ကမ္ဘာ့အကြီးဆုံး စာအုပ်ထုတ်ဝေရေးတိုက် ဖြစ်သည့် ပင်ဂွင်း ရမ်ဒမ်ဟောက်စ်သည် တစ်နှစ်လျှင် စာအုပ်ပေါင်း ၂၀,၀၀၀ နီးပါး ထုတ်ဝေပြီး နှစ်စဉ် ဝင်ငွေ ဒေါ်လာ ၅ဘီလီယံကျော် ရှာဖွေပေးလျက် ရှိသည်။ ၎င်း၏ အမေရိကန် ရုံးချုပ်သည် မန်ဟက်တန် အလယ်ပိုင်းရှိ ဘရော့ဒ်ဝေးလမ်းပေါ်တွင် တည်ရှိပြီး ရမ်ဒမ်ဟောက်စ် တာဝါဟု လူသိများသော မီးခိုးရောင် မှန်သားများဖြင့် တောက်ပနေသည့် မိုးမျှော်တိုက်ကြီး၏ ၂၄ ထပ်မျှ နေရာယူထားသည်။
သည်ညတော့ ရုံးခန်းများ တိတ်ဆိတ်နေသည်။ မြို့ထဲတွင် သန်းခေါင်ကျော် အချိန် ရောက်နေပြီ ဖြစ်ပြီး သန့်ရှင်းရေး ဝန်ထမ်းများပင် သူတို့၏ အလုပ်များ ပြီးစီးသွားကြပြီ ဖြစ်၏။ သို့သော် ၂၃ ထပ်၏ ထောင့်ရှိ ရုံးခန်းတစ်ခုတွင်တော့ မီးတစ်ပွင့် လင်းနေဆဲ ဖြစ်လေသည်။
အယ်ဒီတာ ဂျိုနပ်စ် ဖော့ခ်မန်းသည် ညဉ့်မှ ကျက်စားတတ်သော ဇီးကွက်တစ်ကောင်ကဲ့သို့ ဖြစ်၏။ အသက် ၅၅ နှစ် အရွယ်ရှိနေပြီးဖြစ်သော်လည်း နုပျိုကာ ဆယ်ကျော်သက် တစ်ယောက်ကဲ့သို့ အချိန်ပေး အလုပ်လုပ်နိုင်သည်။ စင်ထရယ်ပန်းခြံတွင် နေ့စဉ် ပြေးလေ့ရှိပြီး အလုပ်ခွင်သို့ ဂျင်းဘောင်းဘီအနက်နှင့် အပြေးစီးဖိနပ်တို့ကို ဝတ်ဆင်လေ့ ရှိသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ တွန့်လိမ်နေသော ဆံပင်နက်နက်များသည် ထူထဲနေဆဲ ဖြစ်သော်လည်း၊ သူ၏ မုတ်ဆိတ်မွေးများတွင်တော့ အမွှေးဖြူတို့က သိသာစွာ စတင် ပေါ်ပေါက်နေပြီ ဖြစ်၏။ ဤသည်ကို သူက ဂျိုးဇက် ကွန်ရက်ဒ်ကို အမှတ်ရစေသည်ဟု တွေးကာ နှစ်သက်လေသည်။
ဖော့ခ်မန်းသည် ရှုပ်ထွေးသော ဇာတ်လမ်းများနှင့် ခက်ခဲသော စကားပြေများကို ဖတ်ရှုကာ၊ စာရေးဆရာများအတွက် အသေးစိတ် မှတ်စုများ ရေးသားရင်း၊ ယခုကဲ့သို့ အနှောင့်အယှက်မရှိဘဲ တိတ်ဆိတ်သော ညဉ့်နက်ပိုင်း အချိန်များကို မြတ်နိုးတတ်သည်။ ဒီညလည်း ကမ္ဘာပေါ်တွင် သူ အနှစ်သက်ဆုံး အလုပ်ကို လုပ်ရန် သူ့စားပွဲအား ရှင်းလင်းထားလိုက်၏။ စာရေးဆရာသစ် တစ်ဦးထံမှ လတ်တလော ရောက်ရှိလာသော စာမူတစ်ခုကို ဖတ်ရှုရန် ဖြစ်လေသည်။
“အလားအလာရှိပေမဲ့ လူမသိသေးတဲ့ ရွက်ပုန်းသီးလေး တစ်လုံးပေါ့”
ပုံနှိပ်ထုတ်ဝေခံရသော စာအုပ်အများစုသည် ခြေရာလက်ရာ မကျန်ရစ်ဘဲ ပျောက်ကွယ်သွားတတ်ကြသော်လည်း၊ အကောင်းဆုံးသော အရွေးချယ်ခံ လက်တစ်ဆုပ်စာ စာအုပ် အနည်းငယ်ကသာ စာဖတ်သူတို့၏ စိတ်ကို ဖမ်းစားနိုင်ပြီး အရောင်းရဆုံး စာအုပ်များ ဖြစ်လာတတ်သည်။ ဖော့ခ်မန်းသည် ယခု သူ ဖတ်ရှုတော့မည့် စာအုပ်အပေါ် မျှော်လင့်ချက်ကြီးစွာ ထားခဲ့၏။ ၎င်း ရောက်ရှိလာမည့် အချိန်ကို သူ စောင့်မျှော်နေခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။ ထိုစာအုပ်သည် ထင်ရှားကျော်ကြားသော စိတ်စွင်းအင်ဆိုင်ရာ သိပ္ပံပညာရှင် ကက်သရင်း ဆော်လမွန်ရေးသားသည့် လူသား သိစိတ်ဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်မှုများကို ရဲရဲတောက် စူးစမ်းရှာဖွေထားသော စာအုပ်ဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ဖော့ခ်မန်း၏ မိတ်ဆွေရင်း ဖြစ်သူ ရောဘတ် လန်ဒန်သည် စာအုပ်ပါ အကြောင်းအရာ အချို့ကို တင်ပြရန်အတွက် ကက်သရင်းအား နယူးယောက်မြို့သို့ ခေါ်ဆောင်လာကာ နေ့လယ်စာ အတူစားဖြစ်ခဲ့ကြ၏။ ထိုသိပ္ပံပညာရှင်၏ တင်ပြချက်သည် အံ့သြမှင်တက်ဖွယ် ကောင်းလောက်ပေသည်။ သုတ စာအုပ်တစ်အုပ် အတွက် ဖော့ခ်မန်း ကြုံဖူးသမျှထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံး တင်ပြချက်ဟုပင် ဆိုနိုင်သည်။ ထို့ကြောင့် ရက်ပိုင်းအတွင်းမှာပင် သူသည် ကက်သရင်းအား ကြေးကြီးကြီး စာချုပ်တစ်ခု ကမ်းလှမ်းလိုက်ကာ စာအုပ်မူပိုင်ခွင့်ကို ရယူခဲ့လိုက်သည်။
ကတ်သရင်းသည် လွန်ခဲ့သော တစ်နှစ်တာလုံး စာမူအား လုံးဝ လျှို့ဝှက်စွာဖြင့် ကြိုးစားပမ်းစား ရေးသားခဲ့ပြီး၊ သည်နေ့ နေ့လယ်ကမှ ပရာ့ဂ်မြို့မှ ဖုန်းဆက်ကာ စာမူအား အချောသပ် ပြင်ဆင်ပြီးစီးပြီ ဖြစ်ကြောင်းနှင့် ဖော့ခ်မန်း ဖတ်ရှုရန် အသင့်ဖြစ်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့၏။ ကက်သရင်း အနေဖြင့် စာမူအား ပြင်ဆင်ခြင်းကို ရပ်တန့်ပြီး အယ်ဒီတာ၏ အမြင်ကို ရယူရန် လန်ဒန်က တိုက်တွန်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဖော့ခ်မန်း ထင်မိလိုက်သည်။ မည်သို့ပင် ဖြစ်စေကာမူ ဖော့ခ်မန်း သေချာ ပြောနိုင်သည့်အချက်မှာကား အကယ်၍ ကက်သရင်း ဆော်လမွန်၏ စာမူသည် သူ နှုတ်ဖြင့် တင်ပြခဲ့ဖူးသော အကြောင်းအရာ၏ တစ်ဝက်ခန့် ကောင်းမွန်သည် ဆိုလျှင်ပင် ဤစာအုပ်သည် ဖော့ခ်မန်း၏ လုပ်သက် တစ်လျှောက်တွင် အကြီးမားဆုံး စီမံကိန်းများထဲမှ တစ်ခု ဖြစ်လာလိမ့်မည်ဆိုသည့် အချက်ပင်။
“ဉာဏ်အလင်းပွင့်စေတဲ့... အံ့သြဖွယ်ကောင်းတဲ့... စကြာဝဠာတစ်ခုလုံးနှင့် သက်ဆိုင်တဲ့ အကြောင်းအရာပဲ”
လူသား သိစိတ်ကို နားလည်ရန် ရှာဖွေခြင်းသည် သိပ္ပံပညာအတွက် ‘ရတနာသိုက် ရှာဖွေခြင်း’ ဖြစ်စဥ် အသစ်တစ်ခု အလျင်အမြန် ဖြစ်လာနေပြီး၊ ကက်သရင်း ဆော်လမွန်သည် ဤနယ်ပယ်တွင် လမ်းပြရှေ့ဆောင်သူ တစ်ဦး ဖြစ်လာတော့မည်ဟု ဖော့ခ်မန်း ခံစားမိသည်။ အကယ်၍ သူ၏ သီအိုရီသာ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့လျှင် လူသား၏ စိတ်သည် ယခင်က စိတ်ကူးခဲ့ကြသလို လုံးဝ မဟုတ်တော့ပေ။ ထိုအမှန်တရားသည် လူသားမျိုးနွယ်၊ ဘဝ နှင့် သေခြင်းတရား အပေါ် ကျွန်ုပ်တို့၏ အမြင်များကို ကြီးမားသော အပြောင်းအလဲကြီး ဖြစ်ပေါ်စေပါလိမ့်မည်။
"မျိုးစိတ်များ၏ မူလအစ" နှင့် "အချိန်၏ သမိုင်းအကျဉ်း" ကဲ့သို့သော ခေတ်ကိုပြောင်းစေခဲ့သည့် စာအုပ်များနှင့် တစ်တန်းတည်း ထားရမည့် လက်ရာတစ်ခုကို သူ တည်းဖြတ်ရတော့မည်လားဟု ဖော့ခ်မန်း တွေးနေမိ၏။
“ဖြည်းဖြည်းလုပ်ပါ ဂျိုနပ်စ်ရေ...” ဟု သူ့ကိုယ်သူ သတိပေးလိုက်သည်။ “မင်း စာမူကိုတောင် မဖတ်ရသေးဘူးလေ”
တံခါးကို ပြင်းပြင်းထန်ထန် ခေါက်လိုက်သံကြောင့် ဖော့ခ်မန်း သတိဝင်လာပြီး လှည့်ကြည့်လိုက်ရာ သန်းခေါင်ယံ အချိန်မတော်တွင် ဧည့်သည်တစ်ယောက် ရောက်နေကြောင်း တွေ့ရသဖြင့် အံ့သြသွားလေသည်။
“မစ္စတာ ဖော့ခ်မန်း...” ဟု ခေါ်လိုက်ကာ တံခါးဝတွင် ရပ်နေသော လူငယ်သည် သူ မသိသော သူစိမ်းတစ်ယောက် ဖြစ်နေ၏။
“ဟုတ်ကဲ့။ ဘယ်သူပါလဲ”
“လန့်သွားစေခဲ့ရင် တောင်းပန်ပါတယ် ဆရာ” ဟု ပြောရင်း လူငယ်က ပလပ်စတစ် လောင်းထားသော ကုမ္ပဏီ ဝန်ထမ်းကတ်ကို မြှောက်ပြလိုက်သည်။ “ကျွန်တော်က အဲလက်စ် ကိုနန် ပါ... ဒေတာ လုံခြုံရေးဌာနကပါ။ စနစ်ကို အသုံးပြုမှု နည်းတဲ့ ညဘက်ပိုင်းတွေမှာ ကျွန်တော် အဓိက အလုပ်လုပ်ပါတယ်”
ထိုကောင်လေး၏ ဖွာလန်ကြဲနေသော ရွှေရောင် ဆံပင်များနှင့် ပီဇာရီယာ ပါပါဂါရို တံဆိပ်ပါ တီရှပ်အင်္ကျီတို့ကြောင့် သူသည် နည်းပညာရှင် တစ်ယောက်ထက် ရေလှိုင်းစီးသူ တစ်ယောက်နှင့် ပိုတူနေလေသည်။ “ကျုပ် ဘာများကူညီပေးရမလဲ အဲလက်စ်”
“ဪ၊ အချက်မှားပြတာလဲ ဖြစ်နိုင်ပါတယ်” နည်းပညာရှင်လေးက ပြန်ဖြေသည်။ “ဒါပေမဲ့ ကျွန်တော်တို့ စနစ်က ဝင်ရောက်ကြည့်ရှုခဲ့တဲ့ ဒေတာတွေနဲ့ ပတ်သက်ပြီး သတိပေးချက် ပြနေလို့ပါ”
“ဝင်ရောက်ကြည့်ရှုခဲ့တဲ့ ဒေတာတွေတဲ့လား” ။ ‘ဒေတာ’ ဆိုသည့် စကားလုံးသည် ဗဟုဝှစ်ကိန်း ဖြစ်ပြီးသား ဆိုသည်ကို ကမ္ဘာကြီးက ဘယ်တော့များမှ လက်ခံကြမလဲဟု ဖော့ခ်မန်း စဉ်းစားလိုက်သည်။
“ဘာမှ မဟုတ်လောက်ပါဘူးဗျာ” ကောင်လေးက ပြော၏။ “ 'အတည်မပြုနိုင်သော အသုံးပြုသူ' ဆိုတာက ကျွန်တော်တို့ဆီမှာ ရှားပါးတဲ့ သတိပေးချက်မို့လို့ ကျွန်တော် စိတ်ပူသွားတာပါ။ ဒါပေမဲ့ အခု ဆရာ ကိုယ်တိုင် အဆောက်အအုံထဲမှာ ရှိနေပြီး လော့ဂ်အင် ဝင်ထားတာ မြင်ရတော့မှပဲ စိတ်ချသွားတော့တယ်။ ဆရာ့ အကောင့်မှာ စနစ်ချို့ယွင်းချက် တစ်ခုခု ဖြစ်တာပဲ နေမှာပါ”
“ဒါပေမဲ့ ကျုပ် လော့ဂ်အင် ဝင်မထားရသေးဘူး” ဖော့ခ်မန်းက သူ၏ မော်နီတာ ကို ညွှန်ပြရင်း ပြောလိုက်၏။ “ကျုပ် ကွန်ပျူတာကို တစ်ညလုံး လုံးဝ မသုံးရသေးဘူး”
ကောင်လေး၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ “ဪ...”
ဖော့ခ်မန်းလည်း အနည်းငယ် ထိတ်လန့်သွားသည်။ “တစ်ယောက်ယောက်က ကျုပ် အကောင့်ထဲ ဝင်နေတာများလား”
“မဟုတ်ဘူး၊ မဖြစ်နိုင်ပါဘူး” နည်းပညာရှင်လေးက ပြောသည်။ “အင်း၊ အခုတော့ မဟုတ်တော့ဘူးပဲ ဆိုရမှာပေါ့။ ဘယ်သူပဲ ဖြစ်ဖြစ်၊ ဝင်သုံးတဲ့သူကတော့ ထွက်သွားပါပြီ”
“ဘယ်သူပဲ ဖြစ်ဖြစ် ဟုတ်လား။ အဲဒါ ဘာအဓိပ္ပာယ်လဲ”
နည်းပညာရှင်လေး၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာသည်။ “အဓိပ္ပာယ်ကတော့ တစ်ယောက်ယောက်က ဆရာ့ရဲ့ ကိုယ်ပိုင် အကောင့်ထဲကို စကားဝှက် သို့မဟုတ် ခွင့်ပြုချက် အထောက်အထား မရှိဘဲ ထိုးဖောက် ဝင်ရောက်ခဲ့တယ် ဆိုတဲ့ သဘောပါပဲ ဆရာ။ ဘယ်သူပဲ ဖြစ်ဖြစ် နည်းပညာကျွမ်းကျင်တဲ့သူ ဖြစ်မယ်ထင်ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ စစ်ဘက်အဆင့် ဖိုင်းယားဝေါ အကာအကွယ်...”
“နေပါဦး၊ သူက ဘာတွေကို ဝင်ကြည့်သွားတာလဲ” ။ ဖော့ခ်မန်းသည် သူ့စားပွဲဆီသို့ လှည့်ပြီး ကွန်ပျူတာကို ဖွင့်လိုက်၏။ “ငါ့ တစ်ဘဝလုံးစာ အလုပ်တွေ အားလုံး အဲဒီ သောက်သုံးမကျတဲ့ ဆာဗာပေါ်မှာ ရှိနေတာဟ”
“တစ်ယောက်ယောက်က ဆရာ့ရဲ့ အက်စ်ဗီဒက်ဗလျူ တစ်ခုကို ဟက်သွားတယ် ဆရာ” ဟု ကောင်လေးက ဖြေ၏။
ဖော့ခ်မန်း ကြက်သေသေသွားသည်။ “ဒါ ငါ ကြားချင်တဲ့ အဖြေ မဟုတ်ဘူး”
အက်စ်ဗီဒက်ဗလျူ ခေါ် ‘လုံခြုံစိတ်ချရသည့် ယာယီ အွန်လိုင်း လုပ်ငန်းခွင်များ’ သည် ပင်ဂွင်း ရမ်ဒမ်ဟောက်စ် (ပီအာရ်အိတ်ချ်) တွင် နောက်ပိုင်းမှ စတင် အသုံးပြုလာသော စနစ်သစ်တစ်ခု ဖြစ်၏။
ခိုးယူခံရသော စာမူများအား တရားမဝင် ကူးယူရောင်းချမှုများ မြင့်တက်လာခြင်းကြောင့် ပီအာရ်အိတ်ချ် အယ်ဒီတာ အချို့သည် ထိပ်တန်း အရောင်းရဆုံး စာရေးဆရာများကို ပိုမို လုံခြုံမှု ရှိစေရန်အတွက် ပီအာရ်အိတ်ချ် ဆာဗာများပေါ်တွင်သာ သီးသန့် အလုပ်လုပ်ကြရန် တိုက်တွန်းလာခဲ့ကြသည်။
ပီအာရ်အိတ်ချ်၏ တန်ဖိုးအရှိဆုံး စာမူအများအပြားကို ရမ်ဒမ်ဟောက်စ်တာဝါရှိ ကုမ္ပဏီ၏ ကုဒ်ဝှက်ထားသော ဖိုင်းယားဝေါ အကာအကွယ်ဖြင့် ကာရံထားသည့် စနစ်အတွင်းရှိ လုံခြုံသော နေရာတစ်ခုတည်း၌သာ ရေးသားခြင်း၊ တည်းဖြတ်ခြင်း နှင့် သိမ်းဆည်းခြင်းများ ပြုလုပ်ကြသည်။ မေရီလန်းရှိ အရန် ဒေတာသိမ်းဆည်းရာ နေရာနှင့်အတူ ဆောင်ရွက်ကြခြင်း ဖြစ်လေသည်။
“ကက်သရင်း ဆော်လမွန်ကို အက်စ်ဗီဒက်ဗလျူ သုံးပြီး စာရေးဖို့ ငါ ပြောခဲ့မိတယ်” ဟု ဖော့ခ်မန်း စိတ်မသက်မသာ တွေးလိုက်မိသည်။
ကတ်သရင်း၏ စာအုပ်အတွက် အဆိုပြုချက်တွင် အောင်မြင်နိုင်သော အလားအလာကြီးမားကြောင်း ခံစားမိသဖြင့် ဖော့ခ်မန်းသည် စာမူရေးသားနေစဉ် အတွင်း တင်းကျပ်သော လုံခြုံရေး စည်းမျဉ်းများကို လိုက်နာရန် ကက်သရင်းအား တိုက်တွန်းခဲ့လေသည်။ သူကလည်း ကျေကျေနပ်နပ်နှင့်ပင် သဘောတူခဲ့၏။ သူ၏ အချက်အလက်များ အားလုံး တစ်နေရာတည်းတွင် လုံခြုံစွာ ရှိနေသလို အလိုအလျောက် သိမ်းဆည်းထားပေးကြောင်းလည်း သိထားရသဖြင့် ကမ္ဘာအနှံ့ မည်သည့်နေရာမှမဆို အွန်လိုင်းမှပင် စာမူအား ရေးသားရမည်ကို နှစ်သက်ကြောင်း သူ ပြောခဲ့သည်။
စာရေးဆရာ အများစုလည်း ထိုနည်းတူ ခံစားကြရသော်ငြား စိုးရိမ်စရာ တစ်ချက်တော့ ရှိနေသည်။ ကိုယ်ရေးကိုယ်တာ လုံခြုံမှုပင်။ မည်သည့် စာရေးဆရာကမှ သူတို့ အဆင်သင့် မဖြစ်သေးခင် စာမူ၏ တိုးတက်ပြီးမြောက်မှုကို စိတ်မရှည်သော အယ်ဒီတာ တစ်ယောက်က ဝင်ရောက် စောင့်ကြည့်နေသည်မျိုးအား မလိုလားကြပေ။ ထို့ကြောင့် အက်စ်ဗီဒက်ဗလျူ အသုံးပြုသော စာရေးဆရာတိုင်းသည် စာမူကို ပေးပို့ရန် အဆင်သင့် မဖြစ်မချင်း သူတို့၏ ယာယီ လုပ်ငန်းခွင်ကို စာရေးဆရာ ကိုယ်တိုင်သာ သိသော ‘စကားဝှက်’ ဖြင့် ကာကွယ်ထားကြလေသည်။
“ကက်သရင်း အတွက်တော့ သူအလုပ်ပြီးတဲ့နေ့ဟာ ဒီနေ့ပဲ” ဟု ဖော့ခ်မန်း တွေးလိုက်သည်။
စောစောပိုင်းက ပရာ့ဂ်မြို့မှ ဖုန်းဆက်လာသောအခါ စာမူအား ဖော့ခ်မန်း စတင်ဖတ်ရှုကာ တည်းဖြတ်နိုင်ရန်အတွက် ကတ်သရင်းသည် သူ၏ စကားဝှက်ကုဒ် ကို စိတ်လှုပ်ရှားစွာဖြင့် ပေးခဲ့လေသည်။ ဖော့ခ်မန်းလည်း ဒီည သူ၏ စာမူထဲသို့ စီးမျောဝင်ရောက်နိုင်ရန်နှင့် စနေ တနင်္ဂနွေ ရက်များတွင် အစမှ အဆုံးထိ ဖတ်ရှုနိုင်ရန်အတွက် အခြားအလုပ်များကို သူ့စားပွဲပေါ်မှ ချက်ချင်း ရှင်းလင်းခဲ့၏။ သို့သော် ယခုလျှင် သူ မျှော်လင့်စောင့်စားခဲ့ရသော စာဖတ်ရမည့် ညချမ်းအချိန်လေးသည် တီရှပ် ဝတ်ထားသော လုံခြုံရေး နည်းပညာရှင်လေး၏ စိတ်မသက်မသာဖြစ်စရာ သတင်းစကားကြောင့် အနှောင့်အယှက် ဖြစ်သွားခဲ့ရပေပြီ။
“ဘယ် အက်စ်ဗီဒက်ဗလျူကို ဝင်ကြည့်သွားတာလဲ” ဟု မေးသည့် ဖော့ခ်မန်း၏ လည်ချောင်းများပင် ခြောက်ကပ်သွားသည်။ “ဘယ်စာအုပ်လဲ”
ကောင်လေးက သူ့အိတ်ကပ်ထဲမှ စာရွက်ပိုင်းလေး တစ်ခုကို ဆွဲထုတ်ပြီး ဖြန့်လိုက်သည်။ “ကျွန်တော့်အထင်တော့ သင်္ချာ စာအုပ် တစ်အုပ်ဖြစ်မယ်ထင်တာပဲ”
အယ်ဒီတာကြီးသည် မျှော်လင့်ချက် ရောင်ခြည်သန်းလာကာ အနည်းငယ် တက်ကြွသွားသည်။
“ဒီမှာပါ” ဟု ပြောကာ အဲလက်စ်က မှတ်စုကို ဖတ်ပြလိုက်သည်။ “ခေါင်းစဉ်က... အက်စ်ယူအမ်တဲ့”
အယ်ဒီတာကြီး ချက်ချင်း ထိတ်လန့်သွားသည်။
“အသက်ရှူစမ်း ဂျိုနပ်စ်။ အသက်ရှူစမ်း”
‘အက်စ်ယူအမ်’ ဆိုသည်မှာ သင်္ချာစာအုပ် မဟုတ်။ ၎င်းသည် အတိုကောက် စကားလုံး ဖြစ်လေသည်။
၎င်း၏ အဓိပ္ပာယ်မှာ ‘ဆော်လမွန် - အမည်မပေးရသေးသော စာမူ’ ဖြစ်ပေသည်။
Review By Thet Paing Writes

💬 Comment / Review
Comment များကို ရယူနေပါသည်…