အခန်း ၃ ကောင်းမြတ်သော ဆရာတော်တစ်ပါးအတွက်

ခက်ခဲကြမ်းတမ်းသော သာသနာနယ်မြေ

ရထားလုံးကို စွန့်လွှတ်ကာ အလှူငွေအဖြစ် ပြောင်းလဲခဲ့သော်လည်း ဆရာတော်သည် သူ၏ သာသနာရေးခရီးစဉ်များကို ဆက်လက်သွားရောက်ခဲ့၏။ ဒိညမြို့ သာသနာပိုင်နယ်မြေသည် အလွန်ပင်ပန်းဆင်းရဲဖွယ်ကောင်းသော နေရာဖြစ်၏။ အစောပိုင်းက ကျွန်ုပ်တို့ တွေ့ခဲ့ရသည့်အတိုင်း ကုန်းလွင်ပြင် အလွန်နည်းပါးပြီး တောင်တန်းများ အလွန်များပြားကာ လမ်းပန်းဆက်သွယ်ရေးမှာလည်း မရှိသလောက် နီးနီးပင်။

သင်းအုပ်နယ် ၃၂ နယ်၊ လက်ထောက်ဘုန်းကြီးကျောင်း ၄၁ ကျောင်းနှင့် ဝတ်ပြုကျောင်းငယ် ၂၈၅ ကျောင်းမျှ ရှိသည်ဖြစ်ရာ ဤနေရာအားလုံးကို သွားရောက်လည်ပတ်ရန်ဆိုသည်မှာ အတော်လေး ကြီးမားသော တာဝန်တစ်ခုဖြစ်လေသည်။ ဆရာတော်သည် ယင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့၏။ သူသည် အနီးအနားရှိ နေရာများသို့ ခြေလျင်သွားပြီး လွင်ပြင်များတွင် လှည်းဖြင့်သွားကာ တောင်တန်းများပေါ်တွင်မူ မြည်းတစ်ကောင်ကို စီး၍သွားလေသည်။

အဘွားအိုနှစ်ဦးမှာလည်း သူ့နောက်မှ လိုက်ပါကြ၏။ ခရီးကြမ်းလွန်းသော အခါများတွင်မူ သူတစ်ဦးတည်းသာ သွားခဲ့ရလေသည်။

တစ်နေ့တွင် သူသည် ရှေးဟောင်း ဂိုဏ်းအုပ်ဘုန်းတော်ကြီးအုပ်ချုပ်ရာ မြို့တစ်မြို့ဖြစ်သော ဆီနက်ဇ် သို့ မြည်းတစ်ကောင်စီးလျက် ရောက်ရှိလာခဲ့သည်။ ထိုအချိန်က သူ၏ ငွေကြေးအခြေအနေမှာ အလွန်ခေါင်းပါးနေသဖြင့် ထို့ထက်ပို၍ ကောင်းမွန်သော သွားလာရေးစနစ်ကို မတတ်နိုင်ခဲ့ပေ။ မြို့တော်ဝန်သည် မြို့တံခါးဝမှနေ၍ လာရောက်ကြိုဆိုရာတွင် ဆရာတော် မြည်းပေါ်မှ ဆင်းလာသည်ကိုကြည့်ကာ အလွန်အံ့သြတုန်လှုပ်သွားခဲ့၏။

ဘေးနားရှိ မြို့ခံအချို့မှာ ရယ်မောနေကြလေသည်။ "မြို့တော်ဝန်ကြီးနှင့် လေးစားအပ်သော မြို့သူမြို့သားများ" ဟု ဆရာတော်က စကားစလိုက်သည်။ " ခင်ဗျားတို့ကို အံ့အားသင့်သွားစေမယ်ဆိုတာ ကျုပ် သိပါတယ်။

ခရစ်တော်စီးခဲ့တဲ့ မြည်းသတ္တဝါမျိုးကို စီးတာဟာ ဆင်းရဲတဲ့ ဘုန်းကြီးတစ်ပါးအတွက် အရမ်းကို မာနကြီးရာကျတယ်လို့ ခင်ဗျားတို့ တွေးနေကြလိမ့်မယ်။ ဒါပေမဲ့ အခုလို စီးနင်းလာရတာဟာ ကျုပ်ရဲ့ မာနကြောင့်မဟုတ်ဘဲ မတတ်သာတဲ့အဆုံး မရှိမဖြစ် လိုအပ်ချက်အရ စီးခဲ့ရတာပါလို့ ဝန်ခံပါရစေ" ဟု ပြောလိုက်လေသည်။

ထိုသို့ သွားရောက်လည်ပတ်ရာတွင် ဆရာတော်သည် ကြင်နာတတ်ပြီး နားလည်ခွင့်လွှတ်ပေးတတ်ကာ၊ တရားဟောသည်ထက် စကားစမြည်ပြောဆိုခြင်းကို ပိုမိုပြုလုပ်တတ်၏။ မည်သည့် ကိုယ်ကျင့်တရားကိုမျှ လက်လှမ်းမမီနိုင်သော အရာအဖြစ် သူ မသတ်မှတ်ခဲ့ပေ။ သူသည် မိမိ၏အယူအဆများကို သက်သေပြရန်အတွက် ဖြစ်စေ၊ စံနမူနာပြရန်အတွက် ဖြစ်စေ၊ အဝေးမှ သာဓကများကို မရှာဘဲ မိမိပတ်ဝန်းကျင်ရှိ အနီးနားက အရာများကိုသာ အခြေခံ၍ တင်ပြလေ့ရှိ၏။ ရွာတစ်ရွာမှ ဒေသခံများကို ပြောဆိုဆုံးမရာတွင် အိမ်နီးချင်းရွာမှ ဥပမာတစ်ခုကို ကိုးကားပြတတ်၏။

ခိုကိုးရာမဲ့သူများအပေါ် ရိုင်းစိုင်းစွာ ဆက်ဆံတတ်သော ဒေသများတွင် သူက "ဘရီယန်ဆွန် က လူတွေကို ကြည့်စမ်းပါ။ သူတို့က ဆင်းရဲသားတွေ၊ မုဆိုးမတွေနဲ့ မိဘမဲ့ကလေးတွေကို တခြားလူတွေထက် ၃ ရက်ကြိုပြီး သူတို့ရဲ့ မြက်ခင်းပြင်တွေကို ရိတ်သိမ်းခွင့် ပြုထားတယ်။ သူတို့အိမ်တွေ ပြိုကျပျက်စီးသွားတဲ့အခါ အခမဲ့ ပြန်ဆောက်ပေးကြတယ်။ ရလဒ်အနေနဲ့ အဲဒီနေရာဟာ ဘုရားသခင်ရဲ့ ကောင်းချီးပေးခြင်းခံရတဲ့ နေရာတစ်ခုဖြစ်လာတယ်။ ရာစုနှစ်တစ်ခုလုံးလုံးမှာ လူသတ်မှုကျူးလွန်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး" ဟု ပြောတတ်၏။

အမြတ်အစွန်းရှာရန်နှင့် ကောက်ပဲသီးနှံရိတ်သိမ်းရန်ကိုသာ အာရုံစိုက်လွန်းသော ရွာများတွင်မူ သူက "အမ်ဘရွန် က လူတွေကို ကြည့်ပါအုံး။ ရိတ်သိမ်းချိန်ရောက်နေပေမဲ့ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဖခင်ဟာ နေမကောင်းဖြစ်ပြီး အလုပ်မလုပ်နိုင်တော့ဘူး။ သူ့သားတွေကလဲ စစ်တပ်ထဲရောက်နေပြီး သမီးတွေကလဲ မြို့မှာ အလုပ်သွားလုပ်နေရတယ်ဆိုတော့ သင်းအုပ်ဘုန်းကြီးက အဲဒီလူအတွက် ဆုတောင်းပေးဖို့ ဘုရားကျောင်းတက်သူတွေကို တောင်းဆိုတယ်ကွဲ့။ ပြီးတော့ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲအပြီးမှာ ရွာထဲက ယောကျာ်း၊ မိန်းမ၊ ကလေး အားလုံးက အဲဒီဆင်းရဲသားရဲ့ လယ်ကွင်းထဲသွားပြီး သူ့အစား ဝင်ရိတ်သိမ်းပေးကြတယ်။ နောက်ပြီး ကောက်ရိုးတွေနဲ့ စပါးတွေကိုလဲ သူ့ စပါးကျီထဲကို သယ်လာပေးတတ်ကြတယ်" ဟု ဆုံးမ၏။

ငွေကြေးနှင့် အမွေအနှစ် ကိစ္စများကြောင့် စိတ်ဝမ်းကွဲနေကြသော မိသားစုများကိုမူ သူက "လွန်ခဲ့တဲ့ အနှစ် ၅၀ အတွင်း ညဉ့်ငှက်ရဲ့ အသံကို တစ်ခါမှ မကြားခဲ့ရလောက်အောင် အရိုင်းဆန်တဲ့ ဒေဗိုလွီ တောင်တန်းဒေသက လူတွေကို ကြည့်စမ်းပါ။ မိသားစုရဲ့ ဖခင်ကြီး သေဆုံးသွားတော့ သားယောကျာ်းလေးတွေက သူတို့ အစ်မ၊ နှမ မိန်းမသားတွေ ခင်ပွန်းကောင်းရစေဖို့အတွက် ပိုင်ဆိုင်မှုတွေကို ထားရစ်ခဲ့ပြီး ဥစ္စာအသစ်ရှာဖို့ ဟိုးအဝေးကို ထွက်သွားပြီး အနစ်နာခံကြတယ်" ဟု ဆို၏။

တရားရုံးသို့သွားရန် ဝန်မလေးတတ်ဘဲ တရားရေးဆိုင်ရာ စာရွက်စာတမ်းများအတွက် အခွန်အခများပေးဆောင်ရင်း မိမိကိုယ်ကို ဒုက္ခတွင်းနက်နက်တူးတတ်ကြသော လယ်သမားများရှိသည့် ဒေသများတွင်မူ သူက "ကွီရပ်စ် တောင်ကြားက တောသူတောင်သား အသိုင်းအဝိုင်းလေးကို ကြည့်ပါအုံး။ သူတို့ဆီမှာ လူဦးရေ ၃,၀၀၀ လောက်ရှိတယ်ဆိုတော့ ဘုရားရေ...

အဲဒီနေရာလေးဟာ သမ္မတနိုင်ငံလေးတစ်ခုနဲ့တောင် တူသေးတယ်။ တရားသူကြီးရော၊ တရားရုံးအရာရှိပါ အဲဒီမှာ မရှိဘူး။ မြို့တော်ဝန်ကပဲ အရာအားလုံးကို စီမံပေးတယ်။

အခွန်ငွေတွေကို ခွဲဝေတယ်၊ လူတိုင်းကို မျှမျှတတ အခွန်ကောက်တယ်၊ အငြင်းပွားမှုတွေကို အခမဲ့ ဖြေရှင်းပေးတယ်၊ ပိုင်ဆိုင်မှုတွေကို အခကြေးငွေမယူဘဲ ခွဲဝေပေးတယ်၊ အခမဲ့ တရားစီရင်ပေးတယ်။ ရိုးသားတဲ့သူတွေကြားမှာ မြို့ဝန်ဟာ လူကောင်းတစ်ယောက်ဖြစ်တဲ့အတွက် လူတိုင်းက သူ့စကားကို နားထောင်ကြတယ်" ဟု ပြောတတ်၏။

ကျောင်းဆရာ မရှိသော ရွာများတွင်လည်း သူက ကွီရပ်စ်ရှိ လူများအကြောင်းကိုပင် ထပ်မံကိုးကားတတ်၏။ "သူတို့ ဘာလုပ်ကြလဲ သိလား" ဟု သူက ပြော၏။ "အိမ်ခြေ ဆယ်ဂဏန်းလောက်ပဲရှိတဲ့ ရွာငယ်လေးတစ်ရွာက ကျောင်းဆရာတစ်ယောက်ကို အမြဲတမ်း မထောက်ပံ့နိုင်တဲ့အတွက် သူတို့မှာ ချိုင့်ဝှမ်းဒေသတစ်ခုလုံးကနေ စုပြီး လစာပေးထားတဲ့ ကျောင်းဆရာတွေ ရှိတယ်။

အဲဒီဆရာတွေက ရွာတွေကို လှည့်လည်သွားလာပြီး ဒီရွာမှာ ၁ ပတ်၊ ဟိုရွာမှာ ၁၀ ရက်နေပြီး စာသင်ပေးကြတယ်။ ဒီဆရာတွေကို ကျေးလက်ဈေးတွေမှာ တွေ့နိုင်တယ်၊ ကျုပ်ကိုယ်တိုင်လဲ တွေ့ခဲ့ဖူးတယ်။ သူတို့ရဲ့ ဦးထုပ်ကြိုးဝိုင်းမှာ ထိုးထားတဲ့ ငှက်မွေးကလောင်တံတွေကိုကြည့်ပြီး သူတို့ကို ခွဲခြားသိနိုင်တယ်။

စာဖတ်တာတစ်ခုတည်း သင်ပေးတဲ့သူတွေက ငှက်မွေးတစ်ချောင်း ထိုးထားတယ်။ စာဖတ်ခြင်းအပြင် သင်္ချာပါ သင်ပေးတဲ့သူတွေက နှစ်ချောင်းထိုးထားတယ်။ စာဖတ်ခြင်း၊ သင်္ချာနဲ့ လက်တင်ဘာသာစကားပါ သင်ပေးတဲ့သူတွေကတော့ သုံးချောင်းထိုးထားတယ်။

ပညာမတတ်တာ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ။ ကွီရပ်စ်က လူတွေ လုပ်သလိုမျိုး လိုက်လုပ်ကြစမ်းပါကွယ်"

ဤသည်မှာ သူစကားပြောဆိုသည့် ပုံစံပင်ဖြစ်၏။ သူသည် လေးလေးနက်နက်နှင့် ဖခင်တစ်ဦးကဲ့သို့ စကားပြောတတ်ကာ အပြင်မှ ဥပမာများ မရှိသောအခါ ကိုယ်ပိုင် ပုံပြင်များကိုပင် ဖန်တီး ပြောဆိုတတ်လေသည်။ စကားလှ ခပ်နည်းနည်း၊ ဥပမာ ခပ်များများဖြင့် လိုရင်းကို တိုက်ရိုက်ပြောဆိုတတ်ပြီး၊ ယင်းမှာ ယုံကြည်မှုအပြည့်နှင့် ဆွဲဆောင်မှုရှိသော ယေရှုခရစ်တော်၏ ဟောပြောပုံအတိုင်းပင် ဖြစ်လေသည်။

အပတ်စဥ် ကြဿပတေးနေ့