ဒီဘက်ခေတ် စာတွေရဲ့ အရေးအသားက ကြမ်းတယ်ဆိုတာ ၁၄ ရာစုကို ဘယ်မှီအုံးမတုံး။ ဖတ်နေတဲ့ စာအုပ်ထဲက ရယ်စရာ ပုံပြင်တစ်ပုဒ် ပြောပြမယ်နော်။
Geoffery Chaucer (ဂျော်ဖရီ ချော်ဆာ) ဆိုတာ ၁၄ ရာစုက အင်္ဂလန်ပြည်က စာရေးတော်ကြီးတစ်ယောက်ပေါ့။ သူ့ရဲ့ The Canterbury tales ပုံပြင်နဲ့ နာမည်ကြီးပါတယ်။ The Canterbury tales မှာ သူက ပြင်သစ် သို့မဟုတ် လက်တင် ဘာသာမသုံးဘဲ အလယ်ခေတ် အင်္ဂလိပ်စာကို သုံးခဲ့တဲ့အတွက် ချော်ဆာဟာလဲ ခေတ်သစ် အင်္ဂလိပ်ဘာသာရဲ့ ဖခင်ကြီးအဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။
(ခေတ်သစ် အီတာလျံဘာသာ စကားရဲ့ ဖခင်ကြီးအဖြစ် ဒန္တေ အယ်လီဂီယာရီကို သတ်မှတ်ကြ သလိုပါပဲ။)
ချော်ဆာဟာ အင်္ဂလန်က ပလန်တက်ဂျနတ်မင်းဆက်ခေတ်မှာ စာရေးတော်ကြီး တဖြစ်လဲ သံတမန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူ့ကို ဘယ်လောက် ဘုရင်က တန်ဖိုးထားသလဲဆိုရင် နှစ်တစ်ရာစစ်ပွဲမှာ သူ့ကို ပြင်သစ်တွေ ဖမ်းမိသွားတော့ ဘုရင်ကိုယ်တိုင် ၁၆ ပေါင်ပေးပြီး ပြန်ရွေးယူခဲ့တယ်တဲ့။ ဒီဘက်ခေတ်နဲ့ဆို ၁၄၂၆၂ ပေါင်လောက် ရှိမယ်လို့ ဝီကီက ဆိုပါတယ်။
ချော်ဆာဟာ ဘူကာချီယို၊ ဒန္တေ စတဲ့ ဂန္ထဝင် စာဆိုကြီးတွေရဲ့ စာကို လေ့လာခဲ့ပြီး သူကိုယ်တိုင်လဲ အဲဒီလက်ရာတွေလို အံ့မခန်း စာပေကို ရေးသားချင်ခဲ့သူပါ။ ဒါကြောင့် သူဟာ ကပ်ရောဂါကို အခြေပြုပြီး The Canterbury tales ဆိုတဲ့ အလယ်ခေတ် ကဗျာကြီးကို ရေးသားခဲ့ပါတယ်။
ကဗျာ ခြေဆင်းမှာတော့ အင်္ဂလန်မှာ ကပ်ရောဂါကြီးဖြစ်လို့ ကွာရန်တင်းရှောင်ဖို့ ခရီးသွား အယောက် ၃၀က ကန်တာဘာရီဆိုတဲ့ မြို့လေးကို ခရီးထွက်လာကြကြောင်း၊ လမ်းမှာ ပျင်းလာတော့ တစ်ယောက်ကို ပုံပြင် ၄ ပုဒ်ဆီ (အသွားနှစ်ပုဒ်၊ အပြန်နှစ်ပုဒ်) ပြောကြဖို့နဲ့ ပုံပြင်ပြော အကောင်းဆုံးလူကို ကန်တာဘာရီရောက်ရင် ညစာနဲ့ ဧည့်ခံမဲ့အကြောင်း ဖော်ပြထားပါတယ်။ အဲဒီကနေ သူတို့ ပုံပြင်စပြောဖြစ်ကြပါတော့တယ်။
ချော်ဆာဟာ ပုံပြင်ပေါင်း ၁၂၀ ရေးသားဖို့ စီစဉ်ထားပေမဲ့ တကယ်တမ်းမှာတော့ ၂၄ ပုဒ်ပဲ ရေးသားနိုင်ခဲ့ပြီး တိမ်းပါးသွားခဲ့ပါတယ်။ ပုံပြင်တွေထဲမှာ ချစ်ခြင်းမေတ္တာ၊ ဘာသာရေး၊ လူ့သဘာဝနဲ့ အိမ်ထောင်မှု၊ ရယ်ရွှင်ဖွယ်တို့ကို ရေးထားတာကြောင့် အတော်လေး ခေတ်စားပါတယ်။
အထဲက ပုံပြင်တစ်ပုဒ်ကို အတိုချုံး ဖော်ပြလိုက်ပါတယ်။
တစ်ခါက သစ်ခုတ်သမား တစ်ဉီးရှိ၏။ သစ်ခုတ်သမားသည် မယားအငယ်လေးကို ယူထား၏။ သူသည် အိမ်တွင်လည်း အောက်စဖို့ဒ် တက္ကသိုလ်မှကျောင်းသားတစ်ဦးကို အိမ်ငှားတင်ထား၏။ ကျောင်းသားသည် မယားငယ်ငယ်လေးကို သစ်ခုတ်သမား အလစ်တွင် ကြာခိုရန်ကြံကာ မတော်ရာ ပေါင်ကြားကို လက်နှင့်ဆွဲကိုင်၏။ မယားလေးက အော်သဖြင့် ကျောင်းသားက ငိုယို၍ တောင်းပန်ရာ စေတနာဖြစ်မိသဖြင့် မယားလေးနှင့် တက္ကသိုလ်ကျောင်းသားတို့ တိတ်တိတ်ပုန်း ညားကြ၏။
ထိုမယားလေးကို ဘုရားကျောင်းက စာရေးတစ်ဦးကလည်း ချစ်ခင်စုံမက်၏။ သို့သော် မယားလေးသည် တက္ကသိုလ်ကျောင်းသားနှင့် တိတ်တိတ်ပုန်းညားနေသဖြင့် စာရေးကို အဖက်ပင်မလုပ်။
သစ်ခုတ်သမား အလစ်တွင် ကြိတ်ပေါင်းရသည်ကို အားမရနိုင်သဖြင့် တက္ကသိုလ်ကျောင်းသားက သစ်ခုတ်သမားအား နက္ခတဗေဒအရ နောဧခေတ်မှ ရေကြီးခြင်း ဖြစ်လာနိုင်သဖြင့် ကြိုတင် ပြင်ဆင်ရန်ဆို၏။ ဉာဏ်နည်းသော သစ်ခုတ်သမားလည်း သစ်သားလှေကြီး ရိုက်ပြီးလျှင် အိမ်ခေါင်တွင် ကြိုးနှင့်ဆွဲကာ တက်အိပ်၏။ သစ်ခုတ်သမား အိပ်လျှင် မယားလေးသည် အောက်သို့ တိတ်တိတ်ဆင်းကာ လင်ကြီး အိပ်ရာတွင် လင်ငယ် တက္ကသိုလ်ကျောင်းသားနှင့် ပေါင်းဖော်၏။
ဤတွင် စာရေးသည် မယားလေးရှိရာ ပြတင်းပေါက်မှနေ၍ ကဗျာဆိုကာ ဆွဲဆောင်၏။ မယားလေးအား နှုတ်ခမ်းကို ထုတ်ကာ သူ့ကို နမ်းပါဟု စာရေးက ပြောလျှင် မယားလေးသည် စာရေးအား မျက်စိမှိတ်ထားပါဟု လီဆယ်၏။ မျက်စိမှိတ်ထားသော စာရေးအား မယားလေးက ဂါဝန်ချွတ်ကာ သူ၏ တင်ပါးကို ပြတင်းမှ ထုတ်ကာ နမ်းစေ၏။
သူ့အား လီဆယ်ကာ တင်ပါးကို နမ်းခိုင်းကြောင်း စာရေးသိလျှင် ဒေါသထွက်၏။ ထို့နောက် ပန်းပဲဖိုထံမှ မီးဖုတ်ထားသော သံချောင်းကို ယူကာ ပြတင်းပေါက်ကို တစ်ခေါက်လာပြန်၏။ ယခင်အတိုင်း စာရေးက ပြောလျှင် အစအနောက်သန်သော တက္ကသိုလ်ကျောင်းသားက စာရေးအား ယခင်နည်းအတိုင်း မျက်စိမှိတ်ထားရန် ပြောပြီး ဘောင်းဘီချွတ်ကာ သူ့တင်ပါးကို ပြတင်းပေါက်မှ ထုတ်၏။
ဤတွင် စာရေးသည် ယူလာသော သံချောင်းပူပူဖြင့် တင်ကို ထိုးသဖြင့် တက္ကသိုလ်ကျောင်းသားက ပူလွန်းသောကြောင့် ‘ရေ’ ဟု အော်ပြေး၏။ တက္ကသိုလ်ကျောင်းသား၏ ‘ရေ’ ဟူသော အသံကိုကြားလျှင် သစ်ခုတ်သမားက ရေကြီးလာပြီထင်သဖြင့် လက်တွင် အသင့်ကိုင်ထားသော ပုဆိန်ဖြင့် လှေကိုဆိုင်းထားသော ကြိုးတို့ကို ခုတ်ဖြတ်ရာ ခေါင်မှ ပြုတ်ကျ၍ လက်ကျိုး၏။
ထိုအခါ အရပ်က သစ်ခုတ်သမားတို့ ဖြစ်အင်ကို ကြည့်ကာ လှောင်ပြောင်ကြကုန်၏။
ကဲ ၁၄ ရာစုခေတ်က ပုံပြင်က တော်တော့်ကို မဆန်းကြယ်ဘူးလား။ ဒါတောင် အတိုချုံးထားတာနော်။
Review By Thet Paing Writes

💬 Comment / Review
Comment များကို ရယူနေပါသည်…