ဩဒစ္ဆေမော်ကွန်းစကားပြေ ရီဗျူး
မပျော်တတ်တာဟာ ဝေဒနာတစ်ခုပါလား Facebook acc မှ ကူးယူဖော်ပြပါသည်။
လူဆိုတာ ပုံပြင်ဇာတ်လမ်းတွေကို ချစ်တဲ့အမျိုးပဲ။ အဖြစ်အပျက်တွေ အချိန်နဲ့အမျှ အဆက်မပြတ်ဖြစ်ပွါးနေတဲ့ ဒီကမ္ဘာမှာ ဇာတ်လမ်းပုံပြင်တွေဟာ လူတို့ စွဲလမ်းနှစ်သက်စရာ ဖြစ်ခဲ့တယ်။ ဇာတ်လမ်းတွေကနေ သူတို့ရဲ့ နှလုံးသားကို လှုပ်ခတ်စေတာမျိုးကို အလိုရှိကြပါတယ်။
လူတို့ကိုယ်တိုင်ဖန်တီးခဲ့တဲ့ အဲဒီဇာတ်လမ်းတွေဟာ နာရ၊ဖတ်ရသူတို့ရဲ့ စိတ်ခံစားချက်နဲ့ တွေးတောဆင်ခြင်နိုင်စွမ်းကို ဖွံ့ဖြိုးစေခဲ့တယ်။ အဲဒီကနေ ဇာတ်လမ်းတွေဟာ လူတို့အတွက် ပိုမိုကောင်းမွန်တဲ့ နေရာတွေကို တောင့်တခေါ်ဆောင်တတ်ပြန်ပါတယ်။ အဲဒီလိုနဲ့ ကမ္ဘာကြီးဟာ ပုံပြင်တွေရဲ့ အဆင့်ဆင့် ပုံဖော်ဖန်တီးခြင်းကို ခံခဲ့ရပြီး ဒီနေ့ခေတ်ကို ရောက်ရှိလာပါတယ်။
အဲဒီလို ဒီနေ့ခေတ်ရောက်လာတဲ့အခါ အချို့သော ဇာတ်လမ်းတွေဟာ တိမ်မြုပ်ပျောက်ကွယ်သွားကြပြီး ထူးခြားစစ်မှန်တဲ့အချို့သောဇာတ်လမ်းတွေသာ တင်ကျန်ရစ်ခဲ့ပါတယ်။ အဲဒီလို ကျန်ရစ်တဲ့ ဇာတ်လမ်းတွေထဲက တစ်ခုကတော့ Homer ရဲ့ Odyssey ပဲ ဖြစ်ပါတယ်။ အခု ကျွန်တော်ဖတ်ရတာက ဆရာသက်ပိုင်ရဲ့ မြန်မာပြန်မူပါ။
Homer ရဲ့ မော်ကွန်းကဗျာရှည်တွေဖြစ်တဲ့ Iliadနဲ့ Odysseyတို့ဟာ စာရေးကိရိယာ မပေါများသေးတဲ့ ကာလမှာ နှုတ်အားဖြင့် ရွတ်ဆိုဖျော်ဖြေခဲ့ရတဲ့ (ရှေးအကျဆုံး)ဇာတ်လမ်းတွေပါ။ ဒီမော်ကွန်းရှည်တို့ဟာ ရှေးဟောင်းဂရိတွေရဲ့ နေထိုင်မှု၊ဘာသာရေးနဲ့ ကိုးကွယ်ယုံကြည်မှု စတာတွေကို မီးမောင်းထိုးပြထားတယ်လို့ ဘာသာပြန်သူက ဆိုပါတယ်။
အခုဖတ်ရတဲ့ Odysseyဟာ စစ်ပွဲပြီးဆုံးပြီးနောက် သူရဲကောင်းတစ်ယောက်ရဲ့ အိမ်ပြန်ခရီးရှည်ကို ဖွဲ့ဆိုထားတဲ့မော်ကွန်းပါ။ ဂရိဒဏ္ဍာရီနတ်ဘုရားတို့ရဲ့ အားပြိုင်မှုတွေကလဲ တစိတ်တပိုင်းပေါ့။ လူသားရဲ့ စိတ်ဝိညာဉ်ဆိုင်ရာ စွမ်းပကားတွေနဲ့ နတ်ဘုရားတို့ရဲ့ တန်ခိုးတွေ။
စိတ်ကူးယဉ်ခြင်းနဲ့ လက်တွေ့ကို ပေါင်းစပ်ဖန်တီးထားတဲ့ ဇာတ်လမ်းကဗျာပါ။ ဒီဇာတ်လမ်းကို အခြေတည်ပြီး ဆင့်ပွါးဖန်တီးထားတဲ့ အနုပညာလက်ရာတွေ ပေါ်ပေါက်လာခဲ့ရသလို အဲဒီရှေးဟောင်းကဗျာရှည်ဟာလဲ နောင်နှစ်ပေါင်းများစွာတိုင်အောင် တင်ဆက်ပုံအမျိုးမျိုး ပြင်ဆင်ပြီး ဖတ်ရှုလေ့လာနေကြရဆဲ၊အရေးပါနေဆဲ ဖြစ်ပါတယ်။
ဘာကြောင့် ဒီကဗျာရှည်ဟာ ခေတ်အဆက်ဆက် လူသားတို့ရဲ့စိတ်ကူးအာရုံကို ဆွဲဆောင်နိုင်တဲ့ အနုပညာတစ်ရပ်ဖြစ်နေတာလဲ။
အကြောင်းပြချက်တစ်ရပ်က လူသားတိုင်းကြုံရတဲ့ စိတ္တဇဝေဒနာတွေကို လူသားတို့နဲ့ထပ်တူ သူရဲကောင်းအိုဒစ်စီးယပ်စ်ပါ ခံစားခဲ့ရလို့ ဖြစ်ပြီး နောက်တစ်ချက်က အဲဒီဝေဒနာတွေကို တွန်းလှန်ကျော်လွှားနိုင်ခဲ့လို့ ဖြစ်ပါမယ်။ တကယ်တော့ အိုဒစ်စီးယပ်စ်ဟာ အိမ်ပြန်ရောက်ဖို့ ကြိုးစားနေတဲ့ အိမ်ဝေးသူတစ်ယောက်ပါပဲ။
သူ့မှာ ပြန်သွားရမဲ့ နေရာရှိတယ်။ စောင့်မျှော်နေတဲ့ မိသားစုရှိတယ်။ သူ့ရဲ့ တကယ့်အိမ်ဟာ တစ်နေရာမှာ စောင့်နေတယ်။
အိမ်ကိုရောက်ဖို့ ခရီးရှည်တစ်ခုကို ဖြတ်သန်းဖို့ရာ သူ့မှာ မိုင်ပေါင်းအရှည်အကြာ၊ပင်လယ်ပြင်အထပ်ထပ်။ ရင်ဆိုင်ရမဲ့ နတ်ဆိုးတွေနဲ့။ ဒါတွေကို ကျော်ဖြတ်နိုင်တဲ့ သူ့ရဲ့ဉာဏ်ပညာစွမ်းရည်နဲ့ ခံနိုင်ရည်စွမ်းအားဟာ စာဖတ်သူတွေအတွက် အားအင်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် အိမ်ကိုပြန်ရောက်ဖို့ သူလှမ်းခဲ့ရတဲ့ အကွာအဝေးဟာ အိမ်လွမ်းသူတို့ရင်ကို အခုအချိန်ထိ ဆွေးမြေ့လှုပ်ရှားစေတုန်းပါပဲ။
ရှေးခေတ်ဂရိလူမျိုးတို့ အလေးအမြတ်ပြုအပ်တဲ့ တရားတွေထဲမှာ လူ့ဂုဏ်သိက္ခာတရားလဲ ပါဝင်ပါတယ်တဲ့။ ဂရိတို့ဟာ ဂုဏ်သိက္ခာတရားကို လူ့ဘဝရဲ့ ပန်းတိုင်လို့သတ်မှတ်ကြပါတယ်တဲ့။(*ဆရာဇော်ဂျီဘာသာပြန်တဲ့ ပလေးတိုးနိဒါန်းရဲ့ နိဒါန်းမှာ ပါတာပါ။) ဆက်စပ်ပြီးပြောရမယ်ဆို ဟုမ္မာရဲ့ ဩဒစ္ဆေမော်ကွန်းဟာ လူတို့အတွက် အဲ့ဒီလို မြင့်မြတ်တဲ့စံတစ်ခု သတ်မှတ်ပေးခဲ့တာကို တွေ့ရနိုင်ပါတယ်။ ချစ်သူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ သစ္စာတရား၊သားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ ထိန်းသိမ်းစောင့်ရှောက်ခြင်း။ အိမ်ပြန်လာသူအတွက် ကျော်ဖြတ်ခဲ့တဲ့ခရီးဟာ ဂုဏ်သိက္ခာဖြစ်ပြီး စောင့်မျှော်နေသူအတွက် မျှော်လင့်ရဲခြင်းဟာ ဂုဏ်သိက္ခာ။
ဂရိစာပေဟာ ကမ္ဘာ့စာပေအပေါ်မှာ သက်ရောက်မှုအားကောင်းပါတယ်။ ဒီလို ကောင်းမွန်ထင်ရှားတဲ့ စာပေလက်ရာမျိုးကို ထိတွေ့ခံစားခွင့်ရတဲ့အတွက် ဘာသာပြန်သူ ထုတ်ဝေသူတို့ကို ကျေးဇူးတင်ရပါတယ်။ နောက်လဲ စာအုပ်ကောင်းတွေဆက်လက်ထုတ်ဝေနိုင်စေဖို့ ဆန္ဒပြုပါတယ်။ (ကျနော့်အတွက် ဒီစာအုပ်က ဆရာမိုးရဲဘာသာပြန်တဲ့ ပရိုမီးသီးယပ်စ်နဲ့ မဒဲရာပြီး နောက်ထပ်ဖတ်ရတဲ့ ဂရိစာပေလက်ရာဖြစ်ပါတယ်။
ကိုယ်ဟာ ဒီဇာတ်လမ်းမှာ သူရဲကောင်းရဲ့ အိမ်အပြန်ကို စောင့်မျှော်နေတဲ့ လူယုံတော်တစ်ယောက်မျှသာ ဖြစ်ပါတယ်။
အိမ်ပြန်လာရင် အရင်ကလို ပျိုမျစ်တဲ့ ဝိညာဉ်တော်ကို ပြန်သယ်ဆောင်ခဲ့မှာလား။ ထွက်ခွါမသွားခင်က နူးညံ့ခဲ့တဲ့အရေပြားပေါ်မှာ ကိုယ်မသိလိုက်ရတဲ့ အမာရွတ်တွေထင်ကျန်လာခဲ့မှာလား။ ခရီးတလျှောက်က ပင်ပန်းမှုဒဏ်တွေဟာ ကိုယ့်အပေါ်ကို ရိုက်ခတ်မှာလား။ ကိုယ်နဲ့ဝေးရာကို ရောက်နေတဲ့အချိန်မှာ ကိုယ့်ကိုသတိရရင် ဘယ်လိုမျိုး အလွမ်းဖြေခဲ့သလဲ။ ပြီးတော့ ဝေးခဲ့ရတဲ့တလျှောက်မှာ စိတ်မှန်းနဲ့ သတိရခဲ့ရတဲ့ အိမ်ဟာ ဘယ်လိုပုံစံများလဲ။ ပြန်ရောက်လို့တွေ့ရမဲ့ အိမ်ဟာ မင်းကိုအလွမ်းပြေစေပါ့မလား။
ကိုယ်အကြောက်ဆုံးကတော့ အိမ်ကိုပြန်လာခဲ့တဲ့မင်းဟာ အရင်ကမင်းရော ဟုတ်ပါ့မလား။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်စောင့်နေပါ့မယ်။ နွေးထွေးစွာ ကြိုဆိုနေမဲ့ အိမ်တစ်လုံးကိုယ်ဖြစ်ပါရစေ။
Review By Thet Paing Writes

💬 Comment / Review
Comment များကို ရယူနေပါသည်…