The Great "ကြီးမြတ်တယ်" ဆိုတာ ဘာကို ဆိုလိုတာလဲ။ စစ်မြေပြင်ထဲ သူများအတွက် အသက်စွန့်ရဲသူကို ကြီးမြတ်တယ်ဆိုကြတယ်။ ကမ္ဘာ့သမိုင်းတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့ တီထွင်ဉာဏ်ပညာရှင်ကိုလည်း အလားတူ ချီးမွမ်းကြသေးတယ်။ တိုင်းပြည်တစ်ခုလုံးကို ဒုက္ခထဲက ကယ်တင်ပေးနိုင်တဲ့ ခေါင်းဆောင်ဆိုလည်း ဒီစကားလုံးနဲ့ပဲ ဂုဏ်ပြုတတ်ကြတယ်။ ဒီဥပမာတွေရဲ့ ဘုံအချက်ကတော့ ရိုးရှင်းပါတယ်။အောင်မြင်မှု၊ တန်ခိုးအာဏာ၊ ဒါမှမဟုတ် ရလဒ်ကောင်းတစ်ခုနဲ့ ချိတ်ဆက်ပြထားချင်ကြတာချည်းပါပဲ။

ဒါဖြင့်ရင် ဂတ်စ်ဘီရဲ့ ကြီးမြတ်မှုကရော ဘာများလဲ။ သူ့မှာ ကမ္ဘာကိုပြောင်းလဲဖို့အကြံ၊ နိုင်ငံကိုကယ်တင်ဖို့ အကြံအစည်မျိုးလည်း မရှိခဲ့ပါဘူး။ သူ့ဆီကလာတဲ့ ကြီးမြတ်မှုကတော့ စိတ်သဘောထားပြည့်ဝမှုရယ် လူတိုင်းမှာမရှိတဲ့ စိတ်ဓာတ်သတ္တိခွန်အားတစ်ရပ်ကို ပီပြင်ပေါ်လွင်လွန်းလို့ The Great Gatsbyလို့ ခေါ်အပ်တာပါပဲ။

သူဟာ အချစ်အတွက်နဲ့ လူတန်းစားအလွှာကွာဟချက်တွေကို စေ့စပ်ဖို့ကြိုးစားခဲ့သူတစ်ယောက်။ ပြီးတော့ မပြတ်သားခဲ့တဲ့ အတိတ်ပုံရိပ်တွေကို ဖမ်းဆုပ်ဖို့ ရှေ့ကိုချီတက်နေကြတဲ့ လူအုပ်ကြီးထဲ နောက်ပြန်လျှောက်နေသူတစ်ယောက်၊ ကိုယ့်အရိပ်ကိုယ် သည်းကြီးမည်းကြီးလိုက်နေသူ။

ဒီဝတ္ထုကိုရေးတဲ့ခုနှစ်က ၁၉၂၀ဝန်းကျင် ပထမကမ္ဘာစစ်အပြီး အမေရိကန်နိုင်ငံအခြေအနေကို နောက်ခံယူထားတယ်။ အဲ့ခေတ်အပိုင်းအခြားကို မူရင်းစာရေးသူ ကိုယ်တိုင်ဖန်တီးထားတဲ့ စကားလုံးလေးတစ်လုံးရှိတယ်။ “Jazz Age” တဲ့။ Jazz ဂီတသဘောသဘာဝအတိုင်းပဲ။ ရှေးရိုးစွဲစနစ်တွေကို ဖယ်ရှားပြီး၊ ခန့်မှန်းလို့မရတဲ့ အထိန်းအကွပ်မဲ့ လွတ်လပ်မှုကို လူတိုင်းလိုလားနေတဲ့ ကာလပေါ့။

ဒီထဲမှာ တွမ် ၊ ဒေစီဇာတ်ကောင်တွေဟာ ရှေးရိုးစွဲသမားတွေ၊ဆွေစဉ်မျိုးဆက် ချမ်းသာလာတဲ့ အတန်းအစားတွေ တနည်း old moneyတွေပေါ့။ သူတို့ရဲ့ပြောစကားတွေကနေ သူတို့ရဲ့ ဇာစ်မြစ်တွေ စိတ်သဘောတွေကို ခွဲခြားသိနိုင်ပါတယ်။ လူဖြူလူမည်းကို အခုချိန်ထိ ခွဲခြားနေသေးတာတွေ၊ လှပတဲ့ခန္ဓာကိုယ် ကြီးမားတဲ့ခန္ဓာကိုယ်တွေနဲ့ စာရေးဆရာက ဒီလူတန်းစားသရုပ်ကို ဖော်ပြထားတယ်။

တစ်ဖက်မှာ ဒေစီရဲ့ အချစ်ဦး ဂတ်စ်ဘီကတော့ ကိုယ်ထူးကိုယ်ချွန် သမားတွေ၊ မသမာတဲ့နည်းနဲ့ နေ့ချင်းညချင်း ချမ်းသာကြီးပွါးလာတဲ့သူမျိုးတွေရဲ့သရုပ်(new money)ပေါ့။ အဲ့လိုရှုထောင့်ကနေ ရှုမြင်ကြည့်ရင် ဒီဝတ္ထု ဒီဇာတ်လမ်းလေးက အချစ်ကြီးသူအရှုံး သပ်သပ်မဟုတ်တော့ဘဲနဲ့ အတန်းအစားပွတ်တိုက်မှုကြားက သွေးထွက်အောင်မှန်နေမယ့် အမှန်တရားကို ချပြထားတာ ခံစားမိလိမ့်မယ်။

အဆင့်အတန်းမှာတောင် ဆင်းရဲသားနဲ့လူချမ်းသာမဟုတ်ဘဲ သူဌေးချင်းတူရင်တောင် ‘old money vs new money class conflict’ ပေါ့။ ဒေစီ(old money)ကို ဂတ်စ်ဘီ( new money) က ချစ်မိကြိုက်မိတယ်၊လိုချင်တယ်၊စွဲလမ်းတယ်၊အရယူချင်တယ်။ ဒါပေမဲ့ သူ့ကိုရှေ့က တားဆီးနေတာက အသိုင်းအဝိုင်းအဆင့်အတန်း ဆိုတဲ့ ကိုင်ဆုပ်ပြလို့မရတဲ့အရာ၊ ဂုဏ်တံတိုင်းကြီးပဲ။

ဒေစီရဲ့တရားဝင်ခင်ပွန်းဖြစ်သူ တွမ် ဗျူကန်နင်က ဒေစီကို တကယ်တမ်း မချစ်ဘူး။ သူတကယ် အမြတ်တနိုးထားတာက ဒေစီနဲ့အတူခွဲထားလို့မရတဲ့ သူမရဲ့ အဆင့်အတန်းဂုဏ်ကိုပဲ။ ကွယ်ရာမှာ တခြားအပျော်မယားတွေနဲ့ဆက်ဆံပျော်ပါးနေပေမယ့် ဒေစီကို နှိမ်ရင် ဆတ်ဆတ်ထိမခံတာတွေ၊ သူတို့ old money အလွှာထဲ new money ဂတ်စ်ဘီ ဝင်မလာဖို့ သူအသေအကြေကာကွယ်နေတာတွေကို ဒေစီကို ချစ်ပါတယ်ဆိုပြီး ဘေးလူတွေကိုရော စာဖတ်သူကိုပါ လှည့်စားဖို့ကြိုးပမ်းတယ်။

ဒေစီကိုယ်တိုင်ကလည်း တကယ်တမ်း သေရေးရှင်ရေးကြုံလာတော့ ခံစားချက်ထက် သူ့ ဂုဏ် သူ့ အလွှာ သူ့သိက္ခာကိုပဲ သူရွေးချယ်သွားတာပဲလေ။

ဒီဝတ္ထုမှာ ရုပ်ရှင်နဲ့ကွဲတာက စိတ်ကုဆရာဝန်နဲ့ဆွေးနွေးတာနဲ့မစဘဲ နစ်ခ် ကာရာဝေး ဇာတ်ကောင် ဇာတ်လမ်းပြောသူအဖြစ်နဲ့ သူ့အကြောင်း သူမိတ်ဆက်တာကနေစရင်း သူရှုထောင့် က ကျွန်တော်တို့တွေ့ထိကြရတယ်။ နစ်ခ် ကာရာဝေးက ဒီဇာတ်လမ်းကြီးမှာ အရေးကြီးဆုံးအခိုက်အတန့်တွေကိုမလွတ်ခဲ့တဲ့သူ မှန်ပေမယ့် သူဟာ ဇာတ်လမ်းကံကြမ္မာလှည့်ကွက်တွေမှာ ဝင်ရောက်စွက်ဖက်ခဲ့တာမျိုးမရှိဘူး။

သူ့ကြောင့် ဒေစီနဲ့ ဂတ်စ်ဘီ ပြန်ဆုံဖြစ်ခဲ့ကြတာမဟုတ်ဘူး သူမရှိလည်း ဂတ်စ်ဘီဟာ သူ့ရဲ့ မလျှော့တဲ့ဇွဲနဲ့ အချစ်ဦး ဒေစီနားနီးစပ်ဖို့ကြိုးစားမယ့်သူမျိုးပဲ။ ပြီးတော့ နစ်ခ် က ကြားဝင်စေ့စပ်ပေးခဲ့ရတာမျိုး မလုပ်သလို တစ်ဖက်ကိုလည်း နားဝင်အောင် နားမချပေးနိုင်ခဲ့ဘူး။ ဒါတွေကြောင့် သူဟာ ဒီဇာတ်လမ်းကြီးမှာ မှတ်တမ်းတင် လူသားဗီဒီယိုကင်မရာတစ်လုံးနေရာထက် မပိုခဲ့ဘူးလို့ဆိုနိုင်ပါတယ်။ ကျွန်တော်တို့စာဖတ်သူတွေလို ဘေးကနေ ဒီဇာတ်လမ်းကို အစကနေအဆုံး ရပ်ကြည့်နေခဲ့သူပေါ့။

စိတ်ဝင်စားစရာကောင်းတာက စာအုပ်နဲ့ ရုပ်ရှင်ကြား ကွာဟနေတဲ့ အချက်တစ်ခုပါ။ဝတ္ထုထဲမှာ နစ်ခ် ဟာ ဂျော်ဒန်ဘိတ်ကာ နဲ့ ကိုယ်ပိုင် ဆက်ဆံရေးတစ်ခု ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ကတော့ ဒီဆက်ဆံရေးတစ်ခုလုံးကို ဖြုတ်ချလိုက်ပါတယ်။ ဂျော်ဒန် ကိုမထင်မရှားဇာတ်ကောင်တစ်ယောက်အနေနဲ့ သာ ပေါ်လွင်စေခဲ့တယ်။ ဒါက နစ်ခ် ရဲ့ ပုံရိပ်ကို ရုပ်ရှင်ထဲမှာ ပိုမြင်သာအောင် ပြုလုပ်ပေးခဲ့ပေမယ့် စာရေးဆရာ ရဲ့ မူရင်း ရည်ရွယ်ချက်ကတော့ ဆန့်ကျင်ဖက်ကို ဦးတည်လို့နေတယ်။နစ်ခ်ဟာလည်း ဒီလူတန်းစားအလွှာ ပဋိပက္ခထဲကိုယ်ရေးကိုယ်တာအရ သက်ဆိုင်မှု ရှိနေတဲ့ဇာတ်ကောင် ဖြစ်တယ်ဆိုတာကို သတိပေးထားသလိုပါပဲ။

The Great Gatsby ကြီးမြတ်သော ဂတ်စ်ဘီ က ကျွန်တော်တို့ကို လူ့အလွှာတွေအကြောင်းအပြင် ခါးသီးတဲ့အမှန်တရားတစ်ခုကိုပါ ပြောပြနေခဲ့တယ်။ သူ့ဘဝက အောက်ခြေကစလာခဲ့ရတယ်။ ဆင်းရဲတဲ့လယ်သမားမိသားစုက မွေးဖွားကြီးပြင်းလာခဲ့ရတယ်။ ဒါပေမဲ့ ငယ်စဉ်ကတည်းက စိတ်ကူးယဉ်နေရရင် ထမင်းမေ့ဟင်းမေ့နေတတ်တဲ့ကောင်လေးက စိတ်ကူးယဉ်ကမ္ဘာထဲမှာ သူ့မိဘတွေကို မိဘအရင်းလိုမတွေးခဲ့ဘူး။ သူ့ကိုယ်သူ ဘုရားသခင်ရဲ့ သားတော်တစ်ပါးလို သွေးကြီးနေခဲ့တယ်။

အရွယ်ရောက်လာပြီး တခါမှာတော့ အမေရိကတိုက်က အကြီးဆုံးရေချိုကန်ကြီးထဲမှာ ငါ့လှေငါထိုး တကယ်ကို ဘယ်ကမ်းရောက်ရောက် လုပ်နေတဲ့ သန်းကြွယ်သူဌေးကြီးတစ်ယောက်ကို မုန်တိုင်းအန္တရာယ် အသက်ဘေးကကယ်ခွင့်ရလိုက်တယ်ဆိုရင်ပဲ ဂတ်စ်ဘီ ချာတိတ်လေးရဲ့ ဘဝကပိုကောင်းဖို့ဖြစ်လာတော့တယ်။ သူဌေးကြီးအသက်ကိုကယ်ခဲ့လို့ ပိုက်ဆံ အကြွေစေ့ ဒင်္ဂါးတပြားတချပ်မှ အမျိုးမျိုးသောအကြောင်းကြောင့် မရခဲ့ပေမယ့် အဲ့ဒီအရာတွေထက် အဖိုးအင်မတန်ကြီးတဲ့ အရာ၊ ဝယ်ချင်တိုင်းဝယ်လို့မရတဲ့အရာကို သူ အမွေရခဲ့တယ်လေ။ အဲ့ဒီအရာက လူကုံထံတွေရဲ့ စရိုက်၊ အပြုအမူပြောပုံဆိုပုံ နေပုံထိုင်ပုံ၊ ကြံရည်ဖန်ရည် ကုန်ကုန်ပြောရရင် သူ့မျိုးထဲဆွေထဲမှာရော မွေးကတည်းကပါ မပါလာခဲ့တဲ့သူဌေးတို့ ရှိအပ်သော ပညာရပ်၊ အရည်အချင်းတွေကို အပြည့်အဝအမွေရခဲ့လိုက်တယ်။

ဒီပညာတွေက သူ့ကို ခေတ်ပျက်စနစ်ပျက်မှာ အိပ်မက်နောက်လိုက်တဲ့အခါ လိုချင်ရာ လက်လှမ်းခူးဆွတ်တဲ့အခါ ပိုလွယ်ကူစေခဲ့တယ်လေ။ လူတစ်ယောက် အိပ်မက်နောက်ကိုလိုက်တာ ခက်ခဲတယ်၊ပင်ပန်းတယ်၊အဝေဖန်အပြောဆိုခံနိုင်ရတယ်။ လူတွေပတ်ဝန်းကျင်တွေက အဲ့ဒီလူ ပန်းတိုင်ရောက်မှ မြင်နိုင်အားကျနိုင်ကြတယ်။ ဒါကသဘာဝကျတယ်။ ကျွန်တော်တို့ဇာတ်လိုက်ကြီးမှာတော့ သူ့အိပ်မက်က ဂုဏ်မက်သူ material girl ကိုမှ အရူးအမူးချစ်မိတယ်လေ။

ဘဝချင်းခြားနေတာကို နီးစပ်ဖို့ကြိုးစားခဲ့တယ်။ ဖြူစင်သန့်ရှင်းတဲ့ အချစ်ကို သူပေးဖို့ကြိုးစားခဲ့တယ်။ ဂုဏ်တံတိုင်းကြီးခြားနေခဲ့ပေမယ့် ဇွဲမလျှော့ခဲ့ဘူး။ သူ့ငယ်ငယ်ကအကြိုက်ဆုံးစာအုပ်ရဲ့ နောက်ကျောစာရွက်အလွတ်မှာ ချရေးထားတာကနေ မြင်ရတဲ့ (ဂတ်စ်ဘီရဲ့ အမည်ရင်း) ဂျိမ်းဂတ်ဇ် ပေါက်စကလေး၊ ဂတ်စ်ဘီရဲ့ အဖေ ပြောပြတဲ့ ဂတ်စ်ဘီငယ်ဘဝမှာ ဒီကလေးဟာ ဘယ်လောက်ရိုးဖြောင့်ပြီး အကျင့်စာရိတ္တကောင်းမွန်လိုက်သလဲ။ ဘယ်လို ထက်မြက်လိမ္မာတဲ့ ကလေးလဲဆိုတာ ခန့်မှန်းကြည့်လို့ရလောက်တယ်။

ဒီ အသေးစိတ်အချက်လေးတွေ က ဝတ္ထုရဲ့ နောက်ဆုံးပိုင်းက ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ ဂတ်စ်ဘီရဲ့ ဖခင် ဟင်နရီဂတ်ဇ် ဆီကနေ သိရတာ။ ရုပ်ရှင်ထဲမှာတော့ ဒီဇာတ်ကောင်ကို လုံးဝ ဖြုတ်ချထားတယ်။ ဒါက ဂတ်စ်ဘီဘဝကို ရင်းရင်းနှီးနှီး သိနိုင်စေတဲ့ အခွင့်အရေးတစ်ခု ဆုံးရှုံးသွားတယ်လို့ ကျွန်တော်ထင်ပါတယ်။

အခုတော့ အဲ့လိုကလေးကိုတောင် ဘယ်အရာကများ အရောင်ဆိုးလိုက်လေသလဲ။ ဒေစီဆိုတဲ့မိန်းမသားတစ်ယောက်ကလား မဟုတ်ပါဘူး တကယ်ကတော့ အဲ့ဒီခေတ်က ရေပန်းစားခဲ့တဲ့ ‘ကိုယ့်ဘဝကို ကိုယ်တိုင်ကြိုးစားတည်ဆောက်ချင်တဲ့သူတိုင်းအတွက် အခွင့်အရေးရနိုင်တဲ့ နေရာက အမေရိကန်ပဲ’ဆိုတဲ့ ဆောင်ပုဒ် ‘American Dream’ တိုတိုနဲ့လွယ်လွယ်ပြောရရင် ‘အိပ်မက်တွေအမှန်ဖြစ်လာမယ့်နေရာ’ ပေါ့လေ။ အဲ့ဒီစကားလုံးလေးရဲ့ လူတွေသတိမမူမိကြတဲ့ ဆိုးကျိုးကို စာရေးဆရာက လူရှေ့ဆွဲထုတ်ပြခဲ့တာပါပဲ။

ကြိုးစားရင် ဖြစ်လာမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့လို့ ဂတ်စ်ဘီက သူ့အိပ်မက်တွေအပေါ်မှာ အစွန်းရောက်မှီတွယ်နေခဲ့တာ။ ကြိုးစားတဲ့ရလဒ်ကြောင့် ရေရာသေချာတဲ့အနာဂတ်ကို ဝယ်လို့ရကောင်းရနိုင်တယ်။ ကျန်ခဲ့တဲ့အတိတ်ပုံရိပ် အဖြစ်အပျက်တွေကိုတော့ ဘယ်အရာ ဘယ်နည်းနဲ့မှ ပြန်အသက်သွင်းဖို့ မဖြစ်နိုင်တော့ပါဘူး။

ကျွန်တော်တို့ ရှေ့ကို ဆက်ဆက်ပြီး လှော်ခတ်ကြမယ်၊ အတိတ်ထဲကို ထပ်ထပ်ပြီး တွန်းပို့နေတဲ့ လှိုင်းတွေကို အန်တုဖက်ပြိုင်နေတဲ့ လှေလေးတွေ လို။”

~ဂျေးဂတ်စ်ဘီ၊မင်းသန့်(ဘာသာပြန်)

📚ဂျေးဂတ်စ်ဘီ

📝The Great Gatsby-F.Scott Fitzgerald

အကယ်၍ ဒီreviewကိုနှစ်သက်သဘောကျမိတယ်ဆို နောက်ထပ်များစွာသော စာအုပ်အညွှန်းတွေကို pageမှာ ဝင်ဖတ်ကြည့်လှည့်ပါခင်ဗျာ🙏🏻

https://www.facebook.com/share/1CzrUjCboi/?mibextid=wwXIfr👈

#TheGreatGatsby #FScottFitzgerald #AmericanClassic #booktok #Youths_book_reflections #bookreview

#ဂျေးဂတ်စ်ဘီ #မင်းသန့်