Les Miserables by Victor Hugo
အပယ်ခံတို့ နှလုံးသား ၁၊ ၁၊ ၇
သက်ပိုင် (မြန်မာဘာသာ ပြန်ဆိုသည်။)
အခန်း ၇ ကရာဗတ်
ဒိညမြို့ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် မည်သို့သောလူစားမျိုး ဖြစ်ကြောင်း အကောင်းဆုံး သရုပ်ဖော်ပြနိုင်သည့် အဖြစ်အပျက်များထဲမှ တစ်ခုဖြစ်သဖြင့် ကျွန်ုပ်တို့ မဖြစ်မနေ ထည့်သွင်းပြောပြရမည့် အဖြစ်အပျက်တစ်ခုကို ပြန်လည်ပြောပြရန် ဤသည်မှာ အသင့်တော်ဆုံး နေရာပင်ဖြစ်၏။
အိုလီယူးလ် ချောက်ကမ်းပါးများကို နှောင့်ယှက်ဖျက်ဆီးနေသော ဂတ်စ်ပါဘဲ၏ ဓားပြဂိုဏ်းကြီး ပျက်စီးသွားပြီးနောက်၊ သူ၏ လက်ထောက်ခေါင်းဆောင် တစ်ဦးဖြစ်သော ကရာဗတ်သည် တောင်တန်းများပေါ်တွင် ခိုလှုံပုန်းအောင်းနေခဲ့လေသည်။
ဂတ်စ်ပါဘဲ ဂိုဏ်းမှ အသက်ရှင်ကျန်ရစ်သူ တရားခံပြေးများနှင့်အတူ သူသည် နိစ်ခရိုင်တွင် အချိန်အတန်ကြာ ပုန်းအောင်းနေခဲ့ပြီးနောက် ပီးမွန့်ဒေသသို့ သွားရောက်ခဲ့ကာ ပြင်သစ်နိုင်ငံ၊ ဘာစီလွန်နက်မြို့အနီးတွင် ရုတ်တရက် ပြန်လည် ပေါ်ပေါက်လာခဲ့၏။ သူ့ကို ယိုဇီယေး ဒေသတွင် ဦးစွာတွေ့မြင်ခဲ့ရပြီး၊ ထို့နောက် တွီးလ်ဒေသတွင် တွေ့မြင်ရပြန်သည်။
သူသည် ယု-ဒီ-လေဂယ် တောင်ပေါ်ရှိဂူများတွင် ပုန်းအောင်းနေလေ့ရှိပြီး ထိုနေရာမှ အူဘိုင်ယေနှင့် အူဘိုင်ယက်မြစ်ကြောင်းတစ်လျှောက်ရှိ ရွာငယ်များနှင့် ကျေးရွာများဆီသို့ ဆင်းလာကာ တိုက်ခိုက်တတ်လေသည်။ သူသည် အမ်ဘရွန်မြို့အထိပင် စွန့်စွန့်စားစားဝင်ရောက်ခဲ့ပြီး တစ်ညတွင် ဘုရားရှိခိုးကျောင်းကြီးထဲသို့ ဝင်ကာ ဘုန်းတော်ကြီးများ၏ ဝတ်ရုံခန်းကို ဖျက်ဆီးလုယက်ခဲ့သည်။
သူ၏ လုယက်ဖျက်ဆီးမှုများကြောင့် ဒေသခံများမှာ မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်ခဲ့ရသည်။ ရဲတပ်ဖွဲ့ဝင်များကို သူ့နောက်သို့ စေလွှတ်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့၏။ သူကား အမြဲတမ်း လွတ်မြောက်သွားခဲ့သည်သာ။
သူသည် ရဲတင်းသော လူဆိုးတစ်ဦး ဖြစ်သည့်အားလျော်စွာ တစ်ခါတစ်ရံတွင် ပြန်လည်ခုခံ တိုက်ခိုက်တတ်လေသည်။ ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော အချိန်ကာလတွင် ဆရာတော်သည် ထိုနေရာသို့ သူ၏ သာသနာရေး ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့လေတော့သည်။ ရှပ်စတဲလာမြို့တွင် မြို့တော်ဝန်ကိုယ်တိုင်ပင် ဆရာတော်ကို လာရောက်ကြိုဆိုပြီး နောက်ကြောင်းပြန်လှည့်ရန် တိုက်တွန်းခဲ့၏။
ကရာဗတ်သည် အာချီမြို့နှင့် အခြားတစ်ဖက်အထိ တောင်တန်းများကို ထိန်းချုပ်ထားပြီ ဖြစ်သောကြောင့်ပင်။ သက်တော်စောင့် ခရီးဖော် ပါဝင်လျှင်ပင် အန္တရာယ်ရှိနိုင်ပြီး၊ ထိုသို့လုပ်ဆောင်ခြင်းမှာလည်း သနားစရာကောင်းသော သက်တော်စောင့် ရဲတပ်ဖွဲ့ဝင် ၃၊ ၄ ဦးကို အလဟဿ အန္တရာယ်တွင်းသို့ တွန်းပို့ခြင်းသာ ဖြစ်ပေလိမ့်မည်။
ဤတွင် ဂိုဏ်းအုပ်ဘုန်းတော်ကြီးက “ဒါကြောင့်မို့လို့ပဲ ကျုပ် သက်တော်စောင့်မပါဘဲ သွားဖို့ ရည်ရွယ်ထားတာ” ဟု မိန့်ဆိုလေသည်။
“ဆရာတော် တကယ်ပြောနေတာလား ဘုရား” ဟု မြို့တော်ဝန်က အံ့အားသင့်စွာ မေးလိုက်၏။
“ဟုတ်သဗျား၊ ဘယ်လောက်တောင် သွားချင်သလဲဆိုတော့ သက်တော်စောင့်ရဲတစ်ယောက်မှကို မခေါ်ဘဲ နောက်တစ်နာရီအတွင်း ကျုပ် ခရီးဆက်မယ်”
“တကယ်လား သွားမှာလား ဘုရား”
“တကယ်ပါဆိုကွယ်”
“တစ်ယောက်တည်းလား ဘုရား”
“တစ်ယောက်တည်းပါပဲ”
“မသင့်တော်ပါဘူး ဘုရား”
ဂိုဏ်းအုပ်ဘုန်းတော်ကြီးက “တောင်တန်းတွေပေါ်မှာ ကျုပ် မရောက်ဖြစ်တာ ၃ နှစ်ရှိပြီဖြစ်တဲ့ အသေးငယ်ဆုံးနဲ့ နွမ်းပါးတဲ့ လူစုလေးတစ်ခု ရှိတယ်။ သူတို့ဟာ ကျုပ် ချစ်ရတဲ့ မိတ်ဆွေတွေပဲ။ သိမ်မွေ့ပြီး ရိုးသားတဲ့ သိုးကျောင်းသားငယ်တွေလေ။ သူတို့ဟာ သိုးအကောင် ၃၀ တောင် ကျောင်းရတယ်ဆိုပေမဲ့ ပိုင်ဆိုင်တာကတော့ ၁ ကောင်တည်းရယ်။ အရောင်မျိုးစုံနဲ့ အရမ်းလှတဲ့ သိုးမွေးကြိုးလေးတွေ ရက်ကြပြီး၊ အပေါက် ၆ပေါက်ပါတဲ့ ပလွေလေးတွေနဲ့ တောင်ပေါ်တေးသွားလေးတွေ တီးမှုတ်တတ်ကြတယ်။ သူတို့ကို ဘုရားသခင်အကြောင်း ပြောပြပေးမဲ့သူ တစ်ယောက် သူတို့ လိုအပ်နေကြတယ်။ ဂိုဏ်းအုပ်ဘုန်းတော်ကြီး တစ်ပါးက ကြောက်နေတယ်ဆိုရင် သူတို့ ဘယ်လိုထင်သွားကြမတုံး။ သူတို့ဆီ ကျုပ် မသွားဘူးဆိုရင် သူတို့ ဘယ်လိုထင်သွားကြမတုံး” ဟု မိန့်ဆိုလေသည်။
“ဒါပေမဲ့ ဓားပြတွေနဲ့မို့လို့ပါ ဘုရား။ ဓားပြတွေနဲ့ သွားတိုးရင် ဘယ့်နှယ်လုပ်ပါ့မလဲ”
ဆရာတော်က “အင်း.. အဲဒီအကြောင်း ကျုပ်လဲ စဉ်းစားနေတာပဲ။ ခင်ဗျားပြောတာ မှန်တယ်။ ကျုပ် သူတို့နဲ့လဲ သွားတိုးနိုင်တာပဲ။ သူတို့လဲ ဘုရားသခင်အကြောင်း ပြောပြပေးမဲ့သူ တစ်ယောက်ကို လိုအပ်နေတာပဲလေ” ဟု မိန့်၏။
“ဆရာတော် ဘုရား။ သူတို့ဟာ အရိုင်းအစိုင်း ဝံပုလွေတွေနဲ့ တူတဲ့ ဓါးပြဂိုဏ်းကြီးပါ ဘုရား”
“မြို့တော်ဝန်ကြီး၊ ခရစ်တော်က ကျုပ်ရဲ့ သာသနာပြု စောင့်ရှောက်မှုအောက်ကို အပ်နှင်းလိုက်တဲ့ ဒီသိုးအုပ်ဟာ ဒီဝံပုလွေအုပ်ကြီးလဲ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဘုရားသခင်ရဲ့ လမ်းစဉ်တွေကို ဘယ်သူက နားလည်နိုင်မှာပါလဲ”
“သူတို့ ကိုယ်တော့်ကို လုယက်ကြပါလိမ့်မယ် ဘုရား”
“ကျုပ်မှာ ဘာပိုင်ဆိုင်မှုမှ မရှိဘူးလေ”
“ဒါဖြင့် သူတို့ ကိုယ်တော့်ကို သတ်ကြလိမ့်မယ် ဘုရား”
“ဖြတ်လျှောက်သွားရင်း ဆုတောင်းစာတွေ ရွတ်နေတဲ့ အန္တရာယ်မရှိတဲ့ ဘုန်းကြီးအိုတစ်ပါးကိုလား။ ဘာအတွက်ကြောင့် သတ်ရမှာလဲ မြို့ဝန်ကြီးရဲ့”
“မသင့်တော်ပါဘူး ဘုရား။ သူတို့နဲ့သာ ထိပ်တိုက်တိုးခဲ့ရင်...”
“ကျုပ်ရဲ့ ဆင်းရဲသားတွေအတွက် လှူဒါန်းဖို့ သူတို့ကို တောင်းဆိုရမှာပေါ့ မဟုတ်ဘူးလား”
“ကြံကြီးစည်ရာပါ ဘုရား၊ ကိုယ်တော့် အသက်အန္တရာယ်ကို စိုးရိမ်ရပါတယ်”
“အဲဒီကိစ္စ တစ်ခုတည်းကြောင့် ကန့်ကွက်တာပါလား မြို့တော်ဝန်ကြီး။ ဒါဆိုရင်တော့ ဒီလောကမှာ ကျုပ် အသက်ရှင်နေတာဟာ ကျုပ်အသက်ကို ကာကွယ်ဖို့မဟုတ်ဘဲ စိတ်ဝိညာဉ်တွေကို ကာကွယ်ဖို့ပဲလို့သာ ပြောပြရစေကွယ်” ဟု ဆရာတော်က မိန့်လေသည်။
ဆရာတော့်ကို တားဆီးရန် မည်သို့မျှ မတတ်နိုင်ခဲ့ပေ။ လမ်းပြအဖြစ် ကမ်းလှမ်းလာသော ကလေးငယ်တစ်ဦးနှင့်အတူ သူ ထွက်ခွာသွားခဲ့လေသည်။ သူ၏ ခေါင်းမာသော ဆုံးဖြတ်ချက်က ဒေသခံပြည်သူများအကြား ဂယက်ရိုက်သွားစေခဲ့ပြီး ပြည်သူတို့ကို အလွန်အမင်း စိုးရိမ်ထိတ်လန့်စေခဲ့သည်မှာ အမှန်ပင်။
ဆရာတော်သည် သူ၏နှမဖြစ်သူကိုရော မဒမ် မဂ်လွားကိုပါ ခေါ်ဆောင်သွားခြင်း မပြုခဲ့ပေ။ လားတစ်ကောင်ကို စီးလျက် တောင်ကို ဖြတ်ကျော်ခဲ့ရာ မည်သူနှင့်မျှ မတွေ့ခဲ့ရဘဲ သူ၏ ‘မိတ်ဆွေကောင်းများ’ ဖြစ်သော သိုးကျောင်းသားများထံသို့ ဘေးကင်းချမ်းသာစွာ ရောက်ရှိသွားခဲ့၏။ တရားဟောခြင်း၊ သာသနာရေးဆိုင်ရာ ထုံးတမ်းများကို ဆောင်ရွက်ပေးခြင်း၊ သင်ကြားခြင်းနှင့် စာရိတ္တပြုပြင်ပေးခြင်းတို့ဖြင့် သူတို့နှင့်အတူ သီတင်း ၂ ပတ်ကြာ နေထိုင်ခဲ့၏။
မကြာမီ ပြန်လည်ထွက်ခွာရတော့မည့် အချိန်တွင် ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းခြင်း ဓမ္မတေး ‘တီ ဒီယမ်’ ကို ခမ်းနားစွာ သီဆိုရန် ဆုံးဖြတ်ပြီး ကျေးလက်သင်းအုပ်ဆရာကို သူ အသိပေးလိုက်၏။ သို့သော် မည်သို့ လုပ်ဆောင်ရမည်နည်း။ ဂိုဏ်းအုပ်ဘုန်းတော်ကြီး၏ ဝတ်ရုံများနှင့်လည်း ဝေးကွာနေသည် မဟုတ်လော။
သူ့အတွက် နွမ်းပါးသော ရွာဘုရားကျောင်း၏ ဝတ်ရုံခန်းလေးက စီစဉ်ပေးနိုင်သည်မှာကား ဇာမြိတ်အတုများ တပ်ဆင်ထားသည့် ဟောင်းနွမ်းဆွေးမြေ့နေသော ပိုးထည် ဘုန်းတော်ကြီးဝတ်ရုံ အဟောင်းအချို့သာ ဖြစ်၏။
“ကဲ...” ဟု ဆရာတော်က ဆိုလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် တရားဟောစင်မြင့်ပေါ်ကနေ ကျုပ်တို့ရဲ့ တီ ဒီယမ် သီချင်း သီဆိုမဲ့ အကြောင်းကို ကြေညာကြတာပေါ့။ တစ်ခုခုတော့ ပေါ်လာမှာပါလေ”
ဒေသခံ ဘုရားရှိခိုးကျောင်းများကို ရှာဖွေကြည့်ကြပြန်၏။ ဤနွမ်းပါးသော သာသနာနယ်မြေများရှိ တန်ဆာပလာ အားလုံးကို စုပေါင်းလိုက်လျှင်ပင် ဘုရားရှိခိုးကျောင်းကြီးမှ ဓမ္မတေးသီဆိုသူ တစ်ဦးအတွက် သင့်လျော်သော ဝတ်ရုံများ ရရှိနိုင်မည် မဟုတ်ပေ။
သူတို့ ဤသို့ အခက်တွေ့နေကြစဉ် အမည်မသိ မြင်းစီးသမား ၂ ဦးသည် သေတ္တာကြီးတစ်လုံးကို ယူဆောင်လာကာ ဂိုဏ်းအုပ်ဘုန်းတော်ကြီးအတွက် ပြင်ဆင်ထားသော ကျောင်းထိုင်ဘုန်းတော်ကြီး၏ နေအိမ်တွင် ချထားခဲ့ပြီး ချက်ချင်းပင် ပြန်လည်ထွက်ခွာသွားကြလေသည်။ သေတ္တာကို ဖွင့်ကြည့်လိုက်ကြသည်၌ အထဲတွင် လွန်ခဲ့သော တစ်လခန့်က နော့ထရာဒမ် ဒမ်ဘရွန် ဘုရားရှိခိုးကျောင်း၏ ဘဏ္ဍာတိုက်မှ အခိုးခံလိုက်ရသော ပစ္စည်းများဖြစ်သည့် ရွှေချည်ထိုးဝတ်ရုံကြီး၊ စိန်ရံထားသော ခေါင်းဆောင်းတော်၊ ဂိုဏ်းချုပ်ဘုန်းတော်ကြီး၏ လက်ဝါးကပ်တိုင်၊ ခမ်းနားလှသော ကျိုင်း အစရှိသော ဂိုဏ်းချုပ်ဘုန်းတော်ကြီး၏ တန်ဆာပလာများ အားလုံး ပါဝင်နေလေသည်။ သေတ္တာထဲတွင် “ကရာဗတ်မှ ဆရာတော် ဘျန်ဗနျုထံသို့” ဟု ရေးသားထားသော စက္ကူပိုင်းငယ် တစ်ခုလည်း ပါရှိ၏။
“တစ်ခုခုတော့ ပေါ်လာမယ်လို့ ကျုပ် မပြောခဲ့ဘူးလား” ဟု ဂိုဏ်းအုပ်ဘုန်းတော်ကြီးက ဆိုလိုက်၏။ ထို့နောက် သူက ပြုံးလျက် “သာမန် ဘုန်းတော်ကြီးဝတ်ရုံလေးနဲ့ ကျေနပ်နေတဲ့သူကို ဘုရားသခင်က ဂိုဏ်းချုပ်ဘုန်းတော်ကြီးရဲ့ ဝတ်ရုံကြီးကို ပေးသနားတော်မူပေတယ်” ဟုလည်း ထပ်လောင်း ပြောကြားလိုက်လေသည်။
ရွာခံ သင်းအုပ်ဆရာတော်က ပြုံး၍ ခေါင်းညိတ်ရင်း "ဘုရားသခင်... ဒါမှမဟုတ်လဲ မာရ်နတ်ဖြစ်ပေမပေါ့ ဆရာတော်ဘုရား" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
ဆရာတော်သည် သင်းအုပ်ဆရာတော်ကို စူးစိုက်ကြည့်ပြီး "ဘုရားသခင်ပါ" ဟု ဩဇာပါပါဖြင့် အမှားပြင်ပေးလိုက်၏။
ရှပ်စတဲလာသို့ ဆရာတော် ပြန်ကြွလာသောအခါ လမ်းတစ်လျှောက်လုံးတွင် လူတို့သည် စပ်စုလိုစိတ်ဖြင့် သူ့ကို လာရောက်ကြည့်ရှုကြလေသည်။ ရှပ်စတဲလာရှိ ဘုန်းတော်ကြီးကျောင်းတွင် မဒမ်မွိုင်ဇဲလ် ဘတ္တီစတင်းနှင့် မဒမ် မဂ်လွားတို့က သူ့ကို စောင့်ကြိုနေကြသည်ကို တွေ့ရ၏။ သူသည် နှမဖြစ်သူအား "ကဲ... ကျုပ် ပြောတာ မှန်တယ် မဟုတ်လား။ ဆင်းရဲတဲ့ ဘုန်းတော်ကြီးတစ်ပါးဟာ ဆင်းရဲတဲ့ တောင်ပေါ်သားတွေဆီ လက်ဗလာနဲ့ သွားခဲ့ပေမဲ့ အပြန်မှာတော့ လက်ဆောင်တွေ အပြည့်နဲ့ ပြန်လာခဲ့ရပြီ။ ကျုပ်က ဘုရားသခင်ကို ယုံကြည်ကိုးစားမှု တစ်ခုတည်းနဲ့ ခရီးထွက်ခဲ့တာပါ။ အခုတော့ ဘုရားကျောင်းတော်ကြီးတစ်ခုစာ ရတနာတွေ သယ်ဆောင်လာခဲ့ပြီ" ဟု ပြောလိုက်၏။
ထိုနေ့ည အိပ်ရာမဝင်မီတွင် သူက "ဓားပြတွေ၊ လူသတ်သမားတွေကို ဘယ်တော့မှ မကြောက်ပါနဲ့။ အဲဒါတွေက အပြင်ကလာတဲ့ အန္တရာယ်တွေပါ။ အန္တရာယ် သေးသေးလေးတွေပါ။ ကိုယ့်ကိုယ်ကိုယ်သာ ကြောက်ကြပါစို့။ အစွဲအလမ်းတွေကသာ တကယ့် ဓားပြတွေပါ။ မကောင်းမှု ဒုစရိုက်တွေကသာ တကယ့် လူသတ်သမားတွေပါ။ ကြီးမားတဲ့ အန္တရာယ်တွေဆိုတာ ကိုယ့်အထဲမှာပဲ ရှိပါတယ်။ ကိုယ့်အသက်၊ ကိုယ့်ပိုက်ဆံအိတ်ကို အန္တရာယ်ပေးမဲ့အရာတွေကို ဂရုမစိုက်ပါနဲ့။ ကိုယ့်ဝိညာဉ်ကို အန္တရာယ်ပေးမဲ့အရာတွေကိုသာ သတိထားကြပါစို့" ဟု ဆိုလေသည်။
ထို့နောက် သူ၏ နှမဘက်သို့ လှည့်ကာ "ငါ့ညီမ... ဘယ်ဘုန်းကြီးမှ လူသားအချင်းချင်းအပေါ် ကာကွယ်ခုခံတာမျိုး မလုပ်သင့်ဘူး။ လူတွေ ဘာပဲလုပ်လုပ်၊ ဘုရားသခင်က ခွင့်ပြုထားတာပဲ။ အန္တရာယ်တစ်ခုခု ကျရောက်လာမယ်လို့ ထင်ရင် ဘုရားသခင်ဆီမှာ ဆုတောင်းရုံပဲ ရှိတယ်။ ကိုယ်ကိုယ်တိုင်အတွက် ဆုမတောင်းပါနဲ့၊ ကိုယ့်ကြောင့် တခြားညီအစ်ကိုတွေ အပြစ်ထဲ မကျရောက်သွားစေဖို့ပဲ ဆုတောင်းပါ" ဟု ပြောလိုက်သည်။
ထိုကိစ္စမှလွဲ၍ သူ၏ဘဝသည် များသောအားဖြင့် ထူးခြားမှုမရှိဘဲ အေးချမ်းလှပေစွ။ ကျွန်ုပ်တို့သိထားသမျှကို ပြန်လည်ပြောပြရလျှင်ကား သူသည် အမြဲတမ်းလိုလို တူညီသော အချိန်တွင် တူညီသော အလုပ်များကိုသာ အစဥ်တစိုက် လုပ်ဆောင်လေ့ရှိတတ်သည်။ ထို့ကြောင့် သူ၏ တစ်နှစ်တာကာလမှ တစ်လသည် သူ၏ တစ်နေ့တာမှ တစ်နာရီနှင့် ထပ်တူညီပြီး ကွဲပြားခြားနားမှု အလျဥ်းမရှိပေ။
အမ်ဘရွန်ဘုရားကျောင်းတော်၏ "ရတနာ" များ ဘာဖြစ်သွားသနည်းဆိုသည့် မေးခွန်းအတွက်မူ ကျွန်ုပ်တို့ ဖြေဆိုရန် အခက်တွေ့ရပေမည်။ ထိုအရာများသည် အလွန်လှပပြီး သွေးဆောင်ဖြားယောင်းနိုင်စွမ်းရှိကာ ဆင်းရဲသားများအတွက် ခိုးယူရန် အလွန်ကောင်းသော အရာများဖြစ်ကြ၏။ မည်သို့ပင်ဖြစ်စေ ထိုအရာများသည် မူရင်း ဘုရားကျောင်းမှ ခိုးယူခံခဲ့ရပြီးဖြစ်သဖြင့် အလုပ် တစ်ဝက်ပြီးနေပြီဟု ဆိုရပေမည်။
ထိုခိုးရာပါပစ္စည်းများကို ဆင်းရဲသားများထံ ရောက်ရှိစေရန် လမ်းကြောင်းအနည်းငယ် လွှဲပေးရန်သာ လိုအပ်တော့၏။ သို့ရာတွင် ဤကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အခိုင်အမာ မပြောဆိုလိုပါ။ ဆရာတော်၏ စာရွက်စာတမ်းများထဲတွင် ဤကိစ္စနှင့် သက်ဆိုင်နိုင်သည့် သိပ်မထင်ရှားသော မှတ်စုတစ်ခုကိုသာ တွေ့ခဲ့ရ၏။
ယင်းမှတ်စုတွင် အောက်ပါအတိုင်း ရေးသားထားလေသည်။ "မေးခွန်းထုတ်စရာ ဖြစ်နေတာကတော့ ဒီပစ္စည်းတွေကို ဘုရားကျောင်းဆီ ပြန်ပို့သင့်သလား ဒါမှမဟုတ် ဆေးရုံကို ပေးလှူလိုက်သင့်သလား ဆိုတာပဲ” ဟူ၍ ဖြစ်၏။
Review By Thet Paing Writes

💬 Comment / Review
Comment များကို ရယူနေပါသည်…