Les Miserables by Victor Hugo
အခန်း ၆ စံအိမ်တော်၏ အစောင့်အရှောက်
ကျွန်ုပ်တို့ ပြောခဲ့သည့်အတိုင်း သူနေထိုင်သော အိမ်ကို မြေညီထပ်နှင့် ပထမထပ်တို့ဖြင့် ဖွဲ့စည်းထား၏။ မြေညီထပ်တွင် အခန်း ၃ ခန်း၊ ပထမထပ်တွင် အခန်း ၃ ခန်းနှင့် အပေါ်ဆုံးတွင် ထပ်ခိုးတစ်ခု ရှိလေသည်။ အိမ်၏ အနောက်ဘက်တွင် ဧကတစ်စိတ်ခန့် ကျယ်ဝန်းသော ဥယျာဉ်တစ်ခု ရှိ၏။
အမျိုးသမီး ၂ ဦးက ပထမထပ်တွင် နေထိုင်ကြပြီး ဆရာတော်ကမူ အောက်ထပ်တွင် ကျိန်းစက်လေ့ရှိလေသည်။ လမ်းမဘက်သို့ မျက်နှာမူထားသော ပထမဆုံးအခန်းကို သူ၏ ဆွမ်းစားခန်းအဖြစ် အသုံးပြုပြီး၊ ဒုတိယအခန်းမှာ သူ၏အိပ်ခန်း၊ တတိယအခန်းမှာ သူ၏ သီးသန့်ဝတ်ပြုဆောင် ဖြစ်၏။ ဤဝတ်ပြုဆောင်မှ အိပ်ခန်းကို မဖြတ်ဘဲ အပြင်သို့ ထွက်ရန် လမ်းမရှိသကဲ့သို့၊ အိပ်ခန်းမှ ဆွမ်းစားခန်းကို မဖြတ်ဘဲ အပြင်သို့ ထွက်ရန်လည်း လမ်းမရှိပေ။
ဝတ်ပြုဆောင်၏ အစွန်ဘက်ဆုံးတွင် ဧည့်သည်များ အသုံးပြုရန်အတွက် ခုတင်တစ်လုံးပါရှိသော သီးခြားအိပ်ခန်းငယ်တစ်ခု ရှိသည်။ ကျေးလက်သာသနာနယ်မြေများ၏ လိုအပ်ချက်များ သို့မဟုတ် အခြားကိစ္စရပ်များကြောင့် ဒိညမြို့သို့ ရောက်ရှိလာကြသော ဘုန်းတော်ကြီးများအား ဆရာတော်သည် ဤခုတင်၌ အိပ်စက်ခွင့် ပေးတတ်သည်။
အိမ်နှင့် တွဲလျက်ဆောက်ထားကာ ဥယျာဉ်ဘက်သို့ ချဲ့ထွင်ထားသော အဆောက်အအုံငယ်လေးဖြစ်သည့် ဆေးပေးခန်းကိုမူ မီးဖိုချောင်နှင့် စတိုခန်းအဖြစ် ပြောင်းလဲထား၏။
ဥယျာဉ်ထဲတွင် ယခင်က ဆေးရုံမီးဖိုချောင်အဖြစ် အသုံးပြုခဲ့သော အပြင်ဘက် အဆောက်အအုံတစ်ခုလည်း ရှိပြီး ထိုနေရာတွင် ဆရာတော်သည် နွားနှစ်ကောင်ကို မွေးမြူထား၏။ ထိုနွားများ မည်မျှပင် နို့ထွက်ကောင်းစေကာမူ သူသည် နံနက်တိုင်း နို့တစ်ဝက်ကို ဆေးရုံရှိ လူနာများထံသို့ မပျက်မကွက် ပေးပို့လေ့ရှိကာ “ကျုပ် ဆယ်ဖို့တစ်ဖို့ ပေးလှူနေတာပါ” ဟု ပြောလေ့ရှိတတ်သည်။
သူ၏ အိပ်ခန်းမှာ အတော်လေး ကျယ်ဝန်းပြီး ဆောင်းရာသီတွင် အနွေးဓာတ်ရရန် အတော်လေး ခက်ခဲသည်။ ဒိညမြို့တွင် ထင်းမှာ အလွန်ဈေးကြီးသောကြောင့် နွားတင်းကုပ်ထဲတွင် သစ်သားအကန့်တစ်ခု တပ်ဆင်ပြီး သီးခြားအခန်းငယ်တစ်ခု ဖန်တီးဖို့ရာ သူ အကြံရခဲ့လေသည်။ အလွန်အေးသောအခါ ထိုနေရာ၌ သူ၏ ညနေခင်းများကို ကုန်ဆုံးလေ့ရှိပြီး ၎င်းကို သူ၏ ဆောင်းရာသီ ဧည့်ခန်းဟု ခေါ်ဆိုလေသည်။
ဤဧည့်ခန်းတွင် ဆွမ်းစားခန်းနည်းတူ အပေါစား အဖြူရောင်သစ်သားဖြင့် ရိုက်ထားသော စတုရန်းစားပွဲတစ်လုံးနှင့် ကောက်ရိုး ထိုင်ဖုံတပ် ကုလားထိုင် ၄ လုံးမှလွဲ၍ အခြားမည်သည့် ပရိဘောဂမျှ မရှိပေ။ ထမင်းစားခန်းတွင် ပန်းရောင်ဆေးသုတ်ထားသော ကြောင်အိမ်တစ်ခု ရှိ၏။ ဆရာတော်သည် အလားတူ ဗီရိုတစ်လုံးကို အဖြူရောင် အဝတ်စများ၊ ဇာတုများဖြင့် သင့်လျော်စွာ ဖုံးအုပ်ကာ မိမိ၏ ဝတ်ပြုဆောင်ကို အလှဆင်မည့် ဘုရားပလ္လင်အဖြစ် ဖန်တီးထားလေသည်။
ဆရာတော်၏ ချမ်းသာသော သာဝကများနှင့် ဒိညမြို့မှ ဘာသာတရား ကိုင်းရှိုင်းသော အမျိုးသမီးများသည် ဆရာတော်၏ ဝတ်ပြုဆောင်အတွက် ဘုရားစင်အသစ်တစ်ခု ပြုလုပ်ရန် ကုန်ကျစရိတ်များကို မကြာခဏ ရန်ပုံငွေ ထည့်ဝင်လှူဒါန်းတတ်ကြ၏။ ဤသို့ဖြစ်လာတိုင်းလည်း သူသည် ငွေကိုယူကာ ဆင်းရဲသားများကို ပေးကမ်းလေ့ရှိလေသည်။ “အလှပဆုံး ဘုရားစင်ဆိုတာ ဒုက္ခရောက်နေချိန်မှာ နှစ်သိမ့်မှုရရှိလို့ ဘုရားသခင်ကို ကျေးဇူးတင်နေတဲ့ ဝိညာဉ်တစ်ခုပါပဲ” ဟု သူက ဆိုလေသည်။
သူ၏ ဝတ်ပြုဆောင်တွင် ဒူးထောက်ခုံများပါရှိသော ကောက်ရိုးထိုင်ဖုံတပ် ကုလားထိုင် ၂ လုံး ရှိပြီး၊ အိပ်ခန်းထဲတွင်လည်း ကောက်ရိုးထိုင်ဖုံတပ် လက်တင်ကုလားထိုင်တစ်လုံး ရှိ၏။ ခရိုင်ဝန်၊ ဗိုလ်ချုပ်၊ သို့မဟုတ် မြို့စောင့်တပ်မှ အရာရှိများ၊ သို့မဟုတ် ဓမ္မကောလိပ်ကျောင်းမှ ကျောင်းသားအချို့ အစရှိသဖြင့် ဧည့်သည် ၇ဦး သို့မဟုတ် ၈ဦးခန့် တစ်ချိန်တည်း ရောက်ရှိလာပါက တစ်ယောက်ယောက်သည် နွားတင်းကုပ်ထဲရှိ ဆောင်းရာသီ ဧည့်ခန်းမှ ကုလားထိုင်များ၊ ဝတ်ပြုဆောင်မှ ဒူးထောက်ခုံပါသော ကုလားထိုင်များနှင့် အိပ်ခန်းမှ လက်တင်ကုလားထိုင်ကို သွားရောက်ယူဆောင်ရလေသည်။ ဤသို့ဖြင့် ဧည့်သည်များအတွက် ကုလားထိုင် ၁၁လုံး အထိ ချခင်းကာ ဧည့်ခံနိုင်၏။ ဧည့်သည်အသစ် ရောက်လာတိုင်း အခန်းတစ်ခန်းစီမှ ပရိဘောဂများလည်း ပြောင်သလင်းခါသွားလေတော့သည်။
တစ်ခါတစ်ရံတွင် ဧည့်သည် ၁၂ ဦးအထိ စုပြုံပြီး ရောက်လာသည်များလည်း ရှိတတ်၏။ ထိုအခါ ဆောင်းရာသီဖြစ်လျှင် ဆရာတော်သည် မီးလင်းဖိုရှေ့တွင် ရပ်နေခြင်းဖြင့်ဖြစ်စေ၊ နွေရာသီဖြစ်လျှင် ဥယျာဉ်ထဲ၌ လမ်းလျှောက်ရန် အကြံပြုခြင်းဖြင့်ဖြစ်စေ ထိုင်ခုံ မလောက်ငှသဖြင့် အဆင်မပြေမှုကို ဖုံးကွယ်တတ်လေသည်။
သီးခြားအိပ်ခန်းငယ်ထဲတွင် နောက်ထပ် ကုလားထိုင်တစ်လုံး ရှိသေးသော်လည်း ကောက်ရိုးထိုင်ဖုံမှာ တစ်ဝက်ခန့် ပျက်စီးနေပြီး ခြေထောက် ၃ ချောင်းဖြင့်သာ ဟန်ချက်ထိန်းနေရသဖြင့် နံရံကို မှီထားမှသာ အသုံးပြု၍ရ၏။ မဒမ်မွိုင်ဇဲလ် ဘတ္တီစတင်း၏ အခန်းထဲတွင် ပီကင်းပိုးသားဖြင့် ပန်းပွင့်ပုံစံ ကူရှင်ချုပ်ထားသော အလွန်ကြီးမားသည့် ယခင်က ရွှေချထားခဲ့ဖူးသော သစ်သား ဆိုဖာကုလားထိုင်ကြီးတစ်လုံး ရှိသည်။ သို့သော် လှေကားမှာ အလွန်ကျဉ်းမြောင်းလွန်းသဖြင့် ဤဆိုဖာကြီးကို ပထမထပ်သို့ ပြတင်းပေါက်မှတစ်ဆင့် တင်ခဲ့ရ၏။ ထို့ကြောင့် လိုအပ်သည့်အခါ အသုံးပြုနိုင်သော ပရိဘောဂများစာရင်းတွင် ၎င်းကို ထည့်သွင်း၍ မရနိုင်ပေ။
မဒမ်မွိုင်ဇဲလ် ဘတ္တီစတင်း၏ ရည်မှန်းချက်မှာ ငန်းလည်ပင်းပုံစံ ပန်းပုများ ထွင်းထုထားသော မဟော်ဂနီသစ်သားနှင့် အဝါရောင် နှင်းဆီပန်းပုံစံ ရိုက်နှိပ်ထားသော အမွှေးပွ ကတ္တီပါသားတို့ဖြင့် ပြုလုပ်ထားသည့် ဆိုဖာတစ်လုံးအပါအဝင် ဧည့်ခန်းသုံး ပရိဘောဂအစုံကို ဝယ်ယူရန်ဖြစ်၏။ သို့သော် ယင်းအတွက် ၅၀၀ ဖရန့် အနည်းဆုံး ကုန်ကျမည်ဖြစ်ပြီး၊ ၅ နှစ်အတွင်း ၄၂ ဖရန့် နှင့် ၁၀ ပြားသာ စုဆောင်းနိုင်ခဲ့သဖြင့် နောက်ဆုံးတွင် ထိုအကြံကို စွန့်လွှတ်လိုက်ရလေသည်။ မည်သို့ပင်ဆိုစေကာမူ ရည်မှန်းချက်အားလုံး ပြည့်ဝသူဟူသည် ဤကမ္ဘာတွင် ရှိနိုင်ပါ၏လော။
ဆရာတော်၏ အိပ်ခန်းကို မြင်ယောင်ကြည့်ရန်ထက် မည်သည့်အရာကမျှ ဤမျှ ရိုးရှင်းနိုင်မည် မဟုတ်ပေ။ ဥယျာဉ်ဘက်သို့ မျက်နှာမူကာ ဖွင့်ထားသော အမိုးမှ ကြမ်းပြင်ထိ ရှည်လျားသည့် ပြတင်းပေါက်ရှည်ကြီးတစ်ခုနှင့် ၎င်းကို မျက်နှာမူထားသော အစိမ်းရောင် သိုးမွေးကြမ်း အမိုးတပ်ဆင်ထားသည့် ဆေးရုံသုံး သံကုတင်တစ်လုံး ရှိသည်။
ခုတင်အနီး ကန့်လန့်ကာတစ်ခု၏ နောက်တွင် လောကီလူသားတစ်ဦး၏ ယခင် ရွှေထီးဆောင်းစဥ်က နေထိုင်မှုပုံစံကို ဖော်ပြနေဆဲဖြစ်သည့် အသုံးအဆောင်ပစ္စည်းများ ရှိ၏။ တံခါး ၂ ပေါက်ရှိရာ တစ်ပေါက်မှာ မီးလင်းဖိုဘေးတွင်ရှိပြီး ဝတ်ပြုဆောင်သို့ သွားရာလမ်းဖြစ်ကာ၊ အခြားတစ်ပေါက်မှာကား စာအုပ်စင်ဘေးတွင်ရှိပြီး ဆွမ်းစားခန်းသို့ သွားရာလမ်း ဖြစ်လေသည်။
စာအုပ်စင်သည် စာအုပ်များဖြင့် ပြည့်နှက်နေသော မှန်တံခါးတပ် ဗီရိုကြီးတစ်ခု ဖြစ်၏။ စကျင်ကျောက်နှင့်တူအောင် ဆေးသုတ်ထားသော သစ်သား မီးလင်းဖိုစင်ပါရှိသည့် မီးလင်းဖိုတွင် များသောအားဖြင့် မီးမွှေးထားခြင်း မရှိတတ်ပေ။
မီးလင်းဖိုထဲတွင် တစ်ချိန်က ငွေရည်စိမ်ထားခဲ့ဖူးသည့် ပန်းကုံးများ၊ မြောင်းကြောင်းများဖြင့် အလှဆင်ထားသော ပန်းအိုးနှစ်လုံးပါရှိသည့် ထင်းတင်သံစင်တစ်ခုရှိပြီး၊ ယင်းမှာ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတို့၏ ဇိမ်ခံပစ္စည်းတစ်မျိုးပင် ဖြစ်လေသည်။
ပုံမှန်အားဖြင့် မှန်တစ်ချပ် ချိတ်ဆွဲထားလေ့ရှိသော မီးလင်းဖို အထက်ပိုင်းတွင်မူ ရွှေရောင်လွင့်ပြယ်နေသော သစ်သားဘောင်အတွင်းရှိ ဆွေးမြေ့နေသော ကတ္တီပါအနက်ရောင်ပေါ်တွင် အရောင်ပြယ်နေသော ငွေရည်စိမ် ကြေးနီ လက်ဝါးကပ်တိုင်တစ်ခုကို ချိတ်ဆွဲထားသည်။ ပြတင်းပေါက်ရှည်ဘေးတွင် မှင်အိုးခုံနှင့်အတူ စာရွက်စာတမ်းများနှင့် စာအုပ်ထူကြီးများ ရှုပ်ပွနေသော စားပွဲကြီးတစ်လုံး ရှိ၏။
စားပွဲရှေ့တွင်ကား ကောက်ရိုးထိုင်ဖုံပါသော လက်တင်ကုလားထိုင်တစ်လုံး ရှိ၏။ ခုတင်ရှေ့တွင်မူ ဝတ်ပြုဆောင်မှ ငှားယူထားသော ဒူးထောက်ခုံပါသည့် ကုလားထိုင်တစ်လုံး ရှိ၏။
ခုတင်၏ တစ်ဖက်တစ်ချက်ရှိ နံရံပေါ်တွင် ဘဲဥပုံဘောင်များဖြင့် ပုံတူပန်းချီကား နှစ်ချပ်အား ချိတ်ဆွဲထားလေသည်။
ဤဦးခေါင်းပုံများဘေးရှိ ရိုးရှင်းသော အဝတ်စနောက်ခံပေါ်မှ ရွှေရောင် စာသားငယ်များအရ ပုံတူတစ်ခုမှာ စိန့်ကလော့ဒ်မြို့၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီးဖြစ်သော အာဘေး ဒီ ရှာလီယော့၏ပုံဖြစ်ပြီး၊ အခြားတစ်ဦးမှာမူ ရှားတရက်စ် သာသနာပိုင်နယ်မြေရှိ ဆစ္စတာစီယန်ဂိုဏ်းဝင် ဂရန်း-ရှမ့်၏ ကျောင်းထိုင်ဘုန်းတော်ကြီး၊ အက်ဂ်ဒီမြို့၏ လက်ထောက်ဂိုဏ်းအုပ်ဖြစ်သူ အာဘေး တိုတူး ၏ ပုံဖြစ်ကြောင်း သိရ၏။
လက်ရှိ ဆရာတော်သည် ဆေးရုံလူနာများထံမှ ဤအခန်းကို လွှဲပြောင်းရယူသောအခါ ထိုပုံတူများကို တွေ့ရှိခဲ့ပြီး ထိုနေရာတွင်ပင် ဆက်လက်ထားရှိခဲ့လေသည်။ အကြောင်းမှာ ထိုသူတို့သည် ဘုန်းတော်ကြီးများဖြစ်ပြီး၊ အလှူရှင်များလည်း ဖြစ်နိုင်သဖြင့် ၎င်းတို့ကို လေးစားသောကြောင့်ပင်။
ဤပုဂ္ဂိုလ်နှစ်ဦးနှင့် ပတ်သက်၍ ဆရာတော် သိရှိထားသမျှမှာ ၁၇၈၅ ခုနှစ် ဧပြီလ ၂၇ ရက် တူညီသောနေ့တစ်နေ့တည်းတွင် ရှင်ဘုရင်က တစ်ဦးကို ဂိုဏ်းအုပ် ဘုန်းတော်ကြီးအဖြစ် လည်းကောင်း၊ အခြားတစ်ဦးကို ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် လည်းကောင်း ခန့်အပ်ခဲ့ကြောင်းပင် ဖြစ်၏။
မဒမ် မဂ်လွားက ပုံတူများကို ဖုန်ခါရန် အောက်သို့ချလိုက်သောအခါ ဂရန်း-ရှမ့် ကျောင်းထိုင်ဘုန်းတော်ကြီး၏ ပုံတူအနောက်ဘက်တွင် ချိပ်တံဆိပ် လေးခုဖြင့် ကပ်ထားသော အချိန်ကြာမြင့်၍ ဝါကြန့်နေသည့် စက္ကူ စတုရန်းကွက်ငယ် တစ်ခုပေါ်တွင် အရောင်လွင့်နေသော မှင်ဖြင့် ရေးသားထားသည့် ဤအချက်အလက်များကို ဆရာတော် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်လေသည်။
ဆရာတော်ထံတွင် သိုးမွေးထည်ကြမ်းဖြင့် ပြုလုပ်ထားသည့် အလွန်ဟောင်းနွမ်းနေသော ပြတင်းပေါက် ကန့်လန့်ကာတစ်ခု ရှိပြီး၊ နောက်ဆုံးတွင် အင်မတန် ဟောင်းနွမ်းလွန်းသွားသဖြင့် အသစ်တစ်ထည်ဝယ်ရန် ကုန်ကျစရိတ်ကို ရှောင်ရှားနိုင်ရန်အလို့ငှာ မဒမ် မဂ်လွားမှာ အလယ်တည့်တည့်တွင် အဖာအထေးကြီးတစ်ခုကို မဖြစ်မနေ ချုပ်ပေးခဲ့ရလေသည်။ ဤအဖာအထေးမှာ လက်ဝါးကပ်တိုင် ပုံစံဖြစ်နေ၏။ ယင်းကို ဆရာတော်သည် မကြာခဏ သတိပြုမိပြီး “ကြည့်ရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ” ဟု ဆိုတတ်လေသည်။
မြေညီထပ်ရော ပထမထပ်ပါမကျန် အိမ်ရှိ အခန်းအားလုံးကို ထုံးသုတ်ထားပြီး ဤသည်မှာ တပ်စခန်းများနှင့် ဆေးရုံများတွင် အတွေ့ရများသော လုပ်ရိုးလုပ်စဉ် အတိုင်းပင် ဖြစ်၏။
သို့ရာတွင် ကျွန်ုပ်တို့ သိခဲ့ရသည့်အတိုင်း ထုံးသုတ်ထားသော စက္ကူအောက်တွင် မဒမ်မွိုင်ဇဲလ် ဘတ္တီစတင်း၏ အခန်းကို အလှဆင်ထားသည့် ပန်းချီကားများကို မဒမ် မဂ်လွားသည် မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့လေသည်။ ဆေးရုံမဖြစ်မီက ဤအိမ်သည် မြို့တော်ကောင်စီ အဆောက်အအုံ ဖြစ်ခဲ့ဖူးသဖြင့် ဤသို့ အလှဆင်ထားခြင်း ဖြစ်၏။ အိပ်ခန်း ကြမ်းပြင်များမှာ အုတ်နီခဲများဖြစ်ပြီး အပတ်စဉ် ရေဆေးကြောလေ့ရှိကာ၊ ကုတင်တိုင်း၏ရှေ့တွင် ယက်လုပ်ထားသော ကောက်ရိုးဖျာတစ်ချပ်စီ ရှိသည်။ စင်စစ် အမျိုးသမီး ၂ ဦး ထိန်းသိမ်းစောင့်ရှောက်ထားသော ဤနေရာလေးသည် ခေါင်မိုးမှ ကြမ်းပြင်အထိ အပြစ်ဆိုဖွယ်မရှိအောင် သန့်ရှင်းသပ်ရပ်နေလေသည်။ ဤသည်မှာ ဆရာတော် ခွင့်ပြုထားသည့် တစ်ခုတည်းသော ဇိမ်ခံခြင်းပင် ဖြစ်၏။ “ဒါက ဆင်းရဲသားတွေဆီကနေ တစ်ပြားတစ်ချပ် ယူငင်ထားခြင်း မရှိဘူး” ဟုပင် သူက ဆိုတတ်သေးသည်။
သို့ရာတွင် သူ၏ ယခင် လူဝတ်ကြောင်ဘဝက ပိုင်ဆိုင်မှုများထဲမှ ငွေဇွန်းနှင့် ခက်ရင်း ၆စုံအပြင် စွပ်ပြုတ်ခပ်သည့် ယောက်မကြီးတစ်ချောင်း ကျန်ရှိနေသေးပြီး၊ မဒမ် မဂ်လွားအတွက်မူ ယင်းတို့အား ဖြူလွှလွှ ပိတ်စားပွဲခင်းပေါ်တွင် ခမ်းနားစွာ တောက်ပနေသည်ကို တွေ့မြင်ရခြင်းမှာ နေ့စဉ် ကြည်နူးမှုတစ်ရပ် ဖြစ်ကြောင်းကို ဝန်ခံရပေမည်။ ကျွန်ုပ်တို့သည် ဒိညမြို့ဂိုဏ်းအုပ်ဘုန်းတော်ကြီး၏ စရိုက်လက္ခဏာကို အရှိအတိုင်း ပုံဖော်နေခြင်းဖြစ်သဖြင့် “ငွေပန်းကန် ခွက်ယောက်တွေနဲ့ စားသောက်ရတာကို စွန့်လွှတ်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်” ဟု သူပြောသည်ကိုလည်း တစ်ကြိမ်မက ကြားခဲ့ရကြောင်း ထပ်လောင်းပြောကြားရပေဦးမည်။
ဤငွေထည်ပစ္စည်းများတွင် အဘွား၏ ညီမတော်စပ်သူ အဘွားလေးထံမှ အမွေရရှိခဲ့သော ငွေစင်ဖြင့် ပြုလုပ်ထားသည့် ဖယောင်းတိုင်ခုံကြီး နှစ်ခုကိုလည်း ထည့်သွင်းရမည်ဖြစ်သည်။ ဤဖယောင်းတိုင်ခုံများတွင် ဖယောင်းတိုင် ၂ တိုင်ကို ထွန်းညှိနိုင်ပြီး ဂိုဏ်းအုပ်ဘုန်းတော်ကြီး၏ မီးလင်းဖိုစင်ပေါ်တွင် အမြဲလိုလို နေရာယူထားတတ်ကြလေသည်။ ညစာစားရန် ဧည့်သည်ရှိသောအခါ မဒမ် မဂ်လွားသည် ဖယောင်းတိုင် ၂ တိုင်ကို ထွန်းညှိပြီး စားပွဲပေါ်တွင် ဖယောင်းတိုင်ခုံများကို တင်ထားလေ့ရှိ၏။
ဆရာတော်၏ အိပ်ခန်းထဲရှိ သူ၏ ကုတင်ခေါင်းရင်းတွင် ဗီရိုငယ်တစ်ခုရှိပြီး မဒမ် မဂ်လွားသည် ညစဉ်ညတိုင်း ငွေဇွန်း၊ ခက်ရင်း ၆ စုံနှင့် ယောက်မကြီးကို ထိုဗီရိုထဲတွင် သော့ခတ် သိမ်းဆည်းလေ့ရှိသည်။ သို့သော် သော့ကို မည်သည့်အခါမျှ ဖြုတ်ယူသွားခြင်း မရှိကြောင်းကိုမူ ပြောရပေဦးမည်။
အထက်တွင် ဖော်ပြခဲ့သော အတန်ငယ် အကျည်းတန်သည့် အပြင်ဘက် အဆောက်အအုံများကြောင့် အနည်းငယ် အလှပျက်နေသော်လည်း ဥယျာဉ်ကို ရေနုတ်မြောင်းရေတွင်းတစ်ခုမှ ဖြာထွက်နေသော လက်ဝါးကပ်တိုင်ပုံစံ လမ်းသွယ် ၄ ခုဖြင့် ဖွဲ့စည်းထားလေသည်။ နောက်ထပ် လမ်းသွယ်တစ်ခုသည် ဥယျာဉ်ကို ပတ်ပတ်လည် ဝိုင်းရံထားပြီး ခြံခတ်ထားသော အဖြူရောင်နံရံ တစ်လျှောက်တွင် ရှိ၏။ ဤလမ်းသွယ်များသည် ချုံပုတ်များဖြင့် အနားသတ်ထားသော စတုရန်းကွက် လေးကွက်ကို ပုံဖော်ထားလေသည်။ ထိုအကွက်များအနက် သုံးကွက်တွင် မဒမ် မဂ်လွားက ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားပြီး စတုတ္ထအကွက်တွင်မူ ဆရာတော်က ပန်းများ စိုက်ပျိုးထား၏။ ဟိုဟိုသည်သည်တွင်လည်း သစ်သီးပင် အနည်းငယ်ကို စိုက်ပျိုးထားလေသည်။
တစ်ခါက မဒမ် မဂ်လွားသည် “ဆရာတော်ဟာ အရာအားလုံးကို အကျိုးရှိရှိ အသုံးချတတ်သူ ဖြစ်ပေမဲ့ ဒီမြေကွက်ကတော့ အလဟဿ ဖြစ်နေတယ်။ ပန်းပင်တွေထက် ဒီနေရာမှာ ဆလတ်ရွက်တွေ စိုက်ရင် ပိုပြီး အသုံးဝင်လိမ့်မယ်” ဟု ခပ်ပြုံးပြုံးနှင့် လှောင်ပြောင်သကဲ့သို့ ပြောဆိုခဲ့ဖူးသည်။
“မဒမ် မဂ်လွား၊ ခင်ဗျား မှားနေပြီ။ လှပတဲ့အရာဟာလဲ အသုံးဝင်တဲ့အရာလိုပဲ အကျိုးရှိပါတယ်” ဟု ဆရာတော်က ပြန်လည်ဖြေကြားလေသည်။ ထို့နောက် သူသည် ခေတ္တရပ်ပြီးနောက် “ပိုပြီးတောင် အကျိုးရှိနိုင်သေးတယ်ဗျို့” ဟု ထပ်လောင်းပြောဆိုခဲ့၏။
ပန်းခင်း ၃၊ ၄ ခုဖြင့် ဖွဲ့စည်းထားသော ဤမြေကွက်သည် ဆရာတော်အတွက် သူ၏စာအုပ်များနည်းတူ အချိန်ပေးရသော အရာဖြစ်၏။ သူသည် သစ်ကိုင်းများ ဖြတ်တောက်ခြင်း၊ ပေါင်းသင်ခြင်း၊ ဟိုဟိုသည်သည် မြေကြီးတွင် ကျင်းတူးကာ မျိုးစေ့များချခြင်းတို့ဖြင့် ၁ နာရီ၊ ၂ နာရီခန့်ကို ဝမ်းမြောက်စွာ ကုန်ဆုံးလေ့ရှိသည်။
သူသည် ဥယျာဉ်မှူးတစ်ဦးလောက်လည်း အင်းဆက်ပိုးမွှားများအပေါ် ရန်လိုခြင်း မရှိပေ။ အမှန်တွင် သူသည် ရုက္ခဗေဒ ပညာရှင်တစ်ဦးကဲ့သို့ ဟန်ဆောင်ပြသခြင်းလည်း လုံးဝမရှိခဲ့ပေ။
အပင်များကို မျိုးခွဲခြားသည့် အပင်အုပ်စုခွဲခြားခြင်းနှင့် ‘ဆောလစ်ဒီဇင်’ (ရောဂါဝေဒနာများသည် ခန္ဓာကိုယ်အတွင်းရှိ အရည်များကြောင့် ဖြစ်ပွားခြင်း မဟုတ်ဘဲ ခန္ဓာကိုယ်၏ အခိုင်အမာရှိသော ကြွက်သား သို့မဟုတ် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ၏ ပြောင်းလဲမှုကြောင့် ဖြစ်ပွားသည်ဟု ယုံကြည်သည့် ဝါဒ) အကြောင်းကိုလည်း စိုးစဥ်းမျှ သူမသိ။
(အပင်များကို ပန်းပွင့်ပုံသဏ္ဌာန်အရ ခွဲခြားခြင်းကို တီထွင်ခဲ့သော ရုက္ခဗေဒပညာရှင်) တိုနီဖော့တ်၏ စနစ်သို့မဟုတ် သဘာဝ အမျိုးအစား ခွဲခြားနည်းစနစ်တို့အကြား မည်သည်ကို ရွေးချယ်ရမည်ကိုလည်း သူ အလျဉ်း စိတ်ဝင်စားခြင်း မရှိ။ အပင်၏ လေအိတ်ငယ်များကို မျိုးစေ့ရွက်များထက် သဘောကျခြင်း သို့မဟုတ် ရုက္ခဗေဒပညာရှင်များ ဖြစ်ကြသည့် လင်းနီယပ်စ် ထက် ဂျူဆီယူး၏ အယူအဆကို ပိုသဘောကျခြင်းမျိုးလည်း မရှိခဲ့ပေ။
သူသည် အပင်များကို လေ့လာနေခြင်း မဟုတ်။ ပန်းများကို ချစ်မြတ်နိုးခြင်းသာ ဖြစ်၏။ ပညာတတ်များကို သူ အလွန်တရာ လေးစားသည်။
ပညာမတတ်သူများကိုမူ ပို၍ပင် လေးစားသေးသည်။ ထို ၂ မျိုးစလုံးအပေါ် လေးစားမှုကို မည်သည့်အခါမျှ မလျှော့စေဘဲ နွေရာသီ ညနေခင်းတိုင်းတွင် ရေလောင်းခွက် အစိမ်းရောင် သံဖြူပုံးလေးဖြင့် သူ၏ ပန်းခင်းများကို ရေလောင်းလေ့ရှိသည်။
အိမ်တွင် သော့ခတ်နိုင်သော တံခါးတစ်ချပ်မျှ မရှိပေ။ ကျွန်ုပ်တို့ ပြောခဲ့သည့်အတိုင်း ဘုရားရှိခိုးကျောင်းကြီး၏ ရင်ပြင်သို့ တိုက်ရိုက်ပွင့်နေသော ထမင်းစားခန်း တံခါးတွင် ယခင်က အကျဉ်းထောင် တံခါးကဲ့သို့ သော့ခလောက်များနှင့် မင်းတုပ်များသာ တပ်ဆင်ထားခဲ့သော်လည်း ဆရာတော်သည် ထိုသံပစ္စည်းအားလုံးကို ဖယ်ရှားပစ်ခဲ့ပြီး နေ့ဖြစ်စေ ညဖြစ်စေ ဤတံခါးကို အမြဲတမ်း စေ့ရုံသာ စေ့ထားခဲ့သည်။
မည်သည့်အချိန်တွင်ဖြစ်စေ ဝင်ရောက်လာသူတိုင်းသည် တွန်းဖွင့်ရုံမျှသာ ဖြစ်၏။ အစပိုင်းတွင် အမျိုးသမီးနှစ်ဦးသည် ဘယ်သောအခါမျှ သော့မခတ်ထားသော ဤတံခါးအတွက် အလွန်အမင်း စိုးရိမ်ပူပန်ခဲ့ကြသော်လည်း ဒိညမြို့ဂိုဏ်းအုပ်ဘုန်းတော်ကြီးက “ဆန္ဒရှိတယ်ဆိုရင် ခင်ဗျားတို့ အခန်းတွေမှာ မင်းတုပ်တွေ တပ်ထားလို့ ရပါတယ်” ဟု သူတို့ကို ဆိုလေရာ နောက်ဆုံးတွင် သူတို့သည်လည်း ဆရာတော်၏ ယုံကြည်စိတ်ချမှုကို မျှဝေခံစားလာတတ်ကြလေသည်။
သို့တည်းမဟုတ် ထိုသို့ခံစားရသကဲ့သို့ အနည်းဆုံးတော့ ဟန်ဆောင်လာတတ်ကြလေသည်။ မဒမ် မဂ်လွား တစ်ဦးတည်းသာလျှင် တစ်ခါတစ်ရံ ကြောက်လန့်တတ်၏။ ဆရာတော်နှင့် ပတ်သက်၍မူ သူ၏ အတွေးအခေါ်များကို ရှင်းပြချက် သို့မဟုတ် အနည်းဆုံး ယင်းအတွက် သဲလွန်စတစ်ခုကို ကျမ်းစာအုပ်တစ်အုပ်၏ ဘေးအနားသတ်တွင် သူရေးသားထားသော စာကြောင်းအနည်းငယ်၌ တွေ့ရလေသည်။
‘ဆရာဝန်ရဲ့ တံခါးကို ဘယ်တော့မှ ပိတ်မထားသင့်သလို၊ ဘုန်းတော်ကြီးရဲ့ တံခါးကိုလဲ အမြဲတမ်း ဖွင့်ထားသင့်တယ် ဆိုတဲ့စကားဟာ သေးငယ်ပေမဲ့ အရေးကြီးတဲ့ ကွာခြားချက်တစ်ခုတော့ ရှိတယ်’
‘ဆေးဝါးသိပ္ပံပညာရပ်ဆိုင်ရာ ဒဿနိကဗေဒ’ ဟု အမည်ရသော အခြား စာအုပ်တစ်အုပ်တွင်လည်း ဤမှတ်စုကို ရေးသားထားသေး၏။ ‘ငါကရော သူတို့လို သမားတော်တစ်ဦး မဟုတ်ဘူးလား။ ငါ့မှာလဲ ငါ့လူနာတွေ ရှိတယ်။ ပထမဦးဆုံး သူတို့ ‘ဖျားနာသူများ’ လို့ ခေါ်တဲ့ သူတို့ရဲ့ လူနာတွေ ငါ့ဆီမှာ ရှိတယ်။ ပြီးတော့ ငါ ‘ဒုက္ခရောက်နေသူများ’ လို့ ခေါ်တဲ့ ငါ့လူနာတွေလဲ ငါ့ဆီမှာ ရှိတယ်’
အခြားတစ်နေရာတွင် သူက ဤသို့ရေးသားခဲ့လေသည်။ ‘သင့်ဆီမှာ ခိုလှုံခွင့်တောင်းတဲ့သူရဲ့ နာမည်ကို မမေးပါနဲ့။ ကိုယ့်နာမည်က ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသူဟာ ခိုလှုံခွင့်ကို ပိုပြီး လိုအပ်တဲ့သူပဲ ဖြစ်တယ်’
တစ်နေ့တွင် စေတနာကောင်းရှိသော ဘုန်းတော်ကြီးတစ်ပါး (ကူလူဘရူး သို့မဟုတ် ပွန်ပီရီမှ ကျေးလက်သင်းအုပ်ဆရာ ဖြစ်သော်လည်း အတိအကျကား ကျွန်ုပ် မမှတ်မိနိုင်တော့ပေ) သည် ဝင်ရောက်လိုသူတိုင်း နေ့ညမရွေး ဝင်ရောက်နိုင်ရန် တံခါးကို ဖွင့်ထားခြင်းသည် အနည်းငယ် သတိလက်လွတ် လုပ်ဆောင်ရာ မကျဘူးလားဟု ဆရာတော်အား မေးမြန်းခဲ့ပြီး၊ လုံခြုံရေး အားနည်းလှသော ဤအိမ်ရှိ လူများအတွက် တစ်စုံတစ်ရာ ဘေးအန္တရာယ် ကျရောက်လာမည်ကို အမှန်တကယ်ပင် မစိုးရိမ်ပါသလောဟု မေးမြန်းခဲ့လေသည် (မဒမ် မဂ်လွား၏ တိုက်တွန်းချက်ကြောင့် ဖြစ်ဟန်တူ၏) ။
ထိုအခါ ဆရာတော်သည် ထိုကျေးလက်သင်းအုပ်ဆရာ၏ ပုခုံးကို နူးညံ့တည်ကြည်စွာ ထိလိုက်ပြီး "ထာဝရဘုရားသခင်သည် အိမ်ကို စောင့်ရှောက်တော်မမူလျှင်၊ ကင်းစောင့်သောသူတို့သည် အချည်းနှီး နိုးလျက် စောင့်ကြရ၏”ဟု မိန့်ဆိုလေသည်။ ထို့နောက် သူသည် အခြား အကြောင်းအရာတစ်ခုကို ပြောင်းပြောခဲ့၏။
သူသည် “ဒရာဂွန်းမြင်းစီးတပ် ဗိုလ်မှူးကြီးတစ်ဦးမှာ သတ္တိရှိသလိုမျိုး ဘုန်းတော်ကြီးတစ်ပါးမှာလဲ သတ္တိရှိပါတယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့ သတ္တိကတော့ ငြိမ်းချမ်းရေးအတွက် သတ္တိမျိုး ဖြစ်ရမယ်” ဟု အစဥ်သဖြင့် မိန့်ကြားလေ့ရှိတတ်ပေသည်။
Review By Thet Paing Writes

💬 Comment / Review
Comment များကို ရယူနေပါသည်…