အပယ်ခံတို့ နှလုံးသား ၁၊ ၁၊ ၅
Les Miserbales by Victor Hugo
အခန်း ၅ ဆရာတော် ဘျန်ဗနျု၏ နွမ်းပါးသော ဝတ်ရုံ
မွန်ဆီယာ မာရီယယ်လ်၏ ကိုယ်ပိုင်ဘဝသည် သူ၏ ပြည်သူ့အကျိုးဆောင်ဘဝကဲ့သို့ပင် တူညီသော အတွေးအမြင်များဖြင့် ပြည့်နှက်နေခဲ့၏။ အနီးကပ် လေ့လာခွင့်ရသူတိုင်းအတွက်မူ ဒိညမြို့ဂိုဏ်းအုပ်ဘုန်းတော်ကြီး နေထိုင်ကျင့်သုံးခဲ့သော မိမိသဘောဆန္ဒအလျောက် ရွေးချယ်ထားသည့် ဆင်းရဲနွမ်းပါးမှုသည် အလွန်တရာ ဂုဏ်ကျက်သရေရှိပြီး နှစ်လိုဖွယ်ကောင်းသော မြင်ကွင်းတစ်ရပ် ဖြစ်ပေလိမ့်မည်။
သက်ကြီးရွယ်အိုတိုင်းနှင့် တွေးခေါ်ပညာရှင် အများစုကဲ့သို့ပင် သူ့တွင် အိပ်စက်ချိန် နည်းပါးလှသည်။ ထိုခဏတာ အိပ်စက်ခြင်းသည်ပင် အလွန်နှစ်ခြိုက်သော အိပ်စက်ခြင်းဖြစ်၏။ နံနက်ခင်းတွင် တစ်နာရီခန့် တရားရှုမှတ်ပြီးနောက် ဘုရားရှိခိုးကျောင်းကြီးတွင်ဖြစ်စေ၊ သူ၏ သီးသန့်ဝတ်ပြုဆောင်တွင်ဖြစ်စေ ဝတ်ပြုဆုတောင်းပွဲကို ကျင်းပလေသည်။ ဝတ်ပြုဆုတောင်းပွဲ ပြီးစီးသည်နှင့် သူမွေးမြူထားသော နွားများမှရသည့် နို့တွင် နှစ်ထားသော ရိုင်းဂျုံဖြင့် ဖုတ်သည့် ပေါင်မုန့်ညိုကို နံနက်စာအဖြစ် သုံးဆောင်သည်။ ထို့နောက် လုပ်ငန်းဆောင်တာများ စတင်လေတော့သည်။
ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ပါးသည် အလွန်အလုပ်များသူဖြစ်၏။ နေ့စဉ်နေ့တိုင်း သူသည် သာသနာပိုင်နယ်မြေ အတွင်းရေးမှူး၊ အများအားဖြင့် စီမံခန့်ခွဲရေး တာဝန်ခံ ဘုန်းတော်ကြီးတစ်ပါးနှင့် တွေ့ဆုံရပြီး နေ့စဉ်လိုလိုပင် သူ၏ လက်ထောက်ဂိုဏ်းအုပ်များနှင့်လည်း တွေ့ဆုံရသည်။
သူကြီးကြပ်ရမည့် အသင်းတော်များ၊ ခွင့်ပြုချက်ပေးရမည့် အခွင့်အရေးများ၊ ဆုတောင်းစာအုပ်များ၊ သာသနာပိုင်နယ်မြေ ခရစ်ယာန်အမေးအဖြေစာအုပ်များ၊ နေ့စဉ်ဝတ်ပြုဆုတောင်းစာအုပ်များ စသည်ဖြင့် လေ့လာဖတ်ရှုရမည့် သာသနာရေးဆိုင်ရာ စာအုပ်စာတမ်း တစ်တိုက်လုံး၊ ရေးသားရမည့် သတင်းလွှာများ၊ အတည်ပြုပေးရမည့် တရားဒေသနာများ၊ တွေ့ဆုံဆွေးနွေးရမည့် ကျေးလက်သင်းအုပ်ဆရာများနှင့် မြို့တော်ဝန်များ၊ သာသနာရေးဆိုင်ရာ စာပေးစာယူများ၊ တစ်ဖက်တွင် နိုင်ငံတော်အစိုးရ၊ အခြားတစ်ဖက်တွင် ဗာတီကန်၏ သန့်ရှင်းသောပလ္လင်တော်နှင့် ဆက်သွယ်ရသည့် အုပ်ချုပ်ရေးဆိုင်ရာ စာပေးစာယူများ အစရှိသဖြင့် ဖြေရှင်းရမည့် ကိစ္စရပ်များမှာ ရေတွက်၍ပင် မရနိုင်ပေ။
ဤရေတွက်မရနိုင်သော ကိစ္စရပ်များ၊ သူ၏ ဘာသာရေးဝတ်ပြုမှုများနှင့် ဆုတောင်းစာအုပ် ဖတ်ရှုခြင်းတို့မှ ပိုလျှံသောအချိန်များကို အကူအညီလိုအပ်နေသူများ၊ ဖျားနာနေသူများနှင့် ကျန်ရစ်သူမိသားစုများအတွက် ပထမဦးစွာ ပေးအပ်လေသည်။ ကျန်ရစ်သူများ၊ ဖျားနာသူများနှင့် အကူအညီလိုအပ်သူများထံမှ ပိုလျှံလာသော အချိန်များကိုမူ အလုပ်လုပ်ရန်အတွက် အသုံးပြုသည်။ တစ်ခါတစ်ရံတွင် သူ၏ ခြံဝင်းထဲ၌ မြေတူးဆွခြင်းများ ပြုလုပ်တတ်ပြီး၊ တစ်ခါတစ်ရံတွင်ကား စာဖတ်ခြင်း သို့မဟုတ် စာရေးခြင်းတို့ကို ပြုလုပ်တတ်သည်။ ဤအလုပ်နှစ်မျိုးစလုံးအတွက် သူသုံးနှုန်းသော စကားလုံးတစ်လုံးတည်းသာ ရှိပြီး ၎င်းကို သူက ‘ဥယျာဉ်စိုက်ပျိုးခြင်း’ ဟု ခေါ်ဆိုလေသည်။ “စိတ်နှလုံးဆိုတာ ဥယျာဉ်တစ်ခုပါပဲ” ဟုလည်း သူက ပြောလေ့ရှိသည်။
မွန်းတည့်ချိန်တွင် သူ နေ့လယ်ဆွမ်းဘုဥ်းသည်။ နေ့လယ်ဆွမ်းမှာ နံနက်ဆွမ်းနှင့် အတူတူပင် ဖြစ်သည်။
နေ့လယ် ၂ နာရီခန့်တွင် ရာသီဥတုသာယာပါက သူသည် ရွာထဲသို့ဖြစ်စေ၊ မြို့တွင်းသို့ဖြစ်စေ လမ်းလျှောက်ထွက်လေ့ရှိပြီး အနွမ်းပါးဆုံးသော အိမ်များသို့ မကြာခဏ ဝင်ရောက်လေ့ရှိသည်။ မိမိ၏အတွေးများထဲတွင် လုံးလုံးလျားလျား နစ်မြုပ်လျက် မျက်လွှာကို အောက်သို့ချကာ၊ သူ၏ လမ်းလျှောက်တုတ်ရှည်ကြီးကို အားပြုပြီး တစ်ကိုယ်တည်း လမ်းလျှောက်သွားလာနေသည်ကို မြင်တွေ့ရတတ်သည်။ သူသည် အလွန်နွေးထွေးသော ခရမ်းရောင် ဂွမ်းထိုးအင်္ကျီ၊ ခရမ်းရောင် ခြေအိတ်များနှင့် ဖိနပ်ထူထူတို့ကို ဝတ်ဆင်ထားပြီး၊ ရွှေချည်ထိုးထားသော ပန်းဖွားသုံးခု တွဲလောင်းကျနေသည့် ထောင့်သုံးထောင့်ပါ ဦးထုပ်ပြားကို ဆောင်းထားလေသည်။
သူရောက်ရှိသွားသော နေရာတိုင်းသည် ပျော်ပွဲရွှင်ပွဲတစ်ခုကဲ့သို့ ဖြစ်သွားတတ်၏။ သူဖြတ်သန်းသွားသည့်အခါတွင်လည်း တောက်ပပြီး နွေးထွေးသောအရာတစ်ခုကို ယူဆောင်လာသကဲ့သို့ ထင်ရလေသည်။ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် နေမင်းကြီးကို ထွက်ကြိုသည့်အလား ဆရာတော်အတွက် အိမ်တံခါးဝသို့ ထွက်လာကြသည်။ ဆရာတော်က သူတို့ကို ကောင်းချီးပေးပြီး၊ သူတို့ကလည်း ဆရာတော်ကို ပြန်လည်ကောင်းချီးပေးကြသည်။ တစ်စုံတစ်ရာ လိုအပ်နေသူတိုင်းအား သူ၏အိမ်ငယ်သို့ လမ်းညွှန်ပေးလိုက်ကြသည်ချည်းသာ။
သူသည် ဟိုဟိုသည်သည် ရပ်တန့်ကာ ကလေးငယ်များကို စကားပြောဆိုပြီး သူတို့၏ မိခင်များကို ပြုံးပြတတ်သည်။ သူ့ထံတွင် ငွေကြေးရှိနေသရွေ့ သူသည် ဆင်းရဲသားများထံသို့ သွားရောက်လေ့ရှိ၏။ ငွေကြေး ကုန်ခမ်းသွားသောအခါမှသာ ချမ်းသာသူများထံသို့ သွားရောက်လေသည်။
သူသည် မိမိ၏ ဘုန်းကြီးဝတ်ရုံများကို အလွန်ကြာညောင်းအောင် ဝတ်ဆင်လေ့ရှိပြီး ဟောင်းနွမ်းနေသည်ကို မည်သူ့ကိုမျှ သတိမထားမိစေလိုသောကြောင့် ထိုခရမ်းရောင် ဂွမ်းထိုးအင်္ကျီကြီး မပါဘဲ မြို့ထဲသို့ ဘယ်သောအခါမျှ မထွက်ပေ။ ယင်းသည် နွေရာသီတွင်ကား သက်တောင့်သက်သာ ရှိလှသည့် အဝတ်အစား မဟုတ်လှချေ။
ည ၈ နာရီခွဲတွင် သူသည် နှမဖြစ်သူနှင့်အတူ ညဆွမ်းသုံးဆောင်ပြီး မဒမ် မဂ်လွားက သူတို့နောက်တွင် ရပ်ကာ စားပွဲထိုးပေးလေသည်။ ဤညစာထက် ပို၍ ချွေတာသော အစားအစာမျိုးပင် ရှိနိုင်မည် မဟုတ်။
သို့သော်လည်း အကယ်၍ ဆရာတော်သည် ကျေးလက်သင်းအုပ်ဆရာ တစ်ပါးပါးကို ညဆွမ်း ဖိတ်ကျွေးသည်နှင့် ကြုံကြိုက်ပါက မဒမ် မဂ်လွားသည် ဤအခွင့်အရေးကို အသုံးချ၍ ဆရာတော်အတွက် အလွန်ကောင်းမွန်သော ရေချိုငါးတစ်ကောင် သို့မဟုတ် တောင်ပေါ်မှ ဖမ်းမိသော တောကောင် ဟင်းမျိုးတစ်ခွက် ပြင်ဆင်ပေးတတ်သည်။ ထို့ကြောင့် ကျေးလက်သင်းအုပ်ဆရာတိုင်းသည် ကောင်းမွန်သော ဟင်းလျာတစ်ခွက်အတွက် အကြောင်းပြချက်တစ်ခု ဖြစ်လာလေသည်။
ဆရာတော်ကလည်း ထိုကိစ္စအား ဝင်ရောက်တားဆီးခြင်း မပြုပေ။ အခြားအချိန်များတွင်မူ ဆရာတော်၏ ပုံမှန်အစားအစာမှာ ဟင်းသီးဟင်းရွက်ပြုတ်နှင့် ဆီဆမ်း စွပ်ပြုတ်မျှသာ ဖြစ်၏။ ထို့ကြောင့် မြို့ထဲတွင် ဤသို့ ပြောစမှတ်ပြုကြလေသည်။
“ဆရာတော်ကြီးက ကျေးလက် သင်းအုပ်ဆရာ တစ်ပါးလို ညစာမစားတဲ့အခါ အလွန်ခြိုးခြံစွာကျင့်သုံးတဲ့ ထရက်ပစ် ရဟန်းတစ်ပါးလိုပဲ ညဆွမ်းဘုဥ်းလေ့ရှိတယ်” ဟူ၍ပင်။
ညဆွမ်းဘုဥ်းပြီးနောက် သူသည် မဒမ်မွိုင်ဇဲလ် ဘတ္တီစတင်း ၊ မဒမ် မဂ်လွားတို့နှင့် နာရီဝက်ခန့် စကားစမြည်ပြောဆိုပြီးလျှင် မိမိ၏အခန်းသို့ ပြန်ကာ စာရေးခြင်းကို ပြန်လည်စတင်လေသည်။ တစ်ခါတစ်ရံ စာရွက်လွတ်များပေါ်တွင် ရေးသားပြီး၊ တစ်ခါတစ်ရံတွင်မူ စာအုပ်ကြီးများ၏ ဘေးအနားသတ်များပေါ်တွင် ရေးသားတတ်သည်။
သူသည် စာဖတ်ဝါသနာပါပြီး ပညာတတ်တစ်ဦးလည်း ဖြစ်သည်။ သူသည် အတော်အတန် ထူးခြားဆန်းပြားသော လက်ရေးစာမူ ၅ ခု သို့မဟုတ် ၆ ခုခန့်ကို ချန်ထားရစ်ခဲ့၏။ ထို့အပြင် ကမ္ဘာဦးကျမ်းပါ “အစအဦး၌ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်တွင် လှုပ်ရှားလျက်ရှိ၏” ဟူသော ကျမ်းစာနှင့်ပတ်သက်သည့် စာတမ်းတစ်စောင်လည်း ပါဝင်ခဲ့၏။
သူသည် ဤကျမ်းစာကို အခြားစာသား ၃ ခုနှင့် နှိုင်းယှဉ်ပြထားလေသည်။
“ဘုရားသခင်၏ လေတိုက်ခတ်သည်” ဟုဆိုသော အာရေဗျဘာသာပြန်၊ “အထက်အရပ်မှ လေသည် မြေကြီးပေါ်သို့ ဆင်းသက်လာ၏” ဟုဆိုသော ဖလာဗီးယပ်စ် ဂျိုဆက်ဖပ်စ် (ဂျူးသမိုင်း ဆရာ အေဒီ ၃၇-၁၀၀)နှင့် နောက်ဆုံးတွင် အွန်ကီလော့စ် (တော်လမေးမှ ဂိုဏ်းအုပ်ဆရာ ဟူဂို ၁၆၆၇-၁၇၃၉) ၏ ခဲလ်ဒစ်ဘာသာဖြင့် ရေးသားထားသော “ဘုရားသခင်ထံမှ ထွက်ပေါ်လာသော လေသည် ရေမျက်နှာပြင်ပေါ်သို့ တိုက်ခတ်သည်” ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်တို့ ဖြစ်သည်။
နောက်ထပ် စာတမ်းတစ်စောင်တွင် သူသည် ဤစာအုပ်ကို ရေးသားသူ၏ ဘိုးဘေးဖြစ်သူ တိုလမေး ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဟူဂို၏ ဓမ္မပညာဆိုင်ရာ ကျမ်းများကို လေ့လာဆန်းစစ်ထားပြီး၊ ပြီးခဲ့သော ရာစုနှစ်အတွင်း ဘာလေကော့တ် ဟူသော ကလောင်အမည်ဖြင့် ထုတ်ဝေခဲ့သည့် ကျမ်းအမျိုးမျိုးသည် ဤဂိုဏ်းအုပ်ဘုန်းတော်ကြီး၏ လက်ရာများဖြစ်ကြောင်း အတည်ပြုပေးထားခဲ့လေသည်။
တစ်ခါတစ်ရံ စာဖတ်နေစဉ် မည်သည့်စာအုပ်ကို ကိုင်ထားသည်ဖြစ်စေ သူသည် ရုတ်တရက် နက်ရှိုင်းသော တရားရှုမှတ်မှုထဲသို့ စျာန်ဝင်သွားတတ်ပြီး၊ စာအုပ်၏ စာမျက်နှာများပေါ်တွင် စာကြောင်းအနည်းငယ် ရေးသားရန်အတွက်သာ ထိုအခြေအနေမှ ပြန်လည်နိုးထလာတတ်သည်။ ဤစာကြောင်းများသည် ယင်းတို့ကို ရေးသားထားသော စာအုပ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိတတ်ပေ။ ကျွန်ုပ်တို့ မျက်မှောက်တွင် ယခုတွေ့မြင်နေရသည်မှာ ‘လော့ဒ်ဂျာမိန်းမှ ဗိုလ်ချုပ် ကလင်တန်၊ ကွန်းဝေါလစ်နှင့် အမေရိကန်စခန်းရှိ ရေတပ်ဗိုလ်ချုပ်ကြီးများအကြား ပေးစာပြန်စာများ’ [ဗာဆိုင်းမြို့၊ ပွမ်ဆော့ စာအုပ်ဆိုင်နှင့် ပါရီမြို့ ဩဂတ်စတင်းလမ်း၊ ပီဆော့ စာအုပ်ဆိုင်] ဟု အမည်ပေးထားသော စာအုပ်ဆိုဒ်ကြီးတစ်အုပ်၏ ဘေးအနားသတ်တွင် သူရေးသားထားသော မှတ်စုတစ်ခု ဖြစ်သည်။
မှတ်စုမှာ အောက်ပါအတိုင်း ဖြစ်၏။
‘အို၊ တည်ရှိတော်မူသော အရှင်။ ဒေသနာကျမ်းက ကိုယ်တော့်ကို အနန္တတန်ခိုးရှင်ဟု ခေါ်ဆို၏၊ မက္ကဘီးကျမ်းက ဖန်ဆင်းရှင်ဟု ခေါ်၏၊ ဧဖက်သြဝါဒစာက လွတ်လပ်ခြင်းဟု ခေါ်၏၊ ဗာရုတ်ကျမ်းက အတိုင်းအဆမရှိ ကြီးမားကျယ်ပြန့်ခြင်းဟု ခေါ်၏၊ ဆာလံကျမ်းများက ဉာဏ်ပညာနှင့် သမ္မာတရားဟု ခေါ်၏၊ ယောဟန်ခရစ်ဝင်ကျမ်းက အလင်းရောင်ဟု ခေါ်၏၊ ဓမ္မရာဇဝင်ကျမ်းက သခင်ဘုရားဟု ခေါ်၏၊ ထွက်မြောက်ရာကျမ်းက ကျေးဇူးတော်ဟု ခေါ်၏၊ ဝတ်ပြုရာကျမ်းက သန့်ရှင်းစင်ကြယ်ခြင်း၊ ဧဇရမှတ်တမ်းက တရားမျှတခြင်း၊ ဖန်ဆင်းခြင်းလောကကြီးက ကိုယ်တော့်ကို ဘုရားသခင်ဟု ခေါ်၏၊ လူသားများက ဖခင်ဟု ခေါ်၏။ သို့သော် ရှောလမုန်ကမူ ကိုယ်တော့်ကို ကရုဏာတော်ရှင်ဟု ခေါ်၏။ ကိုယ်တော့်၏ နာမတော်အားလုံးတို့အနက် ဤအမည်သည် အလှပဆုံးပင် ဖြစ်ပါတော့သည်။’
ည ၉ နာရီခန့်တွင် အမျိုးသမီး ၂ ဦးသည် အနားယူရန် ပထမထပ်ရှိ ၎င်းတို့၏ အခန်းများသို့ တက်သွားကြသည့်အခါ ဆရာတော်သည်သာ မြေညီထပ်၌ နံနက်အထိ တစ်ဦးတည်း ကျန်ရစ်ခဲ့လေသည်။
ဤနေရာတွင် ဒိညမြို့ဂိုဏ်းအုပ်ဘုန်းတော်ကြီး၏ နေအိမ်နှင့်ပတ်သက်၍ တိကျသော ပုံဖော်ချက်တစ်ခုကို ကျွန်ုပ်တို့ တင်ပြရန် လိုအပ်ပေတော့သည်။
Review By Thet Paing Writes

💬 Comment / Review
Comment များကို ရယူနေပါသည်…