Les Miserables by Victor Hugo

အပယ်ခံတို့ နှလုံးသား

သက်ပိုင် (ဘာသာပြန်)

အခန်း ၄ အပြောနှင့်ညီသော လက်တွေ့ လုပ်ရပ်များ

ဆရာတော်၏ စကားပြောဆိုမှုသည် ဖော်ရွေပြီး ရွှင်လန်းတက်ကြွမှုရှိ၏။ သူနှင့်အတူ ဘဝတစ်လျှောက်လုံး နေထိုင်လာခဲ့ကြသော အဘွားအိုနှစ်ဦးအပေါ်တွင်လည်း ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်၏။ သူရယ်မောသောအခါတွင် ကျောင်းသားငယ်တစ်ယောက်ကဲ့သို့ ရယ်မောတတ်၏။

မဒမ် မဂ်လွားကမူ သူ့ကို 'အရှင်မင်းမြတ်' ဟု ခေါ်ဆိုရသည်ကို နှစ်သက်၏။ တစ်နေ့တွင် သူသည် လက်တင်ကုလားထိုင်မှထကာ စာအုပ်တစ်အုပ်ယူရန် စာအုပ်စင်ဆီသို့ သွားလေသည်။ ထိုစာအုပ်သည် အပေါ်ဆုံးစင်များထဲမှ တစ်ခုပေါ်တွင် ရှိနေ၏။ ဘုန်းတော်ကြီးသည် အရပ်အနည်းငယ်ပုသဖြင့် စာအုပ်ကို မမီနိုင်ခဲ့ပေ။ "မဒမ် မဂ်လွား" ဟု သူက ပြောလိုက်၏။ "ကျုပ်ကို ကုလားထိုင် တစ်လုံးလောက် ယူပေးစမ်းပါ။ ကျုပ်ရဲ့ အရှင်မင်းမြတ် အဆင့်က ဒီစာအုပ်စင်ကိုတော့ မမှီနိုင်ဘူးဗျို့" ဟု ပြောလေသည်။

ဆရာတော်၏ ဆွေမျိုးခပ်ဝေးဝေးထဲမှ တစ်ဦးဖြစ်သူ ‘မဒမ် လာ ကုမ့်တက်စ် ဒီလို’ သည် ဆရာတော်ရှိနေစဉ်တွင် သူ၏ သားသုံးယောက်အတွက် "အမွေရရန် မျှော်လင့်ချက်များ" အကြောင်းကို ပြောဆိုခွင့်ရမည့် အခွင့်အရေးကို အလွတ်မပေးဘဲ တခုတ်တရ ဆိုတတ်၏။ သူ့တွင် အလွန်အိုမင်းသည့် သေအံ့ဆဲဆဲ ဆွေမျိုးများစွာရှိပြီး သူ၏သားများသည် ထိုဆွေမျိုးတို့၏အမွေကို မျိုးရိုးစဥ်ဆက်အရ အလိုအလျောက် ဆက်ခံမည့်သူများ ဖြစ်လေသည်။

သား ၃ ယောက်အနက် အငယ်ဆုံးမှာ ဝမ်းကွဲအဘွားထံမှ တစ်နှစ်လျှင် ဖရန့်ငွေ ၁၀၀,၀၀၀ ခန့်ကို အမွေရရန်ရှိပြီး၊ ဒုတိယသားမှာ ဦးလေးဖြစ်သူထံမှ နယ်စားမင်းကြီးဘွဲ့ကို ဆက်ခံရန်ရှိကာ၊ အကြီးဆုံးသားမှာမူ အဘိုးဖြစ်သူ၏ သူကောင်းဘွဲ့ကို ဆက်ခံရန်ရှိ၏။ ဆရာတော်သည် များသောအားဖြင့် မိခင်တစ်ဦး၏ အန္တရာယ်မရှိသည့် ခွင့်လွှတ်ပေးနိုင်သော ဤဝါကြွားမှုများကို တိတ်ဆိတ်စွာ နားထောင်ပေးလေ့ရှိလေသည်။

သို့သော် တစ်ကြိမ်တွင်မူ မဒမ် ဒီလိုက ဤအမွေအနှစ်များနှင့် "မျှော်လင့်ချက်များ" အကြောင်းကို ထပ်မံ၍ အသေးစိတ်ပြောဆိုနေစဉ် ဆရာတော်မှာ ပုံမှန်ထက် ပို၍ စဉ်းစားခန်းဝင်နေပုံရလေသည်။

မဒမ် ဒီလိုသည် စကားကိုဖြတ်ကာ စိတ်မရှည်စွာဖြင့် " ပြောရခက်လိုက်တာ... ဆရာတော် ဘာတွေများ တွေးနေပါသလဲ ဘုရား" ဟု မေးလိုက်သည်။

ဆရာ‌တော်က "ရှင်ဩဂတ်စတင်းရဲ့ ကျမ်းစာထဲမှာ တွေ့နိုင်တယ်လို့ ကျုပ်ယုံကြည်တဲ့ ထူးဆန်းတဲ့အရာတစ်ခုကို တွေးနေတာပါ။ 'ဆက်ခံမည့်သူ မရှိသော အရှင်သခင်အပေါ်တွင်သာ သင်၏ မျှော်လင့်ချက်ကို ထားရှိလော့' ဆိုတဲ့ စကားပါပဲ" ဟု ပြန်ဖြေလိုက်လေသည်။

အခြားတစ်ကြိမ်တွင်လည်း ဒေသခံ အထက်တန်းစား လူတစ်ဦး ကွယ်လွန်ကြောင်း အကြောင်းကြားစာတစ်စောင် လက်ခံရရှိရာ ထိုစာထဲတွင် ကွယ်လွန်သူ၏ ဂုဏ်ပုဒ်များသာမက သူ၏ဆွေမျိုးများအားလုံး၏ ပဒေသရာဇ်နှင့် သူကောင်းမျိုးနွယ်ဝင် အရည်အချင်းများကိုပါ စာမျက်နှာ တစ်မျက်နှာစာအပြည့် စာရင်းပြုစုထားသည်ကို တွေ့ရသဖြင့် သူက "သေမင်းရဲ့ ကျောပြင်က ဘယ်လောက်တောင် ကျယ်ဝန်းလိုက်သလဲ။ ဒီလောက် ဘွဲ့ထူး ဂုဏ်ထူးတွေ အများကြီးကို သူ့အသုဘစာရွက်အပေါ်မှာ ပေါ့ပေါ့ပါးပါးပဲ ပုံအော တင်ပေးထားကြတယ်။ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်ဖို့အတွက် သင်္ချိုင်းဂူကိုတောင် ဒီလိုမျိုး အသုံးချနေကြတာကိုကြည့်ရင် သူတို့မှာ တကယ့်ကို ထူးဆန်းတဲ့ ဟာသဉာဏ် ရှိပုံရတယ်” ဟု မိန့်လိုက်လေသည်။

သူသည် အများအားဖြင့် အဓိပ္ပာယ် လေးလေးနက်နက်ရှိသည့် သိမ်မွေ့သော သရော်လှောင်ပြောင်မှုမျိုးကို တစ်ခါတစ်ရံ ပြုလုပ်တတ်လေသည်။ တစ်ခါက ဥပုသ်ကာလအတွင်း လက်ထောက်ဘုန်းကြီးငယ်တစ်ပါး ဒိညမြို့သို့ရောက်လာပြီး ဘုရားကျောင်းကြီးတွင် တရားဟောခဲ့လေသည်။ ဘုန်းကြီးငယ်သည် အလွန် အဟောအပြော ကောင်း၏။

တရားဟောချက်၏ အကြောင်းအရာမှာ ပရဟိတအကြောင်းဖြစ်သည်။ သူသည် အဆိုးရွားဆုံး စကားလုံးများဖြင့် သရုပ်ဖော်ပြထားသော ငရဲသို့မလားစေရန်နှင့် ဆွဲဆောင်မှုရှိပြီး နှစ်သက်ဖွယ်ကောင်းသော နေရာအဖြစ် ဖော်ပြထားသည့် နိဗ္ဗာန်ဘုံသို့ ရောက်ရှိနိုင်ရန်အတွက် ဆင်းရဲသားများအား ပေးကမ်းလှူဒါန်းကြရန် လူချမ်းသာများကို တိုက်တွန်းခဲ့လေသည်။

တရားနာပရိသတ်ထဲတွင် အဝတ်ကြမ်း၊ သိုးမွေးထည်ကြမ်း၊ သိုးမွေးချည်ကြမ်းနှင့် သက္ကလတ်ဦးထုပ်များ ထုတ်လုပ် ရောင်းချရာမှ ငွေသန်းဝက်ခန့် စုဆောင်းနိုင်ခဲ့သည့် မွန်ဆီယာ ဂျေဘိုရန်း အမည်ရသော ကပ်စေးနှဲသည့် ချမ်းသာသော ကုန်သည်ဟောင်းကြီးတစ်ဦးလည်း ပါဝင်၏။ မွန်ဆီယာ ဂျေဘိုရန်းသည် သူ၏ဘဝတစ်လျှောက်လုံး မည်သည့် ကံခေသူ ဆင်းရဲသားတစ်ဦးကိုမျှ ပေးကမ်းလှူဒါန်းခဲ့ဖူးခြင်း မရှိပေ။

ထိုတရားပွဲအပြီးတွင် သူသည် ဘုရားကျောင်းတံခါးဝရှိ သူတောင်းစား အဘွားအိုများကို တနင်္ဂနွေနေ့တိုင်း တန်ဖိုး အနည်းဆုံးဖြစ်သော ပြင်သစ်ဒင်္ဂါး တစ်ပြားမျှ လှူဒါန်းသည်ကို သတိထားမိကြကုန်၏။ အဘွားအို ၆ ဦးမှာ ထိုငွေဒင်္ဂါးတစ်ပြားကို ခွဲဝေယူကြရလေသည်။ တစ်နေ့တွင် သူ အလှူငွေပေးနေသည်ကို ဆရာတော် မြင်သောအခါ နှမဖြစ်သူကို ပြုံးလျက် "ဟိုးမှာ မွန်ဆီယာ ဂျေဘိုရန်း တစ်ယောက်တော့ တစ်ပြားတန် နိဗ္ဗာန်ဘုံကို ဝယ်နေတယ်ဟေ့" ဟု ပြောလိုက်လေသည်။

ပရဟိတကိစ္စနှင့် ပတ်သက်လာလျှင် သူသည် ငြင်းပယ်ခံရပါကလည်း စိတ်ဓာတ်ကျလေ့မရှိဘဲ၊ ထိုသို့သောအခြေအနေမျိုးတွင် တွေးတောဆင်ခြင်စရာ စကားများကို ပြောတတ်သည်။ တစ်ခါက သူသည် မြို့ထဲရှိ ဧည့်ခန်းမတစ်ခုတွင် ဆင်းရဲသားများအတွက် အလှူငွေ လိုက်လံကောက်ခံနေ၏။ ထိုနေရာတွင် ရှန်ပတာစီယေ နယ်စားမင်းလည်း ရှိနေ၏။ ချမ်းသာပြီး ကပ်စေးနှဲသော ထိုအဘိုးအိုသည် ဘုရင်စနစ်ကို အလွန်အမင်း လိုလားသူတစ်ဦးဖြစ်သလို ဗော်လ်တဲယား၏ ဝါဒကို အလွန်အမင်း လိုက်နာသူတစ်ဦးအဖြစ်လည်း ဟန်ဆောင်နေထိုင်တတ်၏။ ဤသို့သော လူစားမျိုး အမှန်တကယ် ရှိခဲ့ပါ၏။ ဆရာတော်က သူ၏အနီးသို့သွားကာ သူ့လက်မောင်းကို ကိုင်လျက် "မွန်ဆီယာ နယ်စားမင်း၊ ခင်ဗျား ကျုပ်ကို တစ်ခုခုတော့ လှူမှဖြစ်မယ်" ဟု ပြော၏။

နယ်စားမင်းသည် လှည့်ကြည့်ပြီး ခပ်ပြတ်ပြတ်ပင် "ဆရာတော် ဘုရား၊ တပည့်တော်မှာ ကျွေးမွေးစောင့်ရှောက်ရမဲ့ ကိုယ်ပိုင်ဆင်းရဲသားတွေ ရှိပါတယ် ဘုရား" ဟူ၍ ပြန်ဖြေ၏။

"ဒါဖြင့် သူတို့ကို ကျုပ်ဆီ ပေးလိုက်ပါ" ဟု ဘုန်းတော်ကြီးက ပြောလိုက်လေတော့သည်။

တစ်နေ့တွင် ဆရာတော်သည် ဘုရားကျောင်းကြီးထဲ၌ အောက်ပါတရားကို ဟောကြားခဲ့လေသည်။

"ချစ်လှစွာသော ညီအစ်ကိုမောင်နှမများနဲ့ ကျွန်ုပ်၏ မိတ်ဆွေကောင်းများ၊ ပြင်သစ်နိုင်ငံမှာ တံခါးနဲ့ ပြတင်းပေါက် ၃ ပေါက်ပဲရှိတဲ့ တောင်သူလယ်သမားအိမ်ပေါင်း တစ်သန်းသုံးသိန်းနှစ်သောင်း (၁,၃၂၀,၀၀၀) ရှိပါတယ်၊ တံခါးနဲ့ ပြတင်းပေါက် ၂ ပေါက်တည်းပဲရှိတဲ့အိမ်က တစ်သန်းရှစ်သိန်းတစ်သောင်းခုနစ်ထောင် (၁,၈၁၇,၀၀၀) ရှိတယ်၊ နောက်ဆုံး တံခါးတစ်ပေါက်တည်းသာရှိတဲ့ တဲအိမ်ပေါင်းက သုံးသိန်းလေးသောင်းခြောက်ထောင် (၃၄၆,၀၀၀) ရှိတယ်။

ဒါဟာ 'တံခါးနဲ့ ပြတင်းပေါက် အခွန်' ဆိုတဲ့ ကိစ္စကြောင့် ဖြစ်ရတာပဲ။ ဆင်းရဲတဲ့ မိသားစုတွေ၊ အဘွားအိုတွေနဲ့ ကလေးငယ်တွေကို အဲဒီအဆောက်အအုံတွေထဲမှာ နေခိုင်းကြည့်လိုက်ပါ၊ ဘယ်လိုအဖျားရောဂါတွေ၊ နာမကျန်းဖြစ်မှုတွေ ရလာမလဲဆိုတာ ခင်ဗျားတို့ တွေ့ရလိမ့်မယ်။ ဪ...

ဘုရားသခင်က လူသားတွေကို လတ်ဆတ်တဲ့ လေကောင်းလေသန့်တွေ ပေးသနားထားပေမဲ့ ဥပဒေကတော့ အဲဒါတွေကို သူတို့ဆီ ပြန်ရောင်းနေသကိုး။ ကျုပ်က ဥပဒေကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်ကိုတော့ ကျေးဇူးတင်ပါတယ်။

အစ်ဇဲရ်၊ ဗား နဲ့ အဲပ်စ် ဒေသနှစ်ခုဖြစ်တဲ့ အော့တ် နဲ့ ဘော့ဇ် ဒေသတွေမှာဆိုရင် လယ်သမားတွေဆီမှာ လက်တွန်းလှည်းတောင် မရှိကြဘူး၊ ယောကျာ်းတွေက မြေသြဇာတွေကို ကျောပေါ်ပိုးပြီး သယ်ရတယ်။ သူတို့မှာ ဖယောင်းတိုင်တွေ မရှိဘူး၊ ထင်းရှူးစေးပါတဲ့ သစ်ကိုင်းတွေနဲ့ ကတ္တရာစေးစိမ်ထားတဲ့ ကြိုးစတွေကိုပဲ မီးရှို့ပြီး သုံးရတယ်။

ဒါဟာ ဒေါဖီနေ တောင်တန်းဒေသ တစ်ခွင်လုံးရဲ့ အခြေအနေပဲ။ သူတို့ဟာ ၆ လစာအတွက် ပေါင်မုန့်ကို တစ်ခါတည်း ဖုတ်ကြတယ်။ နောက်ချေးခြောက်တွေနဲ့ ဖုတ်ကြတာနော်။

ဆောင်းရာသီမှာဆိုရင် အဲဒီပေါင်မုန့်ကို ပုဆိန်နဲ့ခွဲပြီး စားလို့ရအောင်လို့ ၂၄ နာရီလောက် ရေစိမ်ထားကြရတယ်။ ကျွန်ုပ်ရဲ့ ညီအစ်ကိုမောင်နှမတို့၊ သနားကြင်နာကြပါ။ ခင်ဗျားတို့ ပတ်ဝန်းကျင်က ဆင်းရဲဒုက္ခတွေကို ကြည့်ကြစမ်းပါ"

ပရိုဗင့်စ် နယ်သားအဖြစ် မွေးဖွားလာသူဖြစ်သော ဆရာတော်သည် တောင်ပိုင်းဒေသသုံး စကားများအားလုံးကို အလွယ်တကူ ကျွမ်းဝင်နေခဲ့၏။ ထို့ကြောင့် သူက တောင်ပိုင်း လန်ဂုဒေါ့ ဒေသသုံးစကားဖြင့် “နေကောင်းရဲ့လား၊ လူကြီးမင်း” ဟုလည်းကောင်း၊ အောက်ပိုင်း အဲပ်စ် ဒေသသုံးစကားဖြင့် "ဘယ်သွားမလို့တုံး” ဟုလည်းကောင်း၊ အထက်ပိုင်း ဒေါဖီနေ ဒေသသုံးစကားဖြင့် "အဆီရွှဲတဲ့ ဒိန်ခဲကောင်းကောင်းနဲ့ သိုးသားကောင်းကောင်း ယူခဲ့ပါ” ဟုလည်းကောင်း ပြောဆိုတတ်လေသည်။

ဤသို့ လည်လည်ဝယ်ဝယ် ပြောဆိုတတ်ခြင်းကို ဒေသခံတို့က သဘောကျကြပြီး လူတိုင်းက သူ့ကို လက်ခံလာစေရန် ကြီးမားစွာ အထောက်အကူပြုခဲ့သည်။ သက်ကယ်မိုး တဲအိမ်လေးထဲတွင်ဖြစ်စေ၊ တောင်ပေါ်ဒေသများတွင်ဖြစ်စေ ဆရာ‌တော်သည် သာမန်အတိုင်း ပေါ့ပေါ့ပါးပါးသာ နေထိုင်တတ်၏။ အမြင့်မြတ်ဆုံးသော အရာများကို အကြမ်းတမ်းဆုံးသော ဘာသာစကားဖြင့် သူ ပြောဆိုနိုင်၏။

လူတိုင်း၏ ဘာသာစကားဖြင့် ပြောဆိုခြင်းအားဖြင့် လူတိုင်း၏ စိတ်နှလုံးထဲသို့ သူ ရောက်ရှိနိုင်ခဲ့လေသည်။

ထို့အပြင် မည်သည့် လူတန်းစားအဆင့်အတန်းတွင် ရှိနေစေကာမူ လူတိုင်းအပေါ် သူသည် တန်းတူညီမျှ ဆက်ဆံတတ်ပေသည်။

သူသည် သေချာစွာ တွေးတောဆင်ခြင်ခြင်း မရှိဘဲ သို့မဟုတ် အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ မည်သည့်အရာကိုမျှ အပြစ်မတင်တတ်ပေ။ သူက "ဒီအမှားကို ဘယ်လိုများ ဖြစ်စေခဲ့သလဲ ဆိုတာကို အရင် ကြည့်ကြရအောင်" ဟုသာ ပြောဆိုတတ်သူဖြစ်သည်။

ယခင်က အပြစ်ကျူးလွန်ဖူးသူ လောကီသား တစ်ဦးဖြစ်ကြောင်း သူကိုယ်တိုင် ပြုံးလျက် ဖွင့်ဟဝန်ခံတတ်သကဲ့သို့ ဆရာတော်ထံတွင် သာဝကများအတွက် ပြန်လှန် အထွန့်တက်ချင်စရာကောင်းလောက်အောင် တင်းကြပ်သည့် အယူဝါဒများ မရှိပေ။ သူသည် ရက်စက်ကြမ်းကြုတ်လွန်းသော ကိုယ်ကျင့်တရားသမားများကဲ့သို့ မျက်မှောင်ကြုတ်ခြင်းမရှိဘဲ သူ၏ ယုံကြည်ချက်များကို ပွင့်ပွင့်လင်းလင်း ဟောပြောတတ်ပြီး ၎င်းတို့ကို အောက်ပါအတိုင်း အကျဉ်းချုံးပြနိုင်လေသည်။

‘လူသားသည် သွေးသားခန္ဓာဖြင့် တည်ရှိပြီး ယင်းမှာ သူ၏ ဝန်ထုပ်ဝန်ပိုးဖြစ်သလို သွေးဆောင်ဖြားယောင်းမှုလည်း ဖြစ်သည်။ သူသည် ယင်းကို တစ်ပါတည်း သယ်ဆောင်သွားပြီး ယင်း၏နောက်သို့ လိုက်ပါသွားတတ်သည်။

သူသည် နိုးနိုးကြားကြားရှိရမည်။ ယင်းကို ထိန်းချုပ် ဖိနှိပ်ထားရမည်ဖြစ်ပြီး၊ နောက်ဆုံး မတတ်သာသည့် အခြေအနေရောက်မှသာ ယင်းကို အလျှော့ပေး လိုက်လျောသင့်သည်။ ထိုသို့ လိုက်လျောခြင်းသည် မှားယွင်းကောင်း မှားယွင်းနိုင်သေးသော်လည်း ဤအခြေအနေမျိုးတွင်မူကား ထိုအမှားသည် ခွင့်လွှတ်နိုင်သော အမှားမျိုးဖြစ်သည်။ ထိုသို့ ကျဆုံးသွားသည့်တိုင် သူသည် ဒူးထောက်ကျဆုံးခြင်းသာဖြစ်ပြီး ဆုတောင်းခြင်းဖြင့် အဆုံးသတ်နိုင်ပေသည်။

သူတော်စင်တစ်ပါးဖြစ်ရန်ဆိုသည်မှာ ချွင်းချက်တစ်ခုဖြစ်သည်။ လူကောင်းတစ်ယောက်ဖြစ်ရန်ဆိုသည်မှာ စည်းမျဉ်းတစ်ခုဖြစ်သည်။ လမ်းလွဲမည်၊ အားနည်းမည်၊ အပြစ်ကျူးလွန်မိမည် ဆိုသော်ငြားလည်း ကောင်းမြတ်သူများထဲတွင် ပါဝင်အောင် နေထိုင်ပါ။

အပြစ်ကို နည်းနိုင်သမျှ နည်းအောင် ကျူးလွန်ရန်ဆိုသည်မှာ လူသားမျိုးနွယ်၏ နိယာမဖြစ်သည်။ အပြစ်လုံးဝမကျူးလွန်ရန် ဆိုသည်မှာကား ကောင်းကင်တမန်များ၏ အိပ်မက်သာဖြစ်သည်။ ကမ္ဘာမြေပေါ်ရှိ အရာအားလုံးသည် အပြစ်နှင့် ကင်းကွာနိုင်ခြင်းမရှိပေ။ အပြစ်ဟူသည် ဆွဲငင်အားတစ်မျိုး ဖြစ်သည်။’

လူတိုင်းက အလွန်ကျယ်လောင်စွာ ပြစ်တင်ရှုတ်ချနေကြပြီး ဒေါသထွက်ကြောင်း ပြသရန် အလွန်လောကြီးနေကြသည်ကို မြင်သောအခါ "အို ဘုရားသခင်" ဟု ဆိုကာ သူက ပြုံးလျက် "ဒါက လူတိုင်းကျူးလွန်တတ်တဲ့ ကြီးမားတဲ့ ရာဇဝတ်မှုတစ်ခုနဲ့ တူနေပါကလား။ ဒီနေရာမှာ ဟန်ဆောင်ကောင်းတဲ့သူတွေဟာ အထိတ်တလန့်နဲ့ ဆန့်ကျင်ကန့်ကွက်ပြီး အကာအကွယ်ယူဖို့ ကပျာကယာ လုပ်နေကြတာကို တွေ့ရတယ်" ဟု ပြောတတ်လေသည်။

ဆရာတော်သည် လူ့အသိုင်းအဝိုင်း၏ ဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးထားရသော အမျိုးသမီးများနှင့် ဆင်းရဲသားများအပေါ်တွင် သည်းခံခွင့်လွှတ်ပေးတတ်သည်။ သူသည် "အမျိုးသမီးတွေ၊ ကလေးတွေ၊ အစေခံတွေ၊ အားနည်းသူတွေ၊ ဆင်းရဲနွမ်းပါးသူတွေနဲ့ ပညာမဲ့သူတွေရဲ့ ချို့ယွင်းချက်တွေဟာ ခင်ပွန်းတွေ၊ ဖခင်တွေနဲ့ သခင်တွေရဲ့ အပြစ်ဖြစ်ပြီး ခွန်အားကြီးသူတွေ၊ ချမ်းသာသူတွေနဲ့ ပညာတတ်သူတွေရဲ့ အပြစ်ဖြစ်တယ်" ဟု ပြောတတ်၏။

သူက "ပညာမဲ့သူတွေကို တတ်နိုင်သမျှ ပညာသင်ပေးပါ။ အခမဲ့ ပညာရေးကို မပေးတဲ့ လူ့အဖွဲ့အစည်းဟာ အပြစ်ရှိတယ်။ အဲဒီ လူ့အဖွဲ့အစည်းဟာ သူ ဖန်တီးလိုက်တဲ့ အမှောင်ထုအတွက် တာဝန်ရှိတယ်။ အသိဉာဏ်ကင်းမဲ့နေတဲ့ စိတ်ဝိညာဉ်တိုင်းဟာ အပြစ် ကျူးလွန်မိလိမ့်မယ်။ အပြစ်ကျူးလွန်သူမှာ အပြစ်ရှိတာမဟုတ်ဘူး၊ အမှောင်ထုကို လွှမ်းမိုးစေတဲ့သူကသာ အပြစ်ရှိတာဖြစ်တယ်" ဟုလည်း ပြောတတ်၏။

ကျွန်ုပ်တို့ မြင်တွေ့ရသည့်အတိုင်း အရာရာကို ဆုံးဖြတ်ရာတွင် သူ့၌ ကိုယ်ပိုင်ထူးခြားသော နည်းလမ်းရှိ၏။ ထိုနည်းလမ်းများကို သမ္မာကျမ်းစာထဲမှ သူ ရယူထားခြင်းဖြစ်လိမ့်မည်ဟု ကျွန်ုပ် ထင်ပါသည်။

တစ်နေ့သ၌ သူသည် ဧည့်ခန်းမတစ်ခု၌ တရားရုံးတွင် စစ်ဆေးတော့မည့် ရာဇဝတ်မှုတစ်ခုအကြောင်းကို ကြားသိခဲ့ရလေသည်။ အလွန်အမင်း အခက်အခဲကြုံတွေ့နေရသော ဆင်းရဲသားတစ်ဦးသည် မိန်းမတစ်ဦးနှင့် ထိုမိန်းမ မွေးထားသော လူမမယ် ကလေးအပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာကြောင့် ငွေစက္ကူအတုများကို ပြုလုပ်ခဲ့သည်။

ထိုခေတ်က ငွေစက္ကူအတု ပြုလုပ်ခြင်းသည် သေဒဏ်ပေးခံရနိုင်သေးသည့် ပြစ်မှုဖြစ်၏။ ထိုအမျိုးသား ပြုလုပ်ထားသော ပထမဆုံး ငွေစက္ကူအတုကို အသုံးပြုရန် ကြိုးစားနေစဉ် အမျိုးသမီးဖြစ်သူ အဖမ်းခံခဲ့ရလေသည်။ သူ့အား ဖမ်းဆီးထိန်းသိမ်းထားပြီး သက်သေအထောက်အထားများ အားလုံးသည်လည်း သူ့ကိုသာ အပြစ်ရှိကြောင်း ညွှန်ပြနေ၏။

သူတစ်ဦးတည်းသာလျှင် ထိုပြစ်မှုကို ဝန်ခံခြင်းအားဖြင့် ချစ်သူဖြစ်သော အမျိုးသားတွင် အပြစ်ရှိကြောင်း သက်သေပြနိုင်ပြီး ထိုအမျိုးသားကို ပျက်စီးစေနိုင်၏။ သို့ရာတွင် အမျိုးသမီးသည် စွပ်စွဲချက်ကို ငြင်းဆိုခဲ့လေသည်။ သူ့ကို ဖိအားပေးသော်လည်း ဆက်လက် ငြင်းဆိုနေဆဲဖြစ်၏။

ဤတွင် အစိုးရရှေ့နေ၌ အကြံတစ်ခုရခဲ့လေသည်။ ချစ်သူဖြစ်သူက ဖောက်ပြန်နေကြောင်း စွပ်စွဲပြောဆိုပြီး လိမ္မာပါးနပ်စွာ ဖန်တီးထားသော စာတိုအပိုင်းအစများကို အသုံးပြုကာ ထိုသနားစရာကောင်းသော အမျိုးသမီးအား သူ့တွင် ပြိုင်ဘက်ရှိနေကြောင်းနှင့် ထိုအမျိုးသားက သူ့ကို လှည့်စားနေကြောင်း ယုံကြည်သွားစေရန် အောင်မြင်စွာ ဖျောင်းဖျနိုင်ခဲ့လေသည်။

သဝန်တိုစိတ်ကြောင့် ဒေါသထွက်သွားသောအခါ အမျိုးသမီးသည် ချစ်သူ အမျိုးသားကို တိုင်တန်းခဲ့ပြီး အရာအားလုံးကို ဝန်ခံကာ အားလုံးကို သက်သေပြခဲ့လေတော့သည်။ ဤသည်ကား ထိုအမျိုးသား၏ ပျက်စီးခြင်းပင်ဖြစ်၏။ ထိုအမျိုးသားသည် မကြာမီ အက်စ် မြို့တွင် သူ၏ ကြံရာပါဖြစ်သူနှင့်အတူ တရားရင်ဆိုင်ရတော့မည် ဖြစ်လေသည်။

လူတိုင်းက ဤအကြောင်းကို ပြောဆိုနေကြပြီး တရားသူကြီး၏ ဉာဏ်ရည်ထက်မြက်မှုကို အံ့မခန်း ချီးကျူးနေကြကုန်၏။ သဝန်တိုစိတ် ဖြစ်ပေါ်လာအောင် လှည့်စားပြီး အမှန်တရားကို ဖော်ထုတ်နိုင်ရန် ဒေါသစိတ်ကို သူ အသုံးပြုခဲ့လေသည်။ သူသည် ကလဲ့စားချေခြင်းဟူသော တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်ခဲ့၏။

ဆရာတော်သည် ဤအကြောင်းအရာအားလုံးကို တိတ်ဆိတ်စွာ နားထောင်နေခဲ့လေသည်။

ဆွေးနွေးမှု ပြီးဆုံးသွားသောအခါ ဆရာ‌တော်က “ဒီအမျိုးသားနဲ့ အမျိုးသမီးက ဘယ်မှာ တရားရင်ဆိုင်ရမှာလဲ” ဟု မေး၏။

“အာဆက်ဇီ ရာဇဝတ်တရားရုံးမှာပါ ဘုရား”

သူက ဆက်၍ “ဒါဆိုရင် အစိုးရရှေ့နေကရော ဘယ်မှာ တရားရင်ဆိုင်ရမှာလဲ” ဟု မေးလိုက်လေသည်။

ဒိညမြို့တွင် အလွန်ဝမ်းနည်းဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ဖူး၏။ အမျိုးသားတစ်ဦး လူသတ်မှုဖြင့် သေဒဏ်ပေးခံရခြင်း ဖြစ်လေသည်။ ပညာမဲ့သူဟု မဆိုသာသော်လည်း ပညာတတ်တစ်ဦးလည်း မဟုတ်သော ထိုသနားစရာ အမျိုးသားသည် ပွဲဈေးတန်းများတွင် ဖျော်ဖြေသူနှင့် အများပြည်သူအတွက် စာရေးပေးသူအဖြစ် အသက်မွေးခဲ့သူဖြစ်၏။

ထိုအမှုအခင်းမှာ တစ်မြို့လုံး၏ ပါးစပ်ဖျားတွင် ရေပန်းစားလျက်ရှိလေသည်။ သေဒဏ်ချမှတ်ခံရသူအား ကွပ်မျက်မည့်နေ့ မတိုင်မီညနေတွင် ထောင်တွင်း သာသနာ့ဝန်ထမ်းမှာ ဖျားနာခဲ့လေသဖြင့် ရာဇဝတ်သား၏ နောက်ဆုံးအချိန်တွင် အတူရှိနေပေးရန် ဘုန်းတော်ကြီးတစ်ပါး လိုအပ်လာ၏။ ထို့ကြောင့် ဒေသခံ သင်းအုပ်ဆရာကို ပင့်ဖိတ်ခဲ့ကြလေသည်။

သို့သော် ထိုသင်းအုပ်ဆရာက “ဒါ ကျုပ်နဲ့ ဆိုင်တဲ့ ကိစ္စမှ မဟုတ်ဘဲ။ ဟိုလူလိမ်လူညာနဲ့ ပတ်သက်ပြီး ကျုပ် တာဝန်မယူနိုင်ဘူး။ ကျုပ်ကိုယ်တိုင်လဲ နေမကောင်းဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဒါ ကျုပ်အလုပ်မဟုတ်ပါဘူးလေ” ဟုဆိုကာ လာရောက်ရန် ငြင်းဆန်ခဲ့၏။

ဤစကားကို ဂိုဏ်းအုပ်ဘုန်းတော်ကြီးထံ တင်ပြကြသောအခါ ဆရာတော်က “သင်းအုပ်ဆရာတော် ပြောတာ မှန်ပါတယ်။ ဒါ သူလုပ်ရမဲ့အလုပ် မဟုတ်ပါဘူး။ ကျုပ်လုပ်ရမဲ့ အလုပ်ပါပဲ” ဟု မိန့်ဆိုလေသည်။

ထို့နောက် ဆရာတော်သည် အကျဉ်းထောင်ဆီသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့ပြီး ထို ‘လူလိမ်လူညာ’ ၏ အကျဉ်းခန်းထဲသို့ ဝင်ကာ သူ၏အမည်ကိုခေါ်လျက် လက်ကိုဆုပ်ကိုင်ကာ စကားပြောဆိုလေတော့သည်။ သူသည် ထိုအကျဥ်းသားနှင့်အတူ တစ်နေကုန်နှင့် တစ်ညလုံး အတူနေထိုင်ကာ စားသောက်ရန်နှင့် အိပ်စက်ရန်ကိုပင် မေ့လျော့လျက် သေဒဏ်ချခံရသူ၏ ဝိညာဉ်အတွက် ဘုရားသခင်ထံ ဆုတောင်းပေးခဲ့ပြီး၊ သူ၏ဝိညာဉ်အတွက်ကိုလည်း ဆုတောင်းပေးရန် အကျဥ်းသားကို တောင်းဆိုခဲ့၏။

အရှင်းလင်းဆုံး၊ အလွယ်ကူဆုံးနှင့် အကောင်းမွန်ဆုံးသော သစ္စာတရားများကို အကျဥ်းသားအား ဟောပြောပြသခဲ့လေသည်။ ဆရာတော်သည် အကျဥ်းသားအတွက် ဖခင်တစ်ဦးသဖွယ်၊ အစ်ကိုတစ်ဦးသဖွယ်၊ မိတ်ဆွေတစ်ဦးသဖွယ်အဖြစ် ဆက်ဆံခဲ့ပြီး ကောင်းချီးပေးချိန်မှသာ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ပါးအဖြစ် ဆက်ဆံခဲ့လေသည်။

အကျဥ်းသားအား အရာအားလုံးကို သင်ကြားပြသပေးကာ ဖေးမနှစ်သိမ့်ပေးခဲ့၏။ ဤအကျဥ်းသားသည် မျှော်လင့်ချက်မဲ့စွာဖြင့် သေဆုံးရတော့မည့်သူ ဖြစ်သည်။ သေမင်းဟူသည် သူ့အတွက် တွင်းနက်ကြီးတစ်ခု ဖြစ်နေသည်။

ကြောက်မက်ဖွယ်ရာ သေမင်းတံခါးဝတွင် တုန်ရီစွာ ရပ်နေရချိန်၌ အကျဥ်းသားသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်တွန့်နေခဲ့လေသည်။ သူသည် ခံစားချက်မရှိလောက်အောင် အသိဉာဏ်မဲ့သူတစ်ဦးကား မဟုတ်ပေ။ အလွန်တရာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သူ၏သေဒဏ်ချမှတ်ခံရမှုသည် အရာခပ်သိမ်း၏ နက်နဲမှုများနှင့် ကျွန်ုပ်တို့ ဘဝဟုခေါ်ဆိုသော အရာများအကြား ခြားနားထားသည့် ကန့်လန့်ကာကြီးကို ဟိုတစ်စ၊ သည်တစ်စ ဆုတ်ဖြဲပစ်လိုက်သကဲ့သို့ ဖြစ်နေသည်။

သူသည် ထိုကံကြမ္မာဆိုးတို့ကြောင့် ဖြစ်ပေါ်လာသော အက်ကွဲကြောင်းများမှတစ်ဆင့် ဤလောက၏ တစ်ဖက်ကမ်းကို လှမ်းကြည့်နေခဲ့သော်လည်း အမှောင်ထုကိုသာ မြင်တွေ့ခဲ့ရလေသည်။ သို့သော် ဆရာတော်က သူ့အား အလင်းရောင်ကို မြင်တွေ့နိုင်စေရန် စွမ်းဆောင်ပေးခဲ့သည်။

နောက်တစ်နေ့တွင် ထိုသနားစရာလူကို လာရောက်ခေါ်ဆောင်ကြသောအခါ ဆရာတော်သည် ထိုနေရာ၌ ရှိနေခဲ့သည်။ ဆရာတော်သည် ထိုသူနှင့်အတူ လိုက်ပါသွားခဲ့၏။ လည်ပင်းတွင် ဆရာတော်၏ လက်ဝါးကပ်တိုင်ကို ဆွဲလျက် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ကြိုးတုပ်ခံထားရသော ထိုရာဇဝတ်ကောင်ဘေးမှနေ၍ ဆရာတော်သည် လူအုပ်ကြီးရှေ့သို့ ထွက်လာခဲ့၏။

သူသည် ထိုသနားစရာလူနှင့်အတူ အကျဉ်းသားတင်လှည်းပေါ်သို့ တက်ခဲ့သလို ကွပ်မျက်စင်ပေါ်သို့လည်း အတူတက်ခဲ့လေသည်။

ယမန်နေ့က အလွန်တရာ စိတ်ဓာတ်ကျဆင်းကာ ကြေကွဲနေခဲ့သော ထိုသေမင်းနှင့် ရင်ဆိုင်နေရသူသည် ယခုအခါ မျက်နှာပေါ်တွင် အလင်းရောင်များ ဖြာကျနေခဲ့ပြီဖြစ်၏။ သူ၏ဝိညာဉ်သည် ငြိမ်းချမ်းမှုရရှိသွားပြီဟု ခံစားနေရပြီး သူ၏ယုံကြည်မှုအားလုံးကို ဘုရားသခင်ထံ အပ်နှင်းထားလေပြီ။ ဆရာတော်သည် သူ့အား ဖက်လှဲတကင်း နှုတ်ဆက်လိုက်ပြီး ခေါင်းဖြတ်စက်၏ ဓားသွား ကျဆင်းလာတော့မည့် အချိန်ကလေးတွင် ဤသို့ဆိုလေသည်။ “လူသားတို့ သတ်ဖြတ်သောသူကို ဘုရားသခင်က အသက်ပြန်ရှင်စေလိမ့်မည်။ မိမိ၏ ညီအစ်ကိုများက စွန့်ပယ်သောသူသည် ခမည်းတော်ထံသို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်။ ဆုတောင်းလော့၊ ယုံကြည်လော့၊ အသက်တာသစ်သို့ ဝင်ရောက်လော့။ ခမည်းတော်သည် ထိုနေရာ၌ ရှိတော်မူ၏”

ဆရာတော်သည် ကွပ်မျက်စင်ပေါ်မှ ဆင်းလာသောအခါ သူ၏မျက်နှာအမူအရာကြောင့် လူအုပ်ကြီးပင် ဘေးသို့ အလိုက်တသိ ရှောင်ဖယ်သွားကြလေသည်။ သူ၏ ဖြူရော်နေသော မျက်နှာနှင့် တည်ငြိမ်အေးချမ်းမှုတို့အနက် မည်သည့်အရာက ပို၍ အံ့သြချီးမွမ်းဖွယ်ကောင်းသည်ကိုမူ ပြောပြရန် ခက်ခဲလှပေစွ။ မိမိ၏ နန်းတော်ဟု ပြုံးရွှင်စွာ ခေါ်ဝေါ်လေ့ရှိသော သူ၏ နိမ့်ပါးလှသည့် နေအိမ်လေးသို့ ပြန်ရောက်သောအခါ သူသည် နှမဖြစ်သူအား “ကျုပ် အခုပဲ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ပါးရဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်” ဟုသာ ပြောပြခဲ့လေသည်။

အမြင့်မြတ်ဆုံးသော အရာများသည် လူအများ နားလည်နိုင်ရန် အခက်ခဲဆုံးသော အရာများ ဖြစ်လေ့ရှိသည့်အတိုင်း မြို့ထဲရှိ လူအချို့က ဆရာတော်၏ လုပ်ရပ်ကို ဝေဖန်ရာတွင် “ဒါဟာ ဟန်ဆောင်လုပ်ပြတာပဲ” ဟု ဆိုကြ၏။ အမှန်စင်စစ် ထိုသို့သော စကားမျိုးကို လူကုံထံ အသိုင်းအဝိုင်းများ၌သာ ပြောဆိုခဲ့ကြခြင်းဖြစ်၏။ သန့်ရှင်းမွန်မြတ်သော လုပ်ရပ်များကို အပြစ်မမြင်တတ်သည့် သာမန်ပြည်သူများကမူ စိတ်နှလုံးထိခိုက်ကာ လေးစား ကြည်ညိုခဲ့ကြရလေသည်။

ဂိုဏ်းအုပ်ဘုန်းတော်ကြီးအတွက်မူ ခေါင်းဖြတ်စက်ကို တွေ့မြင်ခဲ့ရခြင်းသည် ကြီးမားသော တုန်လှုပ်ချောက်ချားမှုတစ်ရပ် ဖြစ်ခဲ့ပြီး ယင်းမှ ပြန်လည်သက်သာရာရရန် အချိန်ကြာမြင့်စွာ ယူခဲ့ရလေသည်။

အသင့်အနေအထားဖြင့် ရပ်တည်နေသော ကွပ်မျက်စင်တစ်ခုတွင် အိပ်မက်ဆိုးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ရှိနေတတ်၏။ သင်သည် ခေါင်းဖြတ်စက်ကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်မတွေ့ရသရွေ့ သေဒဏ်ပေးခြင်းအပေါ် လျစ်လျူရှုနိုင်ပြီး၊ မိမိ၏ သဘောထား အစစ်အမှန်ကို ထုတ်မပြောဘဲ ‘ထောက်ခံသည်’ သို့မဟုတ် ‘ကန့်ကွက်သည်’ ဆိုသည့်စကားကို လွယ်လွယ်ကူကူ ဆိုနိုင်ပေလိမ့်မည်။

သို့သော် သင်ကိုယ်တိုင်ပင် ၎င်းနှင့် ထိပ်တိုက်ကြုံတွေ့ရပါကမူ ယင်းသည် အလွန်ကြမ်းတမ်းသော ရိုတ်ခတ်မှု ဖြစ်ပေါ်စေမည်မှာ အမှန်ပင်။ ထိုအခါ သင်သည် ‘ထောက်ခံသည်’ သို့မဟုတ် ‘ကန့်ကွက်သည်’ဟူသော ဆုံးဖြတ်ချက်တစ်ခုကို မဖြစ်မနေ ရွေးချယ်လာရတော့သည်။

(သေဒဏ်ချမှတ်ခြင်းကို အားပေးထောက်ခံသူ) ဒီ မေစထရီ (၁၇၅၃-၁၈၂၁) ကဲ့သို့သော လူများက ယင်းကို သဘောကျကြသော်လည်း (သေဒဏ်ချမှတ်ခြင်းကို ဝေဖန်သူ) ဘက်ကာရီယာ (၁၇၃၈-၉၄) ကဲ့သို့သော အခြားသူများအတွက်မူ ယင်းသည် ရွံရှာဖွယ်ကောင်းသော အရာဖြစ်၏။ ခေါင်းဖြတ်စက်ဟူသည် ဥပဒေကို ရုပ်လုံးဖော်ထားခြင်းပင် ဖြစ်၏။

၎င်း၏အမည်မှာ တုံ့ပြန်အပြစ်ပေးခြင်းဟု အဓိပ္ပါယ်ရ၏။ ၎င်းသည် ကြားနေမဟုတ်သကဲ့သို့ သင့်ကိုလည်း ကြားနေတစ်ဦးအဖြစ် ခွင့်ပြုမည်မဟုတ်ပေ။ ယင်းကို မြင်တွေ့ရသူတိုင်းသည် အလွန်နက်နဲ ဆန်းကြယ်သော တုန်လှုပ်မှုဖြင့် ကြက်သီးမွေးညင်းထရတတ်လေသည်။

လူမှုရေး ပြဿနာအားလုံးသည် ဤဓားသွားတဝိုက်တွင် မေးခွန်းထုတ်စရာများ ဖြစ်လာကြသည်။ ကွပ်မျက်စင်ဟူသည် အဆောက်အအုံတစ်ခု မဟုတ်၊ စက်ယန္တရားတစ်ခုလည်း မဟုတ်၊ သစ်သား၊ သံနှင့် ကြိုးတို့ဖြင့် ပြုလုပ်ထားသော သက်မဲ့ပစ္စည်းတစ်ခုလည်း မဟုတ်ပေ။ ၎င်းသည် ဆိုးယုတ်လှသော ကိုယ်ပိုင်အလိုဆန္ဒရှိသည့် သက်ရှိတစ်ကောင်နှင့် တူလှ၏။

သာမန်အားဖြင့် ကြည့်လျှင် ဤသစ်သားအဆောက်အအုံသည် မြင်နိုင်စွမ်းရှိသည်၊ ဤစက်ယန္တရားသည် ကြားနိုင်စွမ်းရှိသည်၊ ဤစက်ပစ္စည်းသည် နားလည်နိုင်စွမ်းရှိသည်၊ ဤသစ်သား၊ ဤသံနှင့် ဤကြိုးတို့တွင် ကိုယ်ပိုင်ဆန္ဒများ ရှိနေကြသကဲ့သို့ပင် ဖြစ်၏။ ၎င်း၏တည်ရှိမှုကပင် စိတ်ဝိညာဉ်ကို ကြောက်မက်ဖွယ်ရာ မိန်းမောတွေဝေမှုထဲသို့ တွန်းချလိုက်ပြီး ၎င်းကိုယ်တိုင်ကပင် လုပ်ဆောင်နေသော အရာများအပေါ် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပါဝင်ပတ်သက်နေသည်ဟု ထင်မှတ်ရလေသည်။

ကွပ်မျက်စင်သည် ပါးကွက်သား၏ ကြံရာပါဖြစ်၏။ ယင်းသည် ဝါးမြိုတတ်၏။ အသားကို စား၏၊ သွေးကို သောက်၏။

ကွပ်မျက်စင်ဆိုသည်မှာ တရားသူကြီးနှင့် လက်သမားတို့ ပူးပေါင်းဖန်တီးထားသော ဘီလူးကြီးတစ်ကောင်ဖြစ်ပြီး သူနှုတ်ယူခဲ့သော အသက်များမှ စုပေါင်း ဖန်တီးလိုက်သည့် ကြောက်မက်ဖွယ်ရာ အသက်စွမ်းအင်ဖြင့် အသက်ရှင်နေသော တစ္ဆေတစ်ကောင်နှင့်တူလေသည်။

ထို့ကြောင့် ၎င်းသည် နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းသော အသွင်ကို ဖြစ်ပေါ်စေသည်။ ကွပ်မျက်ပြီး နောက်တစ်နေ့နှင့် နောက်ရက်ပေါင်းများစွာတိုင်အောင် ဆရာတော်သည် အကြီးအကျယ် နှိပ်စက်ခံထားရသူကဲ့သို့ ဖြစ်နေခဲ့လေသည်။ အကျဥ်းသား၏ ကံကြမ္မာကို စီရင်သော အချိန်၌ သူရရှိခဲ့သည့် ရဲရဲတောက် တည်ငြိမ်မှုမျိုး ပျောက်ကွယ်သွားခဲ့ပေပြီ။ လောကီတရားမျှတမှုဟူသော တစ္ဆေကြီးက သူ့ကို ခြောက်လှန့်နေခဲ့သည်။ မိမိလုပ်ဆောင်ခဲ့သမျှ အရာတိုင်းမှ ဝမ်းသာပီတိမြောက်သော ကျေနပ်မှုဖြင့်သာ ပြန်လာလေ့ရှိသူသည် ယခုအခါ မိမိကိုယ်ကို အပြစ်တင်နေသကဲ့သို့ ရှိနေ၏။ တစ်ခါတစ်ရံတွင် သူသည် မိမိဘာသာ စကားများပြောပြီး တီးတိုးညည်းတွားသံများဖြင့် တစ်ကိုယ်တော် ပြောဆိုနေတတ်လေသည်။

တစ်ညတွင် ဆရာတော်၏နှမဖြစ်သူ ကြားလိုက်ရပြီး မှတ်သားထားခဲ့သော စကားတစ်ခွန်းမှာ အောက်ပါအတိုင်းပင် ဖြစ်၏။

“ဒါက ဒီလောက်တောင် ရက်စက်ကြမ်းကြုတ်မှန်း ငါ မသိခဲ့ဘူး။ ဘုရားသခင်ရဲ့ တရားတော်တွေထဲမှာ အရမ်းနစ်မြုပ်နေပြီး လူသားတွေရဲ့ ဥပဒေကို သတိမမူမိတာဟာ အမှားပဲ။ သေခြင်းတရားဆိုတာ ဘုရားသခင်အပေါ်မှာပဲ မူတည်တယ်။ ကံကြမ္မာနဲ့ ပတ်သက်တဲ့ ဒီကိစ္စကို ဝင်စွက်ဖက်ဖို့ လူသားတွေမှာ ဘယ်လိုအခွင့်အရေးမျိုး ရှိလို့လဲ”

အချိန်ကြာလာသည်နှင့်အမျှ ဤခံစားချက်များ လျော့ပါးလာပြီး ပျောက်ကွယ်သွားပုံရသည်။ သို့သော် ထိုအချိန်မှစ၍ ဆရာတော်သည် ကွပ်မျက်မှုများ ပြုလုပ်လေ့ရှိသော ခေါင်းဖြတ်စက်ထားရာ ရင်ပြင်ကို ဖြတ်သန်းသွားလာခြင်းမှ ရှောင်ကြဉ်ခဲ့ကြောင်းကိုမူ တွေ့မြင်ခဲ့ကြရလေသည်။

မွန်ဆီယာမာရီယယ်လ်အား ဖျားနာသူများနှင့် သေခါနီးလူနာများ၏ ခုတင်ဘေးသို့ အချိန်မရွေး လာရောက်ရန် ပင့်ဖိတ်နိုင်၏။ ဤသည်မှာ သူ၏ အရေးအကြီးဆုံးသော တာဝန်နှင့် အလုပ်ဖြစ်ကြောင်း သူကောင်းစွာ သိရှိထား၏။ မုဆိုးဖို၊ မုဆိုးမများနှင့် မိဘမဲ့ဖြစ်သွားသော မိသားစုများအနေဖြင့် သူ့အား ပင့်ဖိတ်ရန်ပင် မလိုပေ။

သူသည် အလိုအလျောက် ရောက်ရှိလာတတ်၏။ ချစ်မြတ်နိုးရသော ဇနီးသည်ကို ဆုံးရှုံးလိုက်ရသည့် အမျိုးသားအနီးတွင်ဖြစ်စေ၊ သားသမီးကို ဆုံးရှုံးလိုက်ရသည့် မိခင်အနီးတွင်ဖြစ်စေ မည်သို့ တိတ်ဆိတ်စွာ ထိုင်နေပေးရမည်ကို သူ ကောင်းစွာ နားလည်ထား၏။ သူသည် မည်သည့်အချိန်တွင် တိတ်ဆိတ်စွာ နေရမည်ကို သိရှိသကဲ့သို့၊ မည်သည့်အချိန်တွင် စကားပြောရမည်ကိုလည်း သိရှိသူလည်းဖြစ်လေသည်။

အို... အံ့သြဖွယ်ကောင်းလှသော နှစ်သိမ့်ပေးသူကြီးပါတကား။ သူသည် ဝမ်းနည်းပူဆွေးမှုများကို မေ့ပျောက်ခြင်းဖြင့် ဖုံးကွယ်ပစ်ရန် မကြိုးစားခဲ့ဘဲ မျှော်လင့်ချက်ဖြင့် ကြီးကျယ်မြင့်မားလာစေရန်သာ ကြိုးပမ်းခဲ့လေသည်။

သူက “သေဆုံးသွားသူတွေကို ဘယ်လိုရှုထောင့်ကနေ ကြည့်ရမလဲဆိုတာ သတိပြုပါ။ ပျက်စီးဆွေးမြေ့သွားမဲ့ အရာတွေကို မတွေးပါနဲ့။ သေချာကြည့်ပါ။

ကောင်းကင်ဘုံအထက်မှာ သင်တို့ချစ်ရတဲ့ ကွယ်လွန်သူတွေရဲ့ ရှင်သန်နေတဲ့ အလင်းရောင်ကို တွေ့ရပါလိမ့်မယ်” ဟု ဆိုလေ့ရှိ၏။ ယုံကြည်ခြင်းသည် ကုသပေးနိုင်စွမ်းရှိကြောင်း သူသိသည်။

သူသည် ဘဝကို လက်မြှောက်အရှုံးပေးထားသူများကို လမ်းညွှန်ပြခြင်းဖြင့်လည်းကောင်း၊ ဝမ်းနည်းကြေကွဲနေသူများကို နှစ်သိမ့်အကြံပေးခြင်းလည်းကောင်း ကြိုးပမ်းခဲ့ပြီး သေခြင်းတရား၏ ပြယုဂ် သင်္ချိုင်းဂူပေါ်တွင် ကိန်းအောင်းနေသော ပူဆွေးသောကကို ကြယ်တာရာများပေါ်တွင် ကိန်းအောင်းသော မျှော်လင့်ခြင်းနှင့် ငြိမ်းချမ်းမှုကို တောင့်တသည့် ပူဆွေးသောက အဖြစ်သို့ ပြောင်းလဲရန် သင်ကြားပေးခဲ့လေသည်။