လူတန်းစားအသီးသီးမှ ပေါက်ဖွားလာကြသော လူတို့၏ စိတ်နေစိတ်ထားများ၊ ရုန်းကန်မှုများ၊ မျှော်လင့်ချက်များနှင့် အောင်မြင်မှု၊ ဆုံးရှုံးမှုများကို ကြယ်စင်များက ချီးကျူးခြင်းလည်းမပြု၊ တားဆီးခြင်းလည်းမပြုဘဲ အဝေးတစ်နေရာမှ ငြိမ်သက်စွာ ကြည့်ရှုနေကြသည်။ ဒါဟာ သဘာဝတရားရဲ့ တရားမျှတခြင်းလား…

A. J. Cronin အေဂျေကရိုနင်ဆိုတဲ့ နာမည်ဟာ ဘာသာပြန်ရသစာပေကောင်းတွေ ခံစားတတ်သူတိုင်းနဲ့ မစိမ်းလှတဲ့ ကလောင်တစ်ခုပါပဲ။ သူ့စာလက်ရာတွေကို ကျွန်တော်တို့ဟာ ဆရာမောင်ထွန်းသူတို့ ဆရာ ထင်လင်းတို့ရဲ့ ညက်ညောလှတဲ့ မြန်မာပြန်ဆိုမှုကတဆင့် လက်လှမ်းမီ ဖတ်ခွင့်ရခဲ့ကြတယ်။

အေဂျေကရိုနင်ရဲ့ လက်ရာတွေထဲမှာ ကျွန်တော် ပထမဆုံး စသိခွင့်ရခဲ့တာက ‘ရဲတိုက်’ ဆိုတဲ့ စာအုပ်။ အဲ့ဒီစာအုပ်အထူကြီးကို တစ်ခန်းမှ မပျင်းလိုက်ရဘဲ ထူးထွေဆန်းပြားတဲ့ ရသတွေနဲ့ စူးစူးနစ်နစ် ဖတ်ဖြစ်ခဲ့တယ်။ စာရေးဆရာက ဇာတ်ကောင်တွေရဲ့ စရိုက်ကို အသားပေးသရုပ်ဖော်ထားပုံ၊ ဇာတ်လမ်းဇာတ်ကွက် ဆင်ထားပုံတွေအပြင် သက်ဆိုင်ရာစနစ်နဲ့ လူ့အဖွဲ့အစည်းကို ဝေဖန်သုံးသပ်ပြထားတဲ့ အတွေးအခေါ်တွေကနေ ရသစာပေရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားခဲ့ရတယ်။

အခုတစ်ခါ ထပ်မံထိတွေ့ခွင့်ရခဲ့တာကတော့ ‘ကြယ်စင်များက ကြည့်နေသည်’။ လိုသလို ချုံ့ပြီး မြန်မာပြန်ထားတယ်ဆိုတာ ရေးပြမှသာ သိရတယ်။ ဇာတ်လမ်းရဲ့အရသာကို တကယ်မထိခိုက်ဘူးဆိုတာ ဖတ်ပြီးသူတစ်ယောက်အနေနဲ့ အာမခံနိုင်ပါတယ်ခင်ဗျာ။

ဒီဝတ္ထုဟာ ပထမကမ္ဘာစစ်မဖြစ်ခင် ၂၀ ရာစုအစောပိုင်းကာလကနေ စတင်ပြီး တောင်ပိုင်း ဝေလပြည်နယ်အတွင်းရှိ ကျောက်မီးသွေးတွင်းတွေက အလုပ်သမားများရဲ့ဘဝကို နောက်ခံယူထားတယ်။ ဇာတ်လမ်းက စစ်မတိုင်မီကာလ၊ စစ်ကာလနဲ့ စစ်ပြီးကာလတွေကို ဖြတ်သန်းသွားရင်း အင်္ဂလန်လူ့အဖွဲ့အစည်းရဲ့ လူတန်းစားကွာဟမှု၊ အဖက်ဖက်က နိမ့်ကျနေတဲ့အလုပ်သမားတွေရဲ့ ဘဝ၊ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေကို တစ်ခန်းတစ်ခန်းချင်းစီ ရုပ်လုံးဖော်ပြသွားတယ်။

အခုဝတ္ထုရဲ့ အဓိကဇာတ်ဆရာကတော့ စလီစကေးဆိုတဲ့ ကျောက်မီးသွေးတွင်းကြီး လို့ပြောရမှာပါပဲ။ တနယ်တည်းနေ၊ တရေတည်းသောက်ကြတဲ့ လူတွေဟာ အဲဒီတွင်းကြီးနဲ့ ကင်းတဲ့သူမရှိသလို တွင်းကြီးရဲ့ ရိုက်ခတ်မှုကို အနည်းနဲ့အများ ခံစားကြရတယ်။ တွင်းပိုင်ရှင်တွေသာတစ်နေ့ထက်တစ်နေ့ ချမ်းသာကြွယ်ဝလာကြပေမယ့် အလုပ်သမားတွေရဲ့ဘဝကတော့ ပိုလို့တောင် ချွတ်ခြုံကျလာရတယ်။ ဒီလိုတွေကနေ လှုံ့ဆော်မှုအားကောင်းကောင်းနဲ့ လူတန်းစားတိုက်ပွဲတွေ ပေါ်ပေါက်လာရတော့တယ်။

တိုက်ပွဲတွေမှာ စိတ်ဝင်စားစရာကောင်းတာကတော့ လူအမျိုးမျိုးရဲ့ စရိုက်အမျိုးမျိုးနဲ့ တုံ့ပြန်ပုံအမျိုးမျိုးပါ။ အရင်းရှင်လူတန်းစားရဲ့ စံပြပုံစံ သရုပ်မှန်ကို ဇာတ်ကောင် တွင်းပိုင်ရှင် သူဌေး ရစ်ချတ်ဘားရပ်စ်မှာ တွေ့နိုင်သလို အလုပ်သမားအောက်ခြေလူတန်းစားတွေရဲ့ဘဝ အခြေအနေကိုတော့ ဖင်းဝစ်မိသားစုမှာ မြင်တွေ့ရပါလိမ့်မယ်။

ဖင်းဝစ်မိသားစုရဲ့ အိမ်ထောင်ဦးစီး ရောဘတ်ဖင်းဝစ် ၊ သူဟာ စံပြအလုပ်သမားကောင်းတစ်ယောက်ဖြစ်ပြီး တွင်းကအလုပ်သမားတွေသာမက တစ်မြို့လုံးက လူတွေကပါ သူ့ရဲ့ အကျင့်စာရိတ္တနဲ့ အရည်အချင်းတွေကို လေးစားအသိအမှတ်ပြုကြတယ်။ ဦးဆောင်တတ်တဲ့အရည်အချင်း၊ ရိုးဖြောင့်ပြီး မတရားတာတွေဆို ငုံ့မခံတတ်တာ၊ ကိုယ့်အလုပ်မှာ ကျွမ်းကျင်ပြီး စေတနာပါတာတွေက သူ့သားသမီးတွေအပေါ် ပေးနိုင်ခဲ့တဲ့ အကောင်းဆုံးအမွေတွေပါပဲ။ ဒီအမွေကို သားဖြစ်သူ ဒေးဗစ်ဖင်းဝစ် က အပြည့်အဝ ဆက်ခံထားတာကို ဇာတ်လမ်းတစ်လျှောက် တွေ့ရလိမ့်မယ်။

သူ့သားသုံးယောက်။ ဘောလုံးဝါသနာအိုး ဟူးဂီး၊ အမေချစ်သား ဆင်မီ၊ ဖခင်သွေးကို အပြည့်အဝရထားတဲ့ ဒေးဗစ်။ သားတွေရဲ့အမေ မာသာကတော့ ဇာတိမာန်ပြင်းပြီး အိမ်ထောင်ရှင်မိန်းမကောင်း ပီသတယ်။ ကျောက်မီးသွေးတွင်းအလုပ်သမားဆိုတဲ့ ဂုဏ်ကို ရွှေငွေစည်းစိမ်အာဏာအားလုံးထက် တန်ဖိုးထားသူလည်း ဖြစ်တယ်။

စိတ်မကောင်းစရာကတော့ သားတွေအားလုံးက ကျောက်မီးသွေးတွင်းအလုပ်ကို မလုပ်ချင်ကြဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်ဖို့လမ်းကိုယ်စီ ရှာနေကြတယ်။

အဲ့ဒီအထဲမှာ ဒေးဗစ်ဖင်းဝစ် ရဲ့ ဘဝရည်မှန်းချက်က အခြားသူတွေနဲ့ မတူဘူး။ သူရည်ရွယ်တာက သူ့လိုဘဝတူတွေ၊ လောကကြီးထဲက ဆင်းရဲသားအောက်ခြေလူတန်းစားတွေ ကောင်းစားဖို့အရေး တိုက်ပွဲဝင်ဖို့ပဲ။ အဲ့ဒီဆန္ဒဟာ လောကဓံလှိုင်းတွေနဲ့ အရိုက်ပုတ်ခံရတိုင်း ပိုပိုသန်မာလာခဲ့တယ်။ သူဟာ ဒီဝတ္ထုထဲက ဆိုရှယ်လစ်ဝါဒရဲ့ စံပြအယူအဆကို ကိုယ်စားပြုတဲ့ ဇာတ်ကောင်တစ်ယောက် လို့လည်း မြင်နိုင်တယ်။

ဒေးဗစ်နဲ့ လုံးလုံးဆန့်ကျင်နေသလို ခံစားရစေမှာက ဇာတ်ကောင် ဂျိုးဂိုလန်။ ဂျိုးဂိုလန် ဆိုသည်မှာ ခေတ်ပျက်ကြီးထဲက အခွင့်အရေးသမား။ ခေတ်ကြီးပျက်လေ၊ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေဆိုတာ ဂျိုးပဲ။ သူ့ရဲ့ အဓိကရည်ရွယ်ချက်က လူတွေရဲ့ ဒုက္ခကို ဖြေရှင်းဖို့မဟုတ်ဘဲ အဲဒီဒုက္ခထဲကနေ ကိုယ့်အတွက် အမြတ်ဘယ်လိုယူတတ်ရမလဲ ဆိုတာမျိုး။

ဒေးဗစ်ရဲ့ ဆန္ဒက ဆင်းရဲသားခြေနင်းပြားတွေကို ကယ်တင်ဖို့ဆိုရင် ဂျိုးရဲ့ အကြံအစည်ကတော့ လူတိုင်းဆီက ကောင်းနိုးရာရာတွေကို အချောင်ယူပြီး ကိုယ်ကျိုးအတွက် အသုံးချနိုင်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ ဇာတ်ကောင်တွေကို အကောင်းနဲ့အဆိုးဆိုပြီး အိပ်ရာဝင်ပုံပြင်တွေလို ရိုးရိုးရှင်းရှင်း နှစ်ပိုင်းခွဲထားတာတော့ မဟုတ်ဘူး။ ဇာတ်ကောင်တော်တော်များများရဲ့ စရိုက်ကို စာရေးဆရာက ပုံဖော်ရာမှာ နိုင်နိုင်နင်းနင်းနဲ့ ဒီနာမည်ကို မြင်တာနဲ့ နှစ်ခါပြန်မစဉ်းစားထိလောက်အောင် စာလုံးတွေနဲ့ စာဖတ်သူကို ညင်ညင်သာသာ ဆွဲခေါ်သွားတယ်။ ဇာတ်ကောင်တွေကလည်း ကျရာဇာတ်ရုပ်ကို အပိုအလိုမရှိ တကယ့်မျက်စိရှေ့ သက်ဝင်လှုပ်ရှားနေသယောင်။

အကြောင်းတရားတွေ၊ ပတ်ဝန်းကျင် အခြေအနေတွေနဲ့ ဖိအားတွေကြောင့် ဒီလူတွေမှာ ဒီလိုစိတ်ဓာတ်အခြေခံတွေ ဖြစ်တည်လာရပါလား၊ လူတစ်ယောက်ဟာ သူကြုံတွေ့ရတဲ့အခြေအနေတွေရဲ့ စုပေါင်းရလဒ် ဖြစ်နိုင်ပါလားဆိုတဲ့ ခံစားချက်ကို ဖတ်ရင်း သတိပြုမိစေတယ်။

ဒေးဗစ်နဲ့ ဂျိုး အပြင် အရေးပါပြီး မှန်းရခက်တဲ့ ဇာတ်ကောင်တစ်ယောက်လည်း ရှိသေးတယ်။ သူကတော့ တွင်းပိုင်ရှင် ရစ်ချတ်ဘားရပ်စ်ရဲ့ သားကြီး ဩရသ အာသာ ဘားရပ်စ်။ သူဟာလည်း ဒီဝတ္ထုရဲ့ ချိန်ခွင်လျှာလို့ဆိုနိုင်တယ်။

အာသာဟာ စစ်ဆန့်ကျင်ရေးသမားတစ်ယောက်ဖြစ်သလို ကွန်ဆာဗေးတစ်ဖခင်ရဲ့ ချုပ်ကိုင်မှုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တွန်းလှန်နေသူလည်း ဖြစ်တယ်။ သူလည်း ဆိုရှယ်လစ်ဝါဒကို နှစ်သက်တဲ့သူပဲ။ ဒါပေမဲ့ စိတ်ကူးယဉ်ဝါဒီသမား အာသာက တကယ်တမ်း သူ့လက်ထဲမှာ ရာထူးနဲ့အာဏာကို အသင့်ရလာတဲ့အခါမှာ သူ့ခံယူချက်တွေက မပြတ်သားတော့ဘူး။

အလုပ်သမားတွေရဲ့ ဘေးကင်းလုံခြုံရေး ကိုရှေ့တန်းတင်ခဲ့ပြီးစေတနာထားခဲ့ပေမယ့် အလုပ်သမားတွေအတွက်ကတော့ သူက ခေါင်းပုံဖြတ်၊ဖိနှိပ်တဲ့ အလုပ်ရှင်တစ်ယောက် အဖြစ်နဲ့သာ လမ်းဆုံးနေခဲ့တယ်။ သူ့ခံယူချက်အတွက်ဆို စွန့်စားရဲခဲ့တာပဲ။ ဒါပေမဲ့ ဘာကြောင့်များ နာမည်ကောင်းမရတာလဲ။

ဟီးရိုးနဲ့ ဗီလိန်ကို နှိုင်းယှဉ်ပြရတာမျိုးက လွယ်ပါတယ်။ အာသာနဲ့ ဒေးဗစ်ကို ယှဉ်ကြည့်ရင်တော့ ဘယ်သူက ပိုသာသလဲဆိုပြီး ပြောဖို့ ခက်လိမ့်မယ်။ ခံယူချက်နဲ့ လက်တွေ့လုပ်ဆောင်ချက် ကြားက ‘အဟ’ က လူ့ဘဝမှာ ဘယ်လောက် ထိကြီးမားပြီး ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကို အာသာနဲ့ ဒေးဗစ် ဇာတ်ကောင်တွေကတဆင့် စာရေးဆရာက မီးမောင်းထိုးပြလိုက်တာပါပဲ။ ဒေးဗစ်လို လူတွေချည်းပဲမဟုတ်ဘဲ အာသာလို လူတွေလည်း လောကမှာ ရှိနေသေးပါလားဆိုတာကို သတိချပ်ရမယ့် အချက်ပါပဲ။

အေဂျေကရိုနင်ရဲ့ ဒီဝတ္ထုမှာ လူတန်းစားအစုံပါသလို ခေတ်ကို ထင်ဟပ်နေတဲ့ ပုံရိပ်တွေနဲ့ လှုပ်ရှားမှုတွေကလည်း အပြည့်။ ကမ္ဘာစစ်မတိုင်မီ၊ ကမ္ဘာစစ်အတွင်း၊ ကမ္ဘာစစ်အပြီးကာလတွေမှာ အင်္ဂလန်ရဲ့ လူနေမှုအဆင့်အတန်း၊ စီးပွားရေးအခြေအနေ၊ စက်မှုလက်မှုလုပ်ငန်းတွေ၊ အခွင့်အရေးအတွက် တိုက်ပွဲဝင်လှုပ်ရှားမှုတွေကို ဇာတ်ကောင်တွေရဲ့ ဘဝကနေတစ်ဆင့် ခေတ်ရဲ့ပုံရိပ်များ အဖြစ် ရုပ်လုံးဖော်ပြထားတယ်။ ဇာတ်ကောင်တစ်ကောင်ချင်းစီက ခေတ်ကို ကိုယ်စားပြုနေကြတဲ့ ပြကွက်တွေအလား ကျကျနန တင်ဆက်ထားတယ်။

အမျိုးသားရေးကို ဗန်းပြကြွေးကြော်ပြီး စစ်ကြီးကနေ အမြတ်ထုတ်ကြီးပွါးသွားကြတဲ့ ဝိသမလောဘသားတွေ၊ လေကြီးလေကျယ်တွေပြောပြီး မဲလိမ်ယူ အထက်ရောက်ဖို့ဆို ချနင်းဖို့ဝန်မလေးကြတဲ့ အာဏာကို ငမ်းငမ်းတက်လိုချင်တဲ့ နိုင်ငံရေးသမားတွေ၊ အမှန်အကန်တွေ လုပ်ပြီး နိုင်ငံအတွက် ပေးဆပ်တဲ့သူတွေမှာတော့ နေရာမရ၊ လူမသိသူမသိနဲ့ အဆုံးသတ်သွားရတာတွေ၊ ဂုဏ်၊အာဏာ၊ဥစ္စာ စတာတွေနောက်ကိုလိုက်ရင်း ဘဝပျက် ချွတ်ခြုံကျရသူတွေ…။အားလုံးဟာ ခေတ်တစ်ခေတ်၊ ကာလတစ်ခုရဲ့ ရုပ်ပုံလွှာအဖြစ် လူသားဆန်စွာ ပါဝင်ကပြလို့နေတယ်။

လူတန်းစားကွာဟမှုနဲ့ ပတ်သက်လို့ အထက်တန်းစားတွေက ဟော်တယ်တက်လိုက်၊ ကလပ်တက်လိုက်၊ မြင်းပွဲလောင်းလိုက်လုပ်နေတဲ့အချိန်မှာ အောက်ခြေလူတန်းစားတွေမှာတော့ နပ်မှန်အောင် မစားရဘူး။ စားတဲ့အနပ်မှာ အသားတစ်ဖတ်ပါဖို့ကိုတောင် ခါးကျိုးမတတ် လုပ်ရတယ်။ ဒီလို အဆမတန် ကွာဟလွန်းနေတဲ့ လောကကို ဖန်တီးထားတာက စနစ်ဆိုးတစ်ခုတည်းကြောင့်ဆိုတာထက် အဲ့ဒီစနစ်ကို လက်တွေ့ ကျင့်သုံးနေကြတဲ့ သူလိုကိုယ်လိုလူသားတွေရဲ့ ရွေးချယ်မှုလေးတွေ ပေါင်းစည်းလိုက်တဲ့ ရလဒ်ကသာ တရားခံပါလို့ စာရေးဆရာက လူရှေ့ထွက်မပြောလိုက်ရုံတမည်ပါပဲ။

အေဂျေကရိုနင် တင်ဆက်သွားတဲ့ ဒီဝတ္ထုကြီးက ခမ်းနားပြီး တွေးစရာတွေ အများကြီး ချန်သွားတယ်။ စနစ်ကြီးကို ပြောင်းလဲဖို့ ကောင်းမွန်တဲ့လမ်းစဉ်၊ အယူဝါဒတစ်ခုကို လက်ကိုင်ထားရုံနဲ့ ပြီးပြီလား။ အောင်မြင်ဖို့၊ အနိုင်ရဖို့၊ တကယ်ပြောင်းလဲနိုင်ဖို့ ငါတို့ဘာတွေ ထပ်လိုအပ်နေသေးလဲ။အင်္ဂလန်နိုင်ငံရဲ့ လုပ်သားထုဘဝက ဘယ်လိုမျိုးလဲ။ ကိုယ်ချင်းစာနာမှုနဲ့ လူသားဆန်မှုကို စာရေးဆရာက ဇာတ်ကောင်တွေမှာ ဘယ်လိုပုံဖော်သလဲ။

ဒေးဗစ်ဖင်းဝစ်ရဲ့ လူတန်းစားတိုက်ပွဲ၊ အာသာရဲ့ အဇ္စျတ္တတိုက်ပွဲ၊ ဂျိုးဂိုလန်ရဲ့ အဆုံးမသတ်နိုင်တဲ့ လောဘတွေဟာ ဒီစာအုပ်ရဲ့ အဓိက အင်္ဂါအစိတ်အပိုင်းတွေ။ တချို့ဇာတ်ကောင်တွေကိုတော့ စာရေးဆရာက ကံကံ၏အကျိုးနဲ့ စီရင်ထားတယ်။ ဒါပေမဲ့ ဒေးဗစ်ဖင်းဝစ်၊ အာသာဘားရပ်စ်နဲ့ ဂျိုးဂိုလန်တို့လို ဇာတ်ကောင်တွေကိုတော့ စာရေးဆရာက သူတို့ရဲ့ ရွေးချယ်မှုတွေနဲ့အတူ လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ပေးထားလိုက်တဲ့ ခံစားချက်မျိုးရတယ်။

A. J. Cronin ကို Charles Dickens နဲ့ နှိုင်းပြီးပြောတတ်ကြတာ မလွန်ဘူးလို့မြင်ပါတယ်။ လူတန်းစားကွာဟမှု၊ ဆင်းရဲနွမ်းပါးမှု၊ တရားမျှတခြင်း ကင်းမဲ့တာတွေကို လူသားသဘာဝ ကနေ မသွေဖည်သွားဘဲ ဇာတ်ကောင်ပေါင်းစုံကနေတစ်ဆင့် ရုပ်လုံးဖော်ပြနိုင်တဲ့ စွမ်းရည်၊ မြေပြင်အခြေအနေကို ဖတ်ရသူတိုင်း ရသမြောက်အောင် စာပန်းချီခြယ်တဲ့နေရာမှာ သူမတူတဲ့ စွမ်းရည်တွေက သွားဆင်တူနေတယ်။

ဇာတ်ကောင်တွေရဲ့ character development နဲ့ moral growth ကို အလေးထားဖတ်ရတာကြိုက်တဲ့သူတွေအတွက်တော့ ဒီဝတ္ထုထဲမှာ coming-of-age ရသကို လူမှုရေးနဲ့ နိုင်ငံရေးအကြောင်းအရာတွေနဲ့ ရောစပ်ပြီး ခံစားဖတ်ရှုနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီစာအုပ်ရဲ့ အနှစ်သာရကို coming-of-age တစ်ခုတည်းနဲ့တော့ သတ်မှတ်လိုက်ရုံနဲ့ လုံလောက်မှာမဟုတ်ပါဘူး။ လူတန်းစားတိုက်ပွဲ၊ ဝါဒတိုက်ပွဲ၊ နိုင်ငံရေးနဲ့ လူသားသဘာဝတို့ကို တစ်ပြိုင်နက်တည်း ထမ်းပိုးထားတဲ့ social novel ကြီးတစ်အုပ် အဖြစ် နှစ်ပေါင်းများစွာ နေရာယူထားခဲ့တဲ့နာမည်ကျော် စာအုပ်ဖြစ်ပါတယ်။

A. J. Cronin ရဲ့ အပြောင်မြောက်ဆုံးလက်ရာတွေထဲက တစ်အုပ်အဖြစ် သတ်မှတ်ခံရတဲ့၊ ကျောက်မီးသွေးတွင်းသမားတွေရဲ့ ဘဝနဲ့ နယ်မြို့လေးတစ်မြို့ထဲက ပါဝင်လှုပ်ရှားနေတဲ့ ဇာတ်ကောင်ပေါင်းစုံကို ဆေးရောင်စုံခြယ်ပိတ်ကားကြီးတစ်ချပ်လို ခင်းကျင်းပြထားတဲ့ ဒီဝတ္ထုကြီးကို ကိုယ်တိုင်သာ ခံစားကြည့်လိုက်ပါတော့ခင်ဗျာ။

သေချာတာတစ်ခုကတော့ လူသားတွေ ကောင်းစားဖို့အရေး ကြိုးပမ်းပြီး အခွင့်အရေးကို ဇွဲမလျှော့စတမ်း စောင့်နေတဲ့ ဒေးဗစ်ဖင်းဝစ်လို ဇာတ်ကောင်တွေ အပြင်လောကမှာ ခေတ်တိုင်း ရှိနေကြမှာပါပဲ။ သူတို့ဟာ သူတို့ပန်းတိုင် မရောက်မချင်း ကိုယ်ကျိုးစွန့်ပြီး တိုက်ပွဲဝင်နေကြဦးမှာကလည်း အသေအချာပါ။

အခုကျွန်တော်တို့ စံစားနေရတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ ရပိုင်ခွင့်တွေဆိုတာဟာလည်း သူတို့လို လူသားတွေရဲ့ ကြီးမြတ်တဲ့ အားထုတ်မှုတွေကြောင့် ဖြစ်ပေါ်လာခဲ့တယ်ဆိုတာသည် ငြင်းမရတဲ့ အမှန်တရားဖြစ်ကြောင်းပြောရင်း နောက်မဆုတ်တမ်း ခိုင်မာတဲ့စိတ်ဓာတ်သတ္တိနဲ့ တိုက်ပွဲဝင်ခဲ့၊ တိုက်ပွဲဝင်ဆဲ၊ တိုက်ပွဲဝင်လတ္တံ့သော ခေတ်ဝန်ကိုထမ်းသော သူရဲကောင်းမြောက်များစွာတို့ကိုလည်း ဦးညွှတ်ဂါရဝပြုလိုက်ရပါတယ်ခင်ဗျာ။

📚 ကြယ်စင်များက ကြည့်နေသည်

✍️ မောင်ထွန်းသူ

📘 The Stars Look Down — A. J. Cronin

Read more book reviews at FB page:

https://www.facebook.com/share/196eamBBs6/?mibextid=wwXIfr

#TheStarsLookDown #AJCronin #bookreview #youthsbookreflections #မောင်ထွန်းသူ #ကြယ်စင်များကကြည့်နေသည် #BookReviews #BookTok #Literature #LiteraryFiction