည်ပြီး ဆက်လျှောက်နေတဲ့ ကျွန်တော်တို့ရဲ့စိတ်တွေဟာလည်း မပြောင်းလဲသွားကြပါဘူး။
အိုဒစ်စီးယပ်စ် ရဲ့ခရီးမှာ ကျွန်တော်အကြိုက်ဆုံးအရာက သူဟာ အမြဲတမ်း အောင်မြင်နေတာမဟုတ်ဘူးဆိုတာပဲ။ သူလဲကျတယ်။ ဆုံးရှုံးတယ်။
မှားတယ်။ လမ်းပျောက်တယ်။ အထီးကျန်တယ်။
တစ်ခါတလေ မျှော်လင့်ချက်ပျောက်သလိုတောင် ဖြစ်တယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူ့အိမ်ပြန်ခရီးကို ဆက်ပြီးရအောင် သွားတယ်။ အိုဒီးစီးယပ်စ်လိုပါပဲ။
ကျွန်တော်တို့အားလုံးမှာလည်း ကိုယ်ပိုင် အစ်သက္ကနဲ့တူတဲ့နေရာ တစ်ခုစီ ရှိနေကြမယ်ထင်တယ်။ လူတစ်ယောက်အတွက် အစ်သက္ကဟာ မိသားစုဖြစ်နိုင်တယ်။ တစ်ယောက်အတွက်ကျတော့ အိပ်မက်တစ်ခုဖြစ်နိုင်တယ်။
နောက် တစ်ယောက်အတွက် ကိုယ်ချစ်တဲ့လူတစ်ယောက်ဖြစ်နိုင်တယ်။ တစ်ယောက်အတွက်တော့ ပျောက်ဆုံးသွားတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ဖြစ်နိုင်တယ်။ အဲ့သည်လိုပါပဲ။
ကျွန်တော်တို့ရဲ့ ဘဝတွေက ပင်လယ်ပြင်က သင်္ဘောလေးတွေလိုပါပဲ။ လှိုင်းတွေက ဘယ်အချိန်ထလာမလဲ မသိရဘူး။ ကိုယ်သွားချင်တဲ့နေရာနဲ့ ကိုယ်ရောက်နေတဲ့နေရာက တစ်ခြားစီဖြစ်နေတတ်တယ်။
တစ်ခါတလေ လမ်းပျောက်တယ်။ တစ်ခါတလေ ကိုယ်သွားနေတဲ့လမ်းက မှန်ရဲ့လားတောင် မသိနိုင်တော့တာတွေလည်းကြုံရတတ်တယ်။ တစ်ခါတလေကျတော့လည်း ဆားနံ့သင်းတဲ့ရေပြင်တွေ ပျံသန်းနေတဲ့စင်ရော်ငှက်ကလေးတွေနဲ့ နေခြည်ဖြာတဲ့ ပင်လယ်ပြင်လိုမျိူး ပျော်စရာတွေနဲ့လည်း ကြုံရတတ်ပါတယ်။
အခု ဒီစာအုပ်မှာလူစွမ်းကောင်း အိုဒစ်စီးယပ်စ် အစ်သက္က ကို ပြန်ရောက်လာတဲ့အခါ သူ့အတွက် ခရီးက ပြီးသွားပြီ။ ဒါပေမယ့် တကယ်တမ်း အတွက်တော့ မပြီးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူပြန်ရောက်လာတဲ့ အစ်သက္ကက သူထွက်သွားတုန်းက အစ်သက္က မဟုတ်တော့ဘူး။
သူကိုယ်တိုင်လည်း အရင်က အိုဒစ်စီးယပ်စ်မဟုတ်နိုင်တော့လို့ပါပဲ။ ခရီးက သူ့ကိုလုံးဝ ပြောင်းလဲပစ်ခဲ့ပါပြီ။ တစ်နေရာကနေ မူလနေရာကို ပြန်ရောက်တဲ့အခါ အဲ့ဒီနေရာက အရင်အတိုင်းရှိမနေနိုင်သလို ကိုယ်ကတော့ အရင်လူမဟုတ်နိုင်တော့ဘူး။
မူရာကာမိပြောဖူးသလိုပေါ့။ “When you come out of the storm, you won’t be the same person who walked in.”
တစ်ခါတလေ ခရီးရဲ့အဓိပ္ပါယ်က ရောက်ရှိသွားတဲ့နေရာမှာ မဟုတ်ဘဲ လမ်းတစ်လျှောက်မှာ ကိုယ်ဘယ်လိုလူတစ်ယောက် ဖြစ်လာခဲ့သလဲ ဆိုတာမှာ ဆုံးဖြတ်ပေးနိုင်တယ်မလား။အဲ့ဒီလိုပဲ အိုဒစ်စီးယပ်စ် ဟာလည်း ပြောင်းလဲခဲ့မှာပါပဲ။ တကယ်တော့ နိဂုံးချုပ်ပြောရရင် သြဒစ္ဆေဆိုတာ ပင်လယ်ကြီးတစ်ခုလုံးကို ဖြတ်ကျော်ပြီးနောက်မှာတောင် မလွှတ်ခဲ့တဲ့ မျှော်လင့်ချက်ကလေး တစ်ခု။ နှစ်တွေကြာအောင် စောင့်နေခဲ့တဲ့ လူတစ်ယောက်ရဲ့ ချစ်ခြင်းတစ်ခု။မိသားစုဆီ ပြန်လာဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ရဲ့ နာကျင်မှုတစ်ခုနဲ့ “အိမ်” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုပေးနိုင်တဲ့ မော်ကွန်းလင်္ကာရှည်ကြီးတစ်ခုပါပဲ။
Review By Thet Paing Writes

💬 Comment / Review
Comment များကို ရယူနေပါသည်…