အခန်းနံပါတ် ၆၄၈
"ဤဝတ္ထုသည် စိတ်ကူးယဉ် ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည်။ ပါဝင်သော ဇာတ်လမ်း၊ ဇာတ်ကောင်များနှင့် အကြောင်းအရာအားလုံးသည် အပြင်လောကရှိ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းနှင့်မျှ တိုက်ရိုက် သက်ဆိုင်ခြင်း မရှိပါ။"
တိုက်ခန်းလော်ဘီထဲဝင်ဖို့ တက္ကဆီကားပေါ်ကနေ ခြေချလိုက်တာနဲ့ ဒီလို အဆင့်အတန်းရှိတဲ့ တိုက်ခန်းမျိုး ကျွန်မ အနေနဲ့ ဘယ်တော့မှ တတ်နိုင်မှာ မဟုတ်မှန်း ကျွန်မ သိလိုက်တယ်။ ဒါပေမဲ့ ဒီနေ့ ကျွန်မက တိုက်ခန်း လာဝယ်တာ မဟုတ်လို့ ဒီပြဿနာကိုတော့ ပူနေစရာမလိုပါဘူး။ တိုက်ခန်း အိမ်ရာက ကျယ်ဝန်းပြီး အထပ် ၃၀ မြင့်တဲ့ ကွန်ဒိုတိုက်ကြီးက မိုးထိုးလို့နေတယ်။ တိုက်ခန်းနဲ့ ကပ်လျက်မှာ ပန်းခြံတစ်ခုရှိတာမို့ စိတ်ပြေလက်ပျောက် ပန်းခြံမှာ သွားထိုင်ချင်ရင်လဲ တိုက်ခန်းပေါ်ကနေ ဆင်းပြီး လမ်းကူးလိုက်ရုံပါပဲ။ အနည်းဆုံးတော့ ကျွန်မလို မွဲပြာကျနေတဲ့သူအတွက် ပိုက်ဆံအသက်သာဆုံးနဲ့ အဆင်အပြေဆုံး အချိန်ဖြုန်းဖို့ နေရာတစ်ခု ရလိုက်တာပေါ့လေ။
တိုက်ခန်း လော်ဘီကို ဝင်ဖို့ ဆုံလည်တံခါးကြီးရဲ့ ရှေ့နားမှာ အပြာရောင် ဝတ်စုံနဲ့ လုံခြုံရေးတစ်ယောက်ရှိပါတယ်။ တကယ်တော့ သူက ကျွန်မ တက္ကဆီကားပေါ်က ဆင်းဆင်းချင်းမှာပဲ တံခါးကို အသင့်ဖွင့်ပြီး စောင့်ကြိုနေခဲ့တာပါ။ ကျွန်မ သူ့ကို ပြုံးပြပြီး ဆုံလည်တံခါးကြီးကို ဖြတ်ကာ အထဲကို ဝင်လိုက်တယ်။
လော်ဘီအတွင်းထဲက သင်းပျံ့ပျံ့ထွက်နေတဲ့ လေသန့်ဆေးနံ့နဲ့ အေးစက်စက်လေတို့ကြောင့် စူပါမားကတ်တစ်ခုကို ရောက်သွားသလို ကျွန်မ ခံစားလိုက်ရတယ်။ ဒီရနံ့ကိုက ကျွန်မနဲ့ ဒီနေရာဟာ သက်ဆိုင်မှု မရှိကြောင်း သက်သေပြနေသလိုရယ်ပါ။ စူပါမားကတ်ဆိုလို့ ကျွန်မသာ ဒီတိုက်ခန်းမှာ တကယ်တမ်း နေဖြစ်မယ်ဆိုရင် ဒီအနီးအနား တဝိုက်က အဆင့်အတန်းမြင့်တဲ့ စူပါမားကတ်ကြီးတွေမှာ စျေးဝယ်ခြမ်းပြီး စားရမှာမို့ နည်းနည်းတောင် မျက်ခုံးလှုပ်မိပါရဲ့။
ထားပါလေ.. နောက်ပြဿနာကို နောက်မှပဲ ဖြေရှင်းကြတာပေါ့။
ရှေ့အလုပ်မပြုတ်ခင် တစ်ပတ်လောက်က ၅၀ ရာခိုင်နှုန်း လျှော့စျေးနဲ့ ဝယ်လာတဲ့ အပေါစား ကော်ဒေါက်ဖိနပ်ရဲ့ခွာ နဲ့ ရှင်းသန့်ပြီး ကိုယ့်မျက်နှာကိုတောင် ပြန်မြင်ရလောက်အောင် တောက်ပြောင်နေတဲ့ ကြမ်းပြင်တို့ ထိတွေ့မှုကနေ ထွက်ပေါ်လာတဲ့ အသံကြောင့် လော်ဘီအဆုံးနားက ကောင်တာမှာ ခေါင်းငုံ့ပြီး အလုပ်ရှုပ်နေပုံရတဲ့ အမျိုးသမီးက ခေါင်းမော့ကာ ကျွန်မကို ကြည့်တယ်။
ပြီးတော့ ကျွန်မ သူ့ဆီ မရောက်ခင်မှာပဲ သူက ကောင်တာပေါ်က စာရွက်တချို့ကို ဆွဲယူပြီး မတ်တပ်ထကာ အင်္ကျီနဲ့ စကပ်စကို ပြန့်သွားအောင် ပြင်ရင်း မတ်တပ်ရပ်နေလေရဲ့။ ကျွန်မလဲ ကိုယ့်ကို ကြိုပြီး စောင့်နေတဲ့ သူ့ကို အားနာလို့ ဘတ်စကတ်ဘောကွင်းငယ် တစ်ခုစာလောက်ကျယ်မယ်ထင်ရတဲ့ လော်ဘီခန်းရဲ့ အဆုံးကို ခပ်သုတ်သုတ် အပြေးတစ်ပိုင်း ပြေးသွားလိုက်ပါတယ်။
ကျွန်မ အကျင့်က အဲဒီလိုပဲ။ ဓါတ်လှေကားစီးတိုင်း လူတစ်ယောက်ယောက်က ကျွန်မကို စောင့်ပြီး အပေါက်ကိုဖွင့်ထားရင်လဲ “ရပါတယ်၊ သွားနှင့်ပါ” လို့ ပြောရမဲ့အစား အားနာပြီး ဘယ်လောက် ဝေးဝေး ရောက်အောင်ပြေးတတ်တဲ့ သူမျိုးလေ။
သူ့အနားရောက်တော့ စကပ်တုတ်တုတ်ကို ပြဲထွက်မသွားအောင် ထိန်းပြေးလာခဲ့တဲ့ ကျွန်မ အမောတပိုင်းတောင် စိုက်နေပါပြီ။ ဒါပေမဲ့ ကျွန်မ မမောတဲ့ပုံစံပေါက်အောင် အသက်ကို ခိုးရှူပြီး အမျိုးသမီးကို ပြုံးပြလိုက်တယ်။ တိုက်ခန်းလော်ဘီမှာ ဧည့်ကြိုလုပ်တယ်ဆိုပေမဲ့ အဲဒီအမျိုးသမီးရဲ့ ဝတ်စုံက ရှနယ်လ်ဝတ်စုံနဲ့ တောင် ဆင်နေပါသေးရဲ့။
ဟုတ်ပါတယ်။ ကျွန်မ မျက်စိမမှားလောက်ပါဘူး။ ကော်လံနဲ့ အိပ်ကပ်တွေမှာ အမည်းရောင် ကွပ်ထားတဲ့ ဒီဝတ်စုံလေးက ရှနယ်လ်မှ ရှနယ်လ်ပါ။
ဝတ်စုံက အစစ် ဟုတ်၊ မဟုတ်တော့ ကျွန်မလဲ မပြောတတ်ပေမဲ့ ဖြူအုနေတဲ့ သူ့အသားအရည်မှာ တင်ထားတဲ့ အင်္ကျီရဲ့ အရည်အသွေးက ကျွန်မဝယ်နေကျ ပရိုမိုးရှင်းတန်းက ရယ်ဒီမိတ်ချုပ်တွေရဲ့ အရည်အသွေးနဲ့ဆို ဆီနဲ့ရေလို ကွာမှန်း ကျွန်မ ခန့်မှန်းမိပါတယ်။ အသက် ၄၀ ဝန်းကျင်လောက် ရှိမယ်ထင်ရတဲ့ အမျိုးသမီးရဲ့ မျက်နှာကလည်း ရှနယ်လ်ကြောင့် အသက် တဝက်လောက်တောင် ပြန်ငယ်သွားသလိုပါပဲ။
“မင်္ဂလာပါရှင်” လို့ ကျွန်မက ဦးအောင် သူ့ကို နှုတ်ဆက်လိုက်တယ်။ သူကလဲ ကျွန်မကို ခေါင်းအစ ခြေအဆုံးကြည့်ပြီး ပြန်နှုတ်ဆက်လိုက်ပါတယ်။ သူ ကျွန်မကို ကြည့်လိုက်တဲ့ အကြည့်က လူတစ်ယောက်ကို အကဲခတ်ဖို့ အကြည့်ထက် စျေးထဲမှာ ဝယ်တဲ့ အသားလတ်၊ မလတ်ဆိုတာကို အမြင်နဲ့ ဆုံးဖြတ်လိုက်သလို ခပ်စူးစူး အကြည့်ရယ်ပါ။ မာစကာရာသွင်းထားတဲ့ သူ့မျက်လုံးတွေက ကျွန်မ တစ်ကိုယ်လုံးကို ဖောက်ထွင်းပြီး မြင်နေရတဲ့ အတိုင်းပါပဲရှင်။
ကျွန်မ ဒီအင်တာဗျူးကိုလာဖို့ သူငယ်ချင်းဖြစ်သူရဲ့ အင်္ကျီအဖြူ လက်ရှည်နဲ့ နက်ပြာရောင် စကတ် ခပ်လတ်လတ်လေး ဝတ်လာလို့ တော်သေးတယ် ပြောရမယ်။ အမှန်တော့ ကျွန်မဝတ်ထားတဲ့ ကာလာဒီဇိုင်းနဲ့ ဒီအမျိုးသမီးရဲ့ ပုံစံကို အခုနေ တစ်ယောက်ယောက်များ မြင်သွားရင် ကျွန်မကို ဧည့်ကြို၊ အမျိုးသမီးကို ဧည့်သည်လို့ ထင်ကြမှာ ကျိန်းသေပါတယ်။
“မင်းက အိအိအောင်နော်” လို့ သူက သေချာအောင်မေးတော့ ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။
“ရုံးခန်းထဲကို ကြွပါရှင်”
သူ့ရုံးခန်းလေးက ကျွန်မ ရန်ကုန်ကို ရောက်ရောက်ချင်း စနေဖူးတဲ့ အဆောင်က အခန်းထက်အောင် ကျယ်နေပါသေးတယ်။ အဲကွန်း အသေးလေးတစ်လုံးနဲ့ ဖြူလွှလွှအရောင် လင်းလက်နေတဲ့ မီးချောင်းရဲ့ အရောင်အောက်မှာ ဆေးအသစ်သုတ်ထားပုံရတဲ့ အခန်းနံရံက တလက်လက်ထနေတယ်။ ပြီးတော့ အခန်း အလယ်ခေါင်က ကျွန်းသားလို့ ခန့်မှန်းရတဲ့ သစ်သားစားပွဲကြီးတစ်လုံးပေါ်မှာ မော်နီတာ အသေးကလေးတစ်လုံးရှိပြီး၊ အခန်းထောင့်မှာလဲ ဖိုင်တွဲတွေထည့်ထားတဲ့ နံရံကပ်ဗီဒိုတစ်လုံးရှိပါတယ်။ စားပွဲရှေ့မှာ အသင့်ချထားတဲ့ ထိုင်ခုံပေါ်မှာ ကျွန်မဝင်ထိုင်လိုက်သလို အမျိုးသမီးကလဲ စားပွဲနောက်က အတော်လေး ဇိမ်ရှိမယ်ထင်ရတဲ့ ဆုံလည် ကုလားထိုင်မှာ နေရာယူလိုက်တယ်။
“တို့ နာမည်က ဆွေဆွေတင့်ပါ။ ဒီကွန်ဒိုနဲ့ ပတ်သက်ပြီး တာဝန်ယူထားတဲ့သူပါ။ မင်း အဆင်ပြေရင် အင်တာဗျူးကို စလိုက်မယ်နော်”
“ဟုတ်ကဲ့ပါရှင်။ ဒါက ကျွန်မ စီဗီပါ” ဆိုပြီး ကျွန်မလဲ မိတ္တူဆိုင်က အသင့်ပြင်ပြီးသား စာရွက်ပေါ်မှာ ဘောပင်တစ်ချောင်းနဲ့ ဖြည့်စွက်ရေးသားထားပြီး ထိပ်မှာ အပြာရောင်နောက်ခံနဲ့ ရိုက်ထားတဲ့ ကျွန်မရဲ့ လိုင်စင်ဓါတ်ပုံလေးကပ်ထားတဲ့ စာရွက်ကို သူ့ကို ကမ်းပေးလိုက်တယ်။ ကျွန်မရဲ့ အထင်ကြီးစရာ မရှိတဲ့ စီဗီကိုကြည့်နေတဲ့ သူ့မျက်နှာက တည်ငြိမ်နေတာမို့ ကျွန်မဟာ သူ သဘောကျလောက်တဲ့လူ ဖြစ်နိုင်သလားဆိုတာကို ခန့်မှန်းရခက်နေတယ်။ သူက ကျွန်မရဲ့ တစ်ရွက်ပဲပါတဲ့ စီဗီစာရွက်ကို သေသေချာချာကြည့်ပြီး ခေါင်းမော့ကာ မေးခွန်းတစ်ခု မေးလိုက်ပါတယ်။
“ဒါဆို အခုလောလောဆယ် မင်းက ဘာအလုပ်လုပ်နေတာလဲ”
သူ့မေးခွန်းအတွက် ကျွန်မမှာ အဖြေမရှိပါဘူး။ တကယ်တော့ ကျွန်မက လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်ကတည်းက အလုပ်ပြုတ်သွားခဲ့တာကိုး။ အဲဒီ အလုပ်က ကျွန်မ အတွက် ဝါသနာပါတယ်ရယ်လို့လဲ မဟုတ်ပါဘူး။ ကျွန်မက ရန်ကုန်မြို့ထဲက ၂၄ နာရီဖွင့်တဲ့ နာမည်ကြီး ကော်ဖီဆိုင်တစ်ခုမှာ တစ်ပတ်ကို အဆိုင်းတစ်ခုစီနဲ့ အလှည့်ကျ အလုပ်ဆင်းရတဲ့သူပါ။ တစ်ခါတလေလဲ နေ့ဆိုင်းကျတာမျိုးတွေ ရှိသလို၊ တစ်ခါများကျပြန်လဲ ညဆိုင်းကျတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ ကော်ဖီဆိုင်ရဲ့ ရောင်းအားလျော့ကျမှုတို့ကြောင့် ဝန်ထမ်းလျှော့ချရာမှာ နောက်ဆုံးမှ ဝင်လာတဲ့ ကျွန်မက ထိပ်ဆုံးကနေ ပြုတ်သွားခဲ့ပါတယ်။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ စကားက သိပ်မှန်တာပဲ။ ကျွန်မလဲ အဲဒီနေ့က အလုပ်ပြုတ်လို့ စိတ်တွေလေပြီး ဘတ်စ်ကားစီးကာ ကျွန်မ ချစ်သူနေတဲ့ အခန်းကို တန်းသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဖြစ်ချင်တော့ ကျွန်မရဲ့ ချစ်သူဆိုတဲ့လူက တခြားမိန်းမတစ်ယောက်ရဲ့ ချစ်သူလဲ ဖြစ်တယ်ဆိုတာ ကျွန်မ သိလိုက်ရပါတော့တယ်ရှင်။
ကျွန်မ သူနဲ့ တွဲတာ ၄လနီးပါးလောက်တောင် ရှိခဲ့မယ် ထင်ပါရဲ့။ အဲဒီ ကော်ဖီဆိုင်မှာ အလုပ်ဝင်ပြီး ၂လ လောက်မှာ သူနဲ့ တွေ့ခဲ့တာလေ။ သူက ကော်ဖီဆိုင်ကိုလာတိုင်း အက်စ်ပရက်ဆိုနဲ့ ခွာဆွန့်ပေါင်မုန့်တစ်ခု စားလေ့ရှိတယ်။ ဒါမှမဟုတ်လဲ သူက စပယ်လက်ဖက်ခြောက်ရေနွေး တစ်အိုးမှာလေ့ရှိတယ်။ အဲဒီ ကံဆိုးသလား၊ ကံကောင်းသလား မပြောတတ်တဲ့ ရက်တစ်ရက်မှာ သူက ကျွန်မရှိတဲ့ ငွေရှင်းကောင်တာနား လာရပ်တော့ ကျွန်မ သူ့ကို မော့ကြည့်ပြီး ပြုံးလိုက်တယ်။ ပြီးတော့ ကျွန်မကပဲ ဦးအောင် “အရင်လိုပဲလား၊ စပယ်လက်ဖက်ခြောက် ရေနွေးကြမ်းယူမှာလား အစ်ကို” လို့ မေးလိုက်တော့ သူကပြုံးပြီး ခေါင်းညိတ်ပြတယ်။ အဲဒီကနေ ဘယ်လို စကားတွေ စပြီး ကားမိသွားသလဲ ကျွန်မ မမှတ်မိတော့ပါဘူး။ နောက်ထပ် ၂ လအကြာမှာ သူနဲ့ ကျွန်မ တွဲဖြစ်သွားတယ် ဆိုပါတော့ရှင်။
သူက ရန်ကုန်ဇာတိပါပဲ။ စမ်းချောင်းတဝိုက်မှာ သူငှားထားတဲ့ အခန်းလေးနဲ့ နေတာဆိုတော့ သူ့အခန်းက ကျွန်မ အလုပ်နဲ့ နီးတာမို့ ကျွန်မလဲ သူ့အခန်းမှာ အတော်လေး နေဖြစ်ခဲ့ပါတယ်။ နောက်တော့ ကျွန်မလဲ သူ့အခန်းလခနဲ့ မီတာဖိုးတွေကို တဝက်စိုက်ပေးရင်း သူနဲ့ကျွန်မက ရည်းစားတစ်ပိုင်း၊ အခန်းဖော်တစ်ပိုင်း ဖြစ်လာခဲ့တယ်။ ကျွန်မ မပြောဘူးလား။ ကျွန်မဟာ သိပ်ကို အားနာတတ်တဲ့သူပါလို့။ ကျွန်မက တပါးသူရဲ့ စေတနာကို အလကားရတိုင်း မိန့်မိန့်ကြီး ခံစားနေဖို့ကို သေမတတ် ကြောက်တယ်ရှင့်။ သူက အိုင်တီပိုင်းနဲ့ ပတ်သက်ပြီး အလုပ်လုပ်တာဆိုတော့ များသောအားဖြင့် အိမ်မှာနေတာများပါတယ်။ ကျွန်မကသာ ကော်ဖီဆိုင်ကို နေ့စဥ် အလုပ်သွားရတာပါ။
အဲဒီနေ့က အလုပ်ပြုတ်ပြီး စိတ်ဓါတ်ကျကာ ပြန်လာတဲ့ ကျွန်မဟာ အိမ်ရောက်တော့ ဘယ်တုန်းကတည်းက ကြိတ်ပုန်းခုတ်နေသလဲမသိတဲ့ သူ့နောက်ရည်းစားနဲ့ သူ့ကို အခန်းထဲမှာ လက်ပူးလက်ကြပ်မိတော့တာပါပဲ။ ဒါပေမဲ့ ကျွန်မ စိတ်မဆိုးခဲ့ပါဘူး။ တကယ်တော့ စိတ်ဆိုးဖို့တောင် စိတ်မပါတော့တာလို့ ဆိုရမယ်။ ၃ လနီးပါးလောက် သူနဲ့ အနီးကပ်နေခဲ့ရတဲ့ ကျွန်မဟာ သူဘယ်လိုလူမျိုးလဲဆိုတာကို ကောင်းကောင်းကြီး သိသွားတာကြောင့်လဲ ပါမယ်ထင်တယ်။
ကျွန်မတို့ရဲ့ ဆက်ဆံရေးဟာ အဲဒီနေ့မှာပဲ ကြိုးတစ်ချောင်းကို ကတ်ကြေးထက်ထက်နဲ့ ဖြတ်သလို တိခနဲကို ပြတ်စဲသွားပြီး ကျွန်မလဲ ချက်ချင်းပဲ သူငယ်ချင်းဖြစ်သူ စန္ဒာ့အခန်းကို ပြောင်းလာဖြစ်ခဲ့ပါတယ်။ စန္ဒာက ကျွန်မနဲ့ တစ်နယ်တည်းသူတွေလေ။ ရန်ကုန်ကိုလဲ အတူတူပဲ ရောက်လာခဲ့ကြတာပါ။ သူက ကုန်တိုက်တစ်ခုက နာမည်ကြီး အလှကုန်ပစ္စည်းကောင်တာမှာ အရောင်းစာရေးလုပ်ပါတယ်။ ကျွန်မ သူ့အလုပ်မှာ လိုက်လုပ်ကြည့်ဖို့ စဥ်းစားခဲ့ဖူးပေမဲ့ လူတွေကို စကားတွေ အများကြီးပြောပြီး အာပေါက်အောင် ရှင်းပြရမဲ့ အလုပ်မျိုးနဲ့ ကျွန်မက မကိုက်ဖူး ထင်ပါရဲ့။ ဒီလိုနဲ့ ကျွန်မလဲ သူ့အခန်းမှာပဲ တစ်ရက်၊ နှစ်ရက် ကပ်နေရင်းကနေ ၂ ပတ်နီးပါးတောင် ရှိလာခဲ့တယ်ပဲ ဆိုပါတော့ရှင်။
စန္ဒာ့မှာလဲ တွဲနေတဲ့ ရည်းစားရှိပါတယ်။ သူတို့နှစ်ယောက်က ကိုယ်စီ ကိုယ်စီ အလုပ်ကလေးတွေနဲ့ဆိုတော့ ပိတ်ရက်လေးရမှပဲ လွတ်လွတ်လပ်လပ် တွေ့ကြရတဲ့သူတွေပါ။ ရန်ကုန်မြို့ရဲ့ နို့ဆီခွက်လောက် အခန်းကျဥ်းလေးထဲမှာ အလုပ်လက်မဲ့နဲ့ ငုတ်တုပ်ကြီးဖြစ်နေတဲ့ ကျွန်မကြောင့် သူတို့ မလွတ်မလပ်ဖြစ်ကြတာမို့ အားနာရပါတယ်ရှင်။ ချစ်သူရည်းစားနှစ်ယောက် အားလပ်ချိန်မှာ လွတ်လွတ်လပ်လပ်ရှိအောင် ကျွန်မလဲ အနားမှာရှိတဲ့ ပန်းခြံကို သွား,သွားထိုင်ရင်း အခုလို ပန်းခြံမှာ အချိန်ဖြုန်းရတာကို ကြိုက်လာခဲ့တယ်ဆိုပါတော့။
“ကျွန်မ အလုပ်ရှာနေဆဲပါ” လို့ မဆွေဆွေတင့်ရဲ့ အမေးကို ပြန်ဖြေရင်း ပြုံးပြလိုက်တယ်။ မဆွေဆွေတင့်က ကျွန်မ အဖြေကိုကြားတော့ မျက်ခုံးတစ်ချက်ပင့်ကာ ခေါင်းညိတ်တယ်။ သိပ်ပြီး အံ့သြသွားပုံတော့ မပြပါဘူး။ သူ့ရှေ့က မော်နီတာကို ကြည့်ကာ ကီးဘုတ်ပေါ်က ခလုပ်တချို့ကို နှိပ်လိုက်ပြီးမှ သူက ကျွန်မကို နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးတယ်။ မော်နီတာက သူ့ဘက်လှည့်ထားတာမို့ သူဘာတွေ ရေးနေသလဲဆိုတောတော့ ကျွန်မလဲ မသိပါဘူး။
“လွန်ခဲ့တဲ့ ၆လ အတွင်း မင်း ဆေးရုံတက်ခဲ့ရလောက်တဲ့အထိ ကျန်းမာရေးမကောင်းဖြစ်ခဲ့ဘူးလား။ ဒါမှမဟုတ် မွေးရာပါ ရောဂါအခံတွေရော ရှိလား”
ဒီမေးခွန်းကိုတော့ ကျွန်မ ယုံကြည်ချက်အပြည်နဲ့ ဖြေနိုင်ပါတယ်။ ကျွန်မက တခြားနေရာတွေမှာသာ သူများထက် ညံ့ရင် ညံ့မယ်။ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲလေ။
“ကျွန်မ ကျန်းမာရေး ကောင်းပါတယ်ရှင်။ ရောဂါအခံလဲ မရှိပါဘူး” ဆိုတဲ့ အဖြေကို သူ သဘောတွေ့သွားတဲ့ပုံပါပဲ။
“ဟုတ်ပြီ။ ဒီအလုပ်က ၃ လပဲဆိုတာကို မင်းနားလည်ထားတယ်နော်” လို့ သူက မေးတယ်။
တကယ်တော့ ဒီအလုပ်ရဲ့ အသွားအလာကို ကျွန်မ နားမလည်တာ အမှန်ပါ။ လွန်ခဲ့တဲ့ ၃ ရက်လောက်က စန္ဒာ့ရည်းစား ကောင်လေး အခန်းကို လာလည်တုန်း ကျွန်မလဲ ပန်းခြံထဲမှာ ထိုင်နေရင်းနဲ့ ပန်းခြံထိပ်က နိုးတစ်ဘုတ်မှာ “ အခန်းစောင့် အလိုရှိသည်။ လစာကောင်းသည်။ စုံစမ်းရန် - ၀၉#######၄၆ “ ဆိုတဲ့ ကြော်ငြာစာလေး ကပ်ထားတာကို တွေ့တော့ ချက်ချင်းပဲ ဖုန်းဆက်ပြီး ဒီနေ့ အင်တာဗျူးလာဖို့ ချိန်းခဲ့တာပါ။ နောက်ပြီး ဒီလောက်ခမ်းနားတဲ့ အခင်းအကျင်းကြီးနဲ့ ခမ်းနားတင့်တယ်လှတဲ့ တိုက်ကြီးကို တွေ့ပြီးသကာလမှာတော့ ကျွန်မ စိတ်ထဲမလဲ ‘ဒီအလုပ်က ငါ့ကို မခန့်လောက်ပါဘူး’ ဆိုတဲ့ အတွေးတွေ ဝင်လာခဲ့ပါပြီ။ ဟုတ်ပါတယ်။ ဒီလို နေရာမျိုးမှာ အလုပ်လုပ်ဖို့ ကျွန်မမှာ လုံလောက်တဲ့ အရည်အချင်း မရှိနိုင်လောက်ပါဘူး။
“တကယ်တော့လေ ကျွန်မ ဒီအလုပ်ကို သိပ်ပြီး နားမလည်ဘူးရှင့်။ ကျွန်မက သန့်ရှင်းရေးလုပ်ပေးရမှာလား” လို့ သူ့ကို မေးလိုက်တယ်။
“ဒီ ကွန်ဒိုတိုက်ခန်းကို နေမျိုးမင်းခေါင်အိမ်ရာလို့ ခေါ်တာကိုရော မင်းသိတယ်မဟုတ်လား” ဆိုတဲ့ သူ့အသံမှာ ‘အ,ရန်ကော’ ဆိုတဲ့ လေသံပါနေတာ ကျွန်မ ခံစားမိပါတယ်။ ဒါပေမဲ့ ကျွန်မ သူ့အမေးကို ပြုံးပဲပြလိုက်ပါတယ်။
“နေမျိုးမင်းခေါင်ကွန်ဒိုအိမ်ရာဆိုတာ ရန်ကုန်မြို့ထဲမှာ ကျိကျိတက်ချမ်းသာပြီး နာမည်ကြီးတဲ့ အသိုင်းအဝိုင်းကလူတွေပဲ နေတဲ့ အိမ်ရာပါ။ ပိုက်ဆံပုံပေးတိုင်းလဲ ဒီအိမ်ရာမှာ တိုက်ခန်းတစ်ခန်းရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တိုက်ခန်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကတည်းက စတင်တည်ဆောက်တဲ့ခဲ့ မူလပိုင်ရှင် ဦးနေမျိုးမင်းခေါင် ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း ကိုက်ညီတဲ့ လူကိုပဲ သူ့ရဲ့ ကျန်ရှိတဲ့ အဆက်အနွယ်တွေက ခွင့်ပြုမှ ဒီအဆင့်မြင့်ကွန်ဒိုကြီးမှာ တိုက်ခန်း ဝယ်ခွင့်ရကြတယ်။ ဒါကြောင့် အခုပြောမဲ့ စကားတွေကို မင်းဘက်ကလဲ တခြား အပြင်လူတွေကို ပြန်မပြောပါဘူးဆိုတဲ့ ကတိပေးနိုင်မှ အင်တာဗျူးကို ဆက်လက်ပြီး မေးမြန်းပါမယ်။ ဘယ်လိုလဲ။ မင်း သဘောတူရဲ့လား”
တကယ်တော့ သူဘာတွေပြောနေသလဲဆိုတာတောင် ကျွန်မ ကောင်းကောင်း နားမလည်ပါဘူး။ ကျွန်မ သိလိုက်တာတစ်ခုကတော့ ဒီအင်တာဗျူးက စကားတွေကို အပြင်ကို ပေါက်ကြားလို့ မဖြစ်ဘူးဆိုတာပါပဲ။ ကျွန်မ သူ့ကို ကြည့်နေရင်းကနေ ခပ်မြန်မြန် ခေါင်းညိတ်ပြလိုက်တယ်။ “ကောင်းပြီလေ။ မင်းကို အင်တာဗျူးနေတဲ့ တိုက်ခန်းမှာ နေတဲ့ အိမ်ရှင်က ကိစ္စတစ်ခုကြောင့် ပြည်ပရောက်နေတာကြာပါပြီ။ နေမျိုးမင်းခေါင်အိမ်ရာမှာ စည်းကမ်းတစ်ခုရှိတယ်။ အဲဒါကတော့ ပိုင်ရှင်ရှိတဲ့ တိုက်ခန်းတွေဟာ ဘယ်တော့မှ အခန်းလွတ်မရှိရဘူးဆိုတာပဲ။ ဒါကြောင့် သူက သူမရှိချိန်မှာ တိုက်ခန်းလဲ စောင့်ရင်း နေပေးနိုင်မဲ့ လူမျိုးကို ရှာနေတာပါ။ ခရီးကလဲ မဖြစ်မနေ သွားလိုက်ရတာမို့ သူက တို့လက်ထဲကို အစအဆုံး အပ်ခဲ့တာ။ တကယ်လို့ မင်းသာ ဒီအလုပ်ရခဲ့ရင် မင်းက ဒီတိုက်ခန်းကို စောင့်ပေးရမဲ့ ပထမဆုံးလူ ဖြစ်လာမှာပေါ့”
“ဒါဆို ရှင်ပြောချင်တာက ကျွန်မက ဒီတိုက်ခန်းမှာ နေရုံနဲ့ ပိုက်ဆံရမှာပေါ့ ဟုတ်လား” လို့ ကျွန်မ သူ့ကို အံ့အားသင့်စွာနဲ့ မေးတော့ သူက တစ်ချက်ပြုံးလိုက်တယ်။ ဆန်းကြယ်လိုက်တာရှင်။ တိုက်ခန်း အကောင်းစားကြီးမှာလည်း နေရမယ်။ နေပေးလို့လည်း ပိုက်ဆံရဦးမယ်ဆိုတော့ ဟုတ်မှ ဟုတ်သေးရဲ့လားလို့တောင် ကျွန်မ သံသယ ဝင်မိသွားတယ်။
“အင်းပေါ့၊ ဒါပေမဲ့ မင်းနေတဲ့ကာလအတွင်းမှာ အမြဲတစေ တိုက်ခန်းကို သန့်ရှင်းသပ်ရပ်စွာ ထားရမယ်ဆိုတဲ့ စည်းကမ်းချက်လဲပါသေးတယ်နော်”
“ဟုတ်ကဲ့။ ကျွန်မ သန့်သန့်ရှင်းရှင်း နေတတ်ပါတယ်ရှင်။ သန့်ရှင်းရေး ကိစ္စကိုတော့ စိတ်ပူစရာ မလိုပါဘူး။ ဒီအလုပ်က ၃ လပဲ လုပ်ရမှာလားရှင်” လို့တောင် ကျွန်မ ပြန်မေးလိုက်မိသေးတယ်။ ကျွန်မ အနေနဲ့ အလကားဆိုရင်တောင် ဒီအလုပ်ကို လုပ်ချင်ပါတယ်။ အနည်းဆုံးတော့ ကျွန်မ ဒီလို ခမ်းနားတင့်တယ်တဲ့ တိုက်ခန်းကြီးမှာ နေပြီး နေထိုင်ရေးကိစ္စကို မပူဘဲ အလုပ်တစ်ခု ကောင်းကောင်းရှာနိုင်မယ်မဟုတ်ပါလား။ လောလောဆယ် ကျွန်မမှာ အလိုအပ်ဆုံးဖြစ်နေတဲ့ အရာတစ်ခုက နေစရာကောင်းကောင်း တစ်ခုရဖို့ ဖြစ်နေတာလဲ ပါ,ပါတယ်။
“ ဟုတ်တယ်။ တိုက်ခန်းစောင့်အတွက် လခကို တစ်လ ၇ သိန်း သတ်မှတ်ပေးထားတယ်။ ဒါပေမဲ့ လခကို နှစ်ပတ်တစ်ကြိမ် တို့ဆီက ထုတ်ယူနိုင်ပါတယ်။ ဒီလောက်ဆို မင်းလဲ အဆင်ပြေမယ် ထင်ပါတယ်။ ဒါနဲ့ မင်းက နယ်ဇာတိဆိုတော့ အခုလောလောဆယ် ဘယ်မှာနေတာလဲ”
“ ကျွန်မက အခုလောလောဆယ် သူငယ်ချင်းတစ်ယောက်နဲ့အတူတူ နေပါတယ်ရှင့်”
“ဟုတ်ပါပြီ။ ဘာမှ အထွေအထူးမေးစရာတော့ မရှိတော့ပါဘူး။ ဒါဆို တိုက်ခန်းအနေအထားကို သွားကြည့်ကြရအောင်လေ” ဆိုပြီး သူက အရင်ဆုံးထတော့ ကျွန်မလဲ သူ့နောက်ကနေ ခပ်ရို့ရို့လေး လိုက်သွားတယ်။
ရုံးခန်းထဲကနေထွက်ကာ စောစောက သူထိုင်နေတဲ့ ဧည့်ကြိုကောင်တာရဲ့ မျက်စောင်းထိုးက ဓါတ်လှေကား သေးသေးလေး ဆီကို သူက ဦးတည်ကာ သွားနေတယ်။ ဒီလောက်ကြီးကျယ်ခမ်းနားပြီး မီးဆိုင်းကြီးတွေနဲ့ အလှဆင်ထားတဲ့ ကြယ်ငါးပွင့်ဟော်တယ်ကြီးလို တိုက်ခန်းကြီးမှာ ဘယ်သူမှ မတွေ့ရတာကိုတော့ ကျွန်မ အံ့အားသင့်မိပါရဲ့။
မဆွေဆွေတင့်နဲ့ ကျွန်မရဲ့ ဖိနပ်သံက ကျယ်ဝန်းပြီး လူသူကင်းမဲ့ကာ တိတ်ဆိတ်နေတဲ့ လော်ဘီခန်းထဲမှာ ပဲ့တင်ထပ်နေတယ်။ ဓါတ်လှေကားရှေ့မှာ ကျွန်မ တောင်တောင်အီအီ လျှောက်ကြည့်မိတော့ အဝင်ပေါက် အပြင်မှာ မတ်တပ်ရပ်နေတဲ့ တံခါးစောင့်ကလွဲပြီး လူရိပ်သူရိပ်လုံးဝ ကင်းမဲ့နေတာကို တွေ့လိုက်ရပါတယ်။
မှန်တံခါးတွေကနေတဆင့် လှမ်းမြင်နေရတဲ့ ကားလမ်းမပေါ်မှာတော့ ကားတွေက ပျားပန်းခတ်မျှ ရှုပ်လို့ရယ်ပါ။ ကားလမ်းတစ်ဖက်ခြမ်းက လှမ်းမြင်နေရတဲ့ ပန်းခြံထဲမှာလဲ လူတွေစည်နေတာကို ကျွန်မ ရေးရေး မြင်နေရတယ်။ ဆူညံပွက်လောရိုက်နေတဲ့ ကားလမ်းနဲ့ ပန်းခြံအခြမ်းဟာ ကျွန်မရပ်နေတဲ့ နေမျိုးမင်းခေါင်အိမ်ရာ အဆောက်အအုံရဲ့ တိတ်ဆိတ်မှုနဲ့ လုံးဝ ကွဲထွက်နေတယ်။
ကျွန်မဟာ ကားလမ်း တဖက်ခြမ်းက လူတွေနဲ့ မတူညီတဲ့ ကမ္ဘာသစ်တစ်ခုကို ရောက်နေသလိုပါပဲ။
ဓါတ်လှေကားတံခါးပွင့်လာတော့ သူနဲ့ ကျွန်မ နှစ်ယောက်လုံး အတွင်းထဲ ဝင်လိုက်ကြပါတယ်။ သူက ဓါတ်လှေကားနံရံမှာ ရှိနေတဲ့ ခလုတ်ပေါင်းများစွာထဲက နံပါတ် ၂၆ကို နှိပ်လိုက်တာနဲ့ တံခါးလဲ ပြန်ပိတ်သွားပြီး ဓါတ်လှေကားက တအိအိနဲ့ ကျွန်မတို့ နှစ်ယောက်လုံးကို ၂၆ လွှာဆီကို ဆွဲခေါ်သွားပါတော့တယ်။
ဓါတ်လှေကားထဲမှာ ကျွန်မ သတိထားမိလိုက်တာတစ်ခုကတော့ လော်ဘီမှာတုန်းကလို မွှေးပျံ့တဲ့ လေသန့်နံ့မျိုးမရဘဲ ဆေးရုံတွေမှာ ရလေ့ရှိတဲ့ အရက်ပြန်နံ့လို ခပ်စူးစူး အနံ့ပါပဲ။ ကျွန်မ သုံး၊လေးချက်လောက် နှာခေါင်းနဲ့ အသံထွက်အာင် အနံ့ခံတာကို သူကြားသွားတယ် ထင်ပါ့။ သူက ကျွန်မဘက်မလှည့်ဘဲ “တချို့အခန်းတွေ ဆေးပြန်သုတ်နေလို့ပါ” လို့ ဖြေရှင်းချက်ပေးတယ်။ ကျွန်မလဲ ဘာဘာညာညာလျှောက်တွေးမနေတော့ဘဲ အနီရောင် ဂဏန်းလေးက အလွှာတစ်ခုချင်းစီ တက်သွားတာကို စိုက်ကြည့်နေမိပါတော့တယ်ရှင်။
၂၆ ဆိုတဲ့ အလွှာရောက်တော့ ဓါတ်လှေကား တံခါးပွင့်သွားပြီး ကျွန်မတို့ အပြင်ထွက်လိုက်ကြတယ်။ ဓါတ်လှေကားကနေ ထွက်ထွက်ချင်း ဘယ်ဘက်လှည့်လိုက်တာနဲ့ ထောင့်ဆုံးကျနေတဲ့ အခန်းကို သူက လျှောက်သွားတယ်။ အခန်း နံပါတ်ကတော့ ၆၄၈ တဲ့ရှင်။
သူက အခန်းဆီလျှောက်သွားပြီး လက်ထဲမှာ ကိုင်ထားတဲ့ သော့တွဲထဲက သော့တစ်ချောင်းကို ရွေးယူကာ အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ ကျွန်မ တစ်သက်မှာ တစ်ခါမှ မမြင်ဖူးလောက်အောင် လှပတဲ့ အခန်းကျယ်ကြီးကို တွေ့လိုက်ရပါတော့တယ်။
အခန်းထဲ ဝင်ဝင်ချင်းမှာ သန့်စင်ခန်းတစ်ခုရှိပြီး သူ့နောက်မှာတော့ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားတဲ့ မီးဖိုချောင်တစ်ခု၊ ပြီးတော့ ဧည့်ခန်းလို့ ထင်ရတဲ့ အခန်းတစ်ခု၊ အဲဒီအခန်းကိုကျော်တော့မှ နှစ်ယောက်အိပ်ကုတင်ကြီး ခင်းကျင်းထားတဲ့ ပင်မအိပ်ခန်းကြီးတစ်ခုရှိပါတယ်။ အဲဒီ အိပ်ခန်းကို ကျော်ရင်တော့ ဝရန်တာကို ထွက်ဖို့ လုပ်ပေးထားတဲ့ မှန်တံခါးကြီး ရှိတယ်။
တကယ်တော့ မြေပြင်ကနေ အဝေးကြီး ရောက်နေတာကို ထည့်မစဥ်းစားဘူးဆိုရင် ဒီအခန်းဟာ တိုက်ခန်းတစ်ခုထက် အိမ်ကလေးတစ်လုံးနဲ့တောင် ပိုပြီး ဆင်တူပါတယ်။ မီးဖိုချောင်နဲ့ တွဲထားတဲ့ ထမင်းစားခန်း၊ စာအုပ်စင်၊ ဆိုဖာခုံနဲ့ မှန်စားပွဲပုလေးချထားတဲ့ ဧည့်ခန်း တို့ကြောင့် ကျွန်မ တစ်သက်နဲ့တစ်ကိုယ် ဒီလောက် အသေးစိတ်ကျအောင် ပရိဘောဂတွေ ထည့်ပေးထားတာကို မမြင်ဖူးတာ အမှန်ပါ။
နံရံကပ် စက္ကူတွေကိုက အစ သိပ်ကို ခမ်းနားလွန်းနေတာမို့ ကျွန်မဖြင့် စောစောက ဒီအလုပ် မရလောက်ပါဘူးလေဆိုတဲ့ အတွေးတွေပျောက်ပြီး ဒီအလုပ်လေးကို ရလိုက်ရင် သိပ်ကောင်းမှာပဲ ဆိုတဲ့ အတွေးတွေက အစားထိုး ဝင်ရောက်လာပါတော့တယ်။
“ကဲ အခန်းကတော့ ဒါပါပဲ” လို့ ပြောပြီး သူက ကျွန်မ မျက်နှာကို အကဲခတ်လိုက်တယ်။ အံ့သြဘနန်းဖြစ်နေတဲ့ မျက်နှာ အမူအရာကို ကျွန်မ ကောင်းကောင်း မထိန်းသိမ်းထားနိုင်ခဲ့ဖူး ထင်ပါရဲ့။ သူက နားလည်ပါတယ်ဆိုတဲ့ အမူအရာနဲ့ ကျွန်မကို ခေါင်းညိတ်ပြတယ်။
“လုံးဝ အသစ်အတိုင်းပဲနော်” လို့ ကျွန်မ ပြောတော့ သူက “ ဟုတ်တယ်။ နေမျိုးမင်းခေါင်အိမ်ရာမှာ သန့်ရှင်းမှုကို စံတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ တကယ်လို့ မင်းအလုပ်ရခဲ့ရင်လဲ ဒီစံနှုန်းကို ဆက်လက် ထိန်းသိမ်းထားမယ်လို့ မျှော်လင့်ပါတယ်”
“ဟုတ်ကဲ့ ကျွန်မ ကြိုးစားပါ့မယ်ရှင်” လို့ ကျွန်မ အားယူကာ ပြောလိုက်တယ်။ ကြည့်ရတာ သူ့မှာ ကျွန်မလို လာလျှောက်တဲ့ တခြားလူတွေ အများကြီးရှိတယ်နဲ့ တူပါရဲ့။
“အမှန်အတိုင်းပြောရရင် မင်းက ဒီအလုပ်ကို လာလျှောက်တဲ့ တစ်ဦးတည်းသောသူ မဟုတ်တာကိုတော့ မင်းလဲ နားလည်မယ်ထင်ပါတယ်နော်။ နာမည်ကြီးတိုင်း၊ ပိုက်ဆံရှိတိုင်း နေရာမရနိုင်တဲ့ နေမျိုးမင်းခေါင်ကွန်ဒိုအိမ်ရာမှာ အလကားလဲနေရမယ်၊ လခကောင်းကောင်းလဲ ရဦးမယ်ဆိုတဲ့ အလုပ်ကို စိတ်ဝင်စားသူတွေကလဲ အများသားလား”
“ဟုတ်ကဲ့ရှင်။ ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဒီအလုပ်ကို ရခဲ့ရင်လဲ တိုက်ခန်းက ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း တသွေမတိမ်းလိုက်နာပါ့မယ်လို့ ကတိပေးပါတယ်ရှင်” လို့ ကျွန်မ သူ့ကို ပြုံးကာ ပိုပိုသာသာလေး ပြောလိုက်ပါတယ်။
ရန်ကုန်ရောက်ပြီး အလုပ်ပေါင်းများစွာလျှောက်ဖူးတဲ့ ကျွန်မအတွက် အကောင်းဆုံး သင်ခန်းစာကတော့ အင်တာဗျူးတဲ့သူကို လုပ်တတ်သည်ဖြစ်စေ၊ မလုပ်တတ်သည်ဖြစ်စေ ပိုပိုသာသာလေး ဖိပြောဖို့က အရေးကြီးတယ်ဆိုတဲ့ အချက်ပါပဲ။ အင်တာဗျူးသူက ကိုယ့်ကိုယ် ကြယ်တွေ၊ လတွေပဲ ဆွတ်ခူးခိုင်းစေဦးတော့၊ အလုပ်ရသွားဖို့က ပိုပြီး အရေးကြီးပါတယ်။ အခုလဲ ကျွန်မ မှန်းထားတာ မှန်သွားတယ်နဲ့ တူပါတယ်။ မဆွေဆွေတင့်ရဲ့ မျက်နှာက ကျွန်မ စကားကြောင့် အတန်ငယ် နူးညံ့ပျော့ပြောင်းသွားပြီး
“ ကောင်းပါပြီ၊ အလုပ်နဲ့ပတ်သက်ပြီး မင်းကို တို့ ပြန်အကြောင်းကြားပေးပါ့မယ်” လို့ ပြောလိုက်ပါတော့တယ်။
Review By Thet Paing Writes

💬 Comment / Review
Comment များကို ရယူနေပါသည်…