ဂျိန်းအော်စတင်၏ ဘဝနှင့် စာပေ လက်ရာများ
The Life and Works of Jane Austen by The Great Course
The Great Course မှ ဂျိန်းအော်စတင်၏ ဘဝနှင့် စာပေ လက်ရာများ သင်ခန်းစာကို အက်ဆေးအဖြစ် ပြန်လည် သုံးသပ်ထားခြင်း ဖြစ်ပါသည်။
#Refelction_Essay1
ဂျိန်းအော်စတင်၏ ဘဝနှင့် စာပေ လက်ရာများ သင်ခန်းစာကို အရီဇိုးနားပြည်နယ် တက္ကသိုလ်မှ ပါမောက္ခ ဒက်ဗနီ လူဆာက သင်ကြားထားခြင်း ဖြစ်ပါသည်။
ဂျိန်းအော်စတင်ကို အမေရိကန် တော်လှန်ရေး မတိုင်ခင် တစ်နှစ်အလို ၁၇၇၅ ခုနှစ်တွင် ဖွားမြင်ပြီး ၁၈၁၇ ခုနှစ် အသက် ၄၁ နှစ်အရွယ်တွင် ကွယ်လွန်သည်။ ၁၇၉၀ခုနှစ် ဆယ်ကျော်သက် အရွယ်ကတည်းက စာရေးသားခြင်းကို စတင်ခဲ့ပြီး ၁၈၁၀ ခုနှစ်များမှသာ စာအုပ်များကို ထုတ်ဝေနိုင်ခဲ့သည်။
ဂျိန်း အသက်ရှင်ခဲ့သော ကာလသည် နိုင်ငံရေးအရ အလွန် အပြောင်းအလဲကြီးမားကာ ဆိုးရွားသော ကာလဟုဆိုနိုင်သည်။ တချို့က ဂျိန်းသည် ၁၈ ရာစုနှင့် သက်ဆိုင်သော စာရေးသူဖြစ်ပြီး ဩဂတ်စတန်စတိုင် ရေးသားသည်ဟုဆိုသည်။ ယင်းမှာ ရိုမန် ဧကရာဇ် ဩဂတ်စတပ်ကို ရည်ညွှန်းပြီး ထူးခြားကောင်းမွန်ကာ ဂန္ထဝင်ဆန်သော ၁၈ ရာစု စာပေလက်ရာများကို ချီးကျူးသည့်စကားဖြစ်သည်။ ဂျိန်း၏ လက်ရာများမှာလည်း ၁၈ ရာစုနှစ်များက စာရေးသူတို့အတိုင်း ထပ်တူညီနေသည်ကို တွေ့ရသည်။
သို့သော် ဩဂတ်စတန်စတိုင် ရေးသားသော ၁၈ ရာစုမှ စာရေးသူတို့သည် စာပေအတွက် ထူးခြားသော “ရိုမန်းတစ်” စာပေ၏ အဆင့်အတန်းတစ်ခုကို မြှင့်ပေးခဲ့ကြသည် ဆို၏။ ၁၇၈၉ ခုနှစ်တွင် ဘက်စတီး ထောင်ဖောက်ခံရပြီး ပြင်သစ် တော်လှန်ရေးစတင်ခဲ့ကာ ၁၈၃၂ ခုနှစ်အထိ ထိုကာလကို “ရိုမန်းတစ်” ကာလဟု ခေါ်သည်။ ယင်းကာလသည် ဗြိတိန်တွင် ပထမဆုံး ပြုပြင်ပြောင်းလဲရေး အက်ဥပဒေကို အသက်သွင်းနေချိန်လည်း ဖြစ်သလို အမျိုးသား အများစု မဲပေးလာနိုင်သည့် ကာလလည်း ဖြစ်သည်။
အော်စတင်ကို တချို့က ရိုမန်းတစ်စာပေ ရေးသူဟု သတ်မှတ်ကြသော်လည်း အမှန်တကယ်တမ်း သူသည် ထိုစာပေအတွက်လည်း မကိုက်ညီလှသည်ကို တွေ့ရသည်။ သူ့ကာလမတိုင်ခင် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်က ရိုမန်းတစ်စာပေဆိုသည်မှာ အမျိုးသားများသာ ရေးသားကြသော စာပေဖြစ်သောကြောင့်ပင်။ ထို့ကြောင့် အမျိုးသမီးဇာတ်ဆောင်ကို အဓိက ဦးစားပေးရေးသော အော်စတင်၏ စာပေသည် သူသက်ရှိထင်ရှား ရှိစဥ်တွင် ရိုမန်းတစ်စာပေ အဆင့်အတန်း မဝင်ခဲ့။
ယနေ့ခေတ်တွင်တော့ ရိုမန်းတစ်ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်မှာ ပိုမို ကျယ်ပြန့်လာပြီဖြစ်သလို အော်စတင်၏ လက်ရာများကို ဝေဖန်ရေးသမား အများစုက ရိုမန်းတစ်စာပေ စာရင်းဝင်ကြောင်း စာပေလက်ရာ ချဥ်းကပ်ပုံ၊ စိတ်ခံစားချက်နှင့် သဘာဝ လောကကြီးကို ဖွဲ့ဆိုပုံတို့ကို ရည်ညွှန်းကာ ပြောကြသည်။ လွတ်လပ်မှု၊ ညီမျှမှုနှင့် သွေးစည်းမှုဆိုသည့် ဖွဲ့ဆိုပုံတို့ကို ထောက်လျှင်လည်း အော်စတင်၏ လက်ရာတို့မှာ ရိုမန်းတစ်ကာလနှင့် ကိုက်ညီနေပြန်သည်။ ထို့ကြောင့် အော်စတင်သည် ၁၈ ရာစုရော၊ ရိုမန်းတစ်ခေတ်ကိုပါ ဝင်ဆံ့သည့် စာပေလက်ရာပိုင်ရှင် ဖြစ်သည်။
အချို့ကလည်း အော်စတင်သည် ရီဂျန်ဆီခေတ် စာရေးသူဟု ခေါင်းစဥ်တပ်ကြပြန်သည်။ ဗြိတိန်၏ ရီဂျန်ဆီကာလသည် အနာဂတ်တွင် ဘုရင်ဖြစ်လာမည့် ဘုရင်ဂျော့ ၄ က ဖခင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေကြောင့် မင်းသားဘဝနှင့် အစားထိုး အုပ်ချုပ်ခဲ့သည့် ကာလဖြစ်သောကြောင့် ရီဂျန်ဆီဟု ခေါ်သည်။ မင်းသား ရီဂျန်ဆီသည် ဘုရင်ဖြစ်လာသောအခါ အော်စတင်၏ ပထမဆုံး ထုတ်ဝေသော ‘Sense and Sensibility’ စာအုပ်ကို ပထမဆုံး ဝယ်သူသည့် စာဖတ်သူဖြစ်သည် ဟုလည်း ပြောကြသည်။
အချို့က အော်စတင်ကို ဝိတိုရိယခေတ် စာရေးသူဟု ခေါ်ကြသော်လည်း ဘုရင်မ ဝိတိုရိယသည် ၁၈၃၇ ခုနှစ်မှ ဘုရင်မဖြစ်ခဲ့ပြီး အော်စတင်ကမူ ၁၈၁၇ ကတည်းက တိမ်းပါးခဲ့သဖြင့် ယင်းမှာ မှားယွင်းသော အချက်ပင် ဖြစ်သည်။
အင်္ဂလိပ်စာပေတွင် စကားပြေ အရေးအသား ခေတ်စားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဝတ္ထုဟု အနက်ရသည့် ‘နော်ဗယ်’ ဆိုသည့် အရာမှာမူ သိပ်မရှိခဲ့သေးပေ။ ၁၇ ရာစု နှောင်းပိုင်းနှင့် ၁၈ ရာစု အစောပိုင်းမှာမှ နော်ဗယ်များ ခေတ်စားလာခဲ့ပြီး စကားပြေ အရေးအသားနှင့် ခပ်ဆင်ဆင် ဖြစ်လေသည်။ ၁၈ ရာစုနှစ် တောက်လျှောက်တွင် အင်္ဂလန်သမိုင်းကို ရေးသားသော စာအုပ်ပေါင်း ၁၀,၀၀၀ ရှိခဲ့ပြီး နော်ဗယ်မှာမူ ၃၀၀၀ ခန့်သာရှိခဲ့သည်။
၁၈ ရာစုနှစ်အတွင်း စကားပြေအရေးအသားတိုင်းသည် နော်ဗယ် မဟုတ်ခဲ့ပေ။ အချို့သော စကားပြေ အရေးအသားများကို ရိုမန့်စ် သို့မဟုတ် သမိုင်းဟု သာ ခေါင်းစဥ်တပ်ခဲ့ကြသည်။ ယနေ့ခေတ် စာဖတ်သူတို့က အော်စတင်ကို ရိုမန့်စ် စာရေးသူအဖြစ် သတ်မှတ်ထားကြသော်လည်း အော်စတင် သက်ရှိထင်ရှား ရှိစဥ်ကမူ ယင်းမှာ မမှန်ကန်ခဲ့ပေ။ ပြင်သစ်စကားတွင် ဝတ္ထုကို ‘ရိုမန့်စ်’ ဟု ခေါ်ပြီး ‘နူဗဲလ်’ ဟူသော စကားလုံးသည် ‘သစ်ဆန်းသော’ ဟု အနက်ရသည်။ ပြင်သစ်စာ ‘နူဗဲလ်’ မှ အင်္ဂလိပ်စာ ‘နော်ဗယ်’ ဖြစ်လာသောကြောင့် နော်ဗယ်သည် ရှေးက လက်ခံသော ဝတ္ထုဆိုသည့် အနက် မဖြစ်ခဲ့ပေ။
အော်စတင်သည်လည်း သူ၏ စာအုပ်များသည် ရိုမန့်စ် မဟုတ်ကြောင်းကို ‘Sense and Sensibility, A Novel’ ဟူ၍ ခေါင်းစဥ်နောက်တွင် နော်ဗယ် ဟူသည့် စကားကို ကပ်ကာ သိစေခဲ့သည်။ နော်ဗယ်ဟူသည့် စကားသည် သူ့ခေတ်အတွက်တော့ သစ်ဆန်းသော စကားပြေ အရေးတစ်မျိုးသာ ဖြစ်ခဲ့သည်။
ရိုမန့်စ် ဆိုသည့် ဝတ္ထုတို့သည် ရာဇဝင် အတိတ်ကာလမှ ထူးခြားဆန်းကြယ်သော နေရာကို အခြေခံကာ ဘီလူးများ၊ ဘုရင်များ၊ မင်းသမီးများ၊ သူရဲကောင်းများ စသည်ကို ရေးသားသော ပုံစံဖြစ်သည်။ အကောင်းက အဆိုးကို အနိုင်ယူ၊ ဖိနှိပ်သူက ရှုံး ဆင်းရဲသူတို့နိုင်၊ ကွဲကွာသော မိသားစု ပြန်တွေ့ စသည်တို့သည် ရိုမန့်စ် ဝတ္ထု၏ ပုံသေဖြစ်သည်။
အော်စတင် ရေးခဲ့သည့် နော်ဗယ်မှာမူ ထိုသို့မဟုတ်။ မူရင်း ပြင်သစ် အနက်အတိုင်း ‘သစ်လွင်သော’ စကားပြေ အရေးအသားပုံစံမျိုး ဖြစ်ခဲ့သည်။ နော်ဗယ်တွင် လက်တွေ့နှင့် နီးစပ်သော နေရာဒေသ၊ ဇာတ်ကောင်၊ လှုပ်ရှားမှုတို့ကို အခြေခံထားသဖြင့် အော်စတင်၏ ခေတ်အတွက် အလွန် ဆန်းသစ်နေသော ရေးသားပုံ ဖြစ်ခဲ့သည်။
အော်စတင်သည် ရိုမန့်စ် ဝတ္ထုများတွင် ပါလေ့ရှိသော ဇာတ်ကောင် အမျိုးသမီးများကို ပိုမိုနက်ရှိုင်းသည့် စိတ်ခံစားချက်ရှိသော ဇာတ်ကောင်အဖြစ် အသက်သွင်းခဲ့သည်။ အော်စတင်၏ ဇာတ်ကောင်သည် ချစ်စဖွယ်ကောင်းသော်လည်း အပြစ်အနာအဆာ ရှိသည်၊ ပတ်ဝန်းကျင်ရှိ အခြား ဇာတ်ကောင်တို့နှင့် အတွေးက ကွဲထွက်နေသည်၊ လူမှု အသိုင်းအဝိုင်းက မျှော်လင့်ထားသည်နှင့် မတူဘဲ ပုန်ကန်လိုသော ဆန္ဒရှိခဲ့သည်။
အော်စတင်၏ နော်ဗယ်တွင် များသောအားဖြင့် အချစ်မေတ္တာတင် မဟုတ်ဘဲ မိသားစု ပြဿနာ၊ စီးပွားရေး၊ လူမှုရေး၊ ကိုယ်ကျင့်တရား၊ အချင်းချင်း ဆက်ဆံပုံတို့ကို ပိုပြီး ဦးစာပေးထားသည်ကို တွေ့ရသည်။ နော်ဗယ် တစ်ပုဒ်တိုင်းတွင် ရယ်စရာ အရွှန်းဖောက်ခြင်း၊ လူ့သဘာဝကို လှောင်ပြောင်ခြင်း၊ ခနဲ့ခြင်း၊ ရွဲ့ခြင်းတို့သည် အော်စတင်၏ ကိုယ်ပိုင်ဟန်ပင်။
ဂန္ထဝင် ရှေးဟောင်းစာပေတို့တွင် ဆိုးယုတ်သော သေဆုံးခြင်းနှင့် အဆုံးသတ်သော စာပေတို့ကို ထရက်ဂျဒီ ဟု ခေါ်ပြီး၊ နှစ်လိုဖွယ် ပျော်ရွှင်မှုဖြင့် အဆုံးသတ်သော စာပေတို့ကို ကော်မဒီဟု ခေါ်သဖြင့် ဝတ္ထုအဆုံးသတ်တိုင်းတွင် အိမ်ထောင်ကျခြင်းဖြင့် အဆုံးသတ်သော အော်စတင်၏ လက်ရာတို့ကို ဟာဒယရွှင်ဖွယ် ကော်မဒီ နော်ဗယ်ဟု ခေါ်လျှင် မှားမည် မထင်။
အော်စတင်၏ နော်ဗယ်တွင် မိသားစု သုံးစု၊ သို့မဟုတ် လေးစုကိုသာ ဦးတည်၍ ရေးသားတတ်လေ့ ရှိသော်လည်း နှစ်ပေါင်း ၂၀၀ ကျော်အထိ ရောင်းချနေရဆဲ ဖြစ်သော အောင်မြင်မှုများကို ကြည့်လျှင် အော်စတင်၏ အတွေးတို့သည် ယနေ့ခေတ်အထိ သစ်လွင်နေဆဲ၊ အဓိပ္ပါယ် ရှိနေဆဲ ဖြစ်ကြောင်း သိနိုင်သည်။
ဒီလင့်ကနေ သင်တန်းတက်လို့ ရပါတယ်။ ၂၀ ဒေါ်လာလောက်တော့ ကျမယ်ထင်ပါတယ်။ The Life and Works of Jane Austen | The Great Courses Plus
Review By Thet Paing Writes

💬 Comment / Review
Comment များကို ရယူနေပါသည်…