ရဲမြလွင် (သို့မဟုတ်) ဂျပန်ရသစာပေကို မိတ်ဆက်ပေးသူ
မြန်မာစာပေလောကမှာ ဘာသာပြန်စာပေတွေကို အင်္ဂလိပ်ဘာသာကသာ အများဆုံး တိုက်ရိုက်ပြန်ဆိုလေ့ရှိပြီး တခြား ဘာသာတွေကနေ ပြန်ဆိုတာတွေ နည်းပါတယ်။ အဲဒီလို တခြားဘာသာတွေကနေ ဘာသာပြန်ဆိုသူ နည်းပါးတဲ့ အထဲကမှ ဂျပန်စာပေလက်ရာကောင်းတွေနဲ့ မြန်မာစာဖတ်ပရိတ်သတ်ကို အများဆုံး မိတ်ဆက်ပေးခဲ့သူကတော့ ဆရာရဲမြလွင်ပါ။
ဂျပန်စာပေလက်ရာကောင်းတွေထဲက ဆရာရဲမြလွင် ပထမဆုံး မိတ်ဆက်ပေးခဲ့တဲ့စာအုပ်ကတော့ ဘော့ကျန် ပါ။ ဆရာရဲမြလွင်ဟာ ဂျပန်စာရေးဆရာ နာစူမဲ့ဆောဆဲကီရဲ့ ဘော့ကျန်စာအုပ်ကို ပထမဆုံးဘာသာပြန်ပြီး စာရေးဆရာအဖြစ် နာမည်ရလာတာပါ။
ဒီစာအုပ်ဟာ ရိုးသားတဲ့ လူသားဆန်တဲ့ ကျောင်းဆရာတစ်ယောက်ဟာ ရှုပ်ထွေးတဲ့လောကကြီးနဲ့ တွေ့ကြုံရပုံတွေကို ရေးသားထားတဲ့စာအုပ် ဖြစ်ပါတယ်။ ဘော့ကျန်ဟာ ဂျပန်နိုင်ငံမှာ စာအုပ်အဖြစ်သာမကပဲ ရုပ်ရှင်အဖြစ်လည်း အောင်မြင်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဘော့ကျန်ဘာသာပြန်စာအုပ်နဲ့ပဲ ဆရာရဲမြလွင်ဟာ အမျိုးသားစာပေဆုကို ရရှိခဲ့ပါတယ်။
ဘော့ကျန်ဟာ ဘယ်အချိန်ဖတ်ဖတ် စာပေအရသာအသစ် တမျိုးမျိုးကို ပေးစွမ်းနိုင်တဲ့အတွက် မြန်မာစာဖတ်ပရိတ်သတ်တွေ ကြိုက်နှစ်သက်ကြတာဖြစ်တယ်လို့ ဘာသာပြန်ဆရာက ပြောပါတယ်။ ဂျပန်နိုင်ငံမှာလည်း နှစ်ပေါင်း ၁၀၀ ကျော်ကြာတဲ့အထိ အောင်မြင်ခဲ့ရတာဟာ စာပေအဆင့်အတန်းနဲ့ဆိုင်တယ်လို့ ဆရာရဲမြင်လွင်က ပြောပါတယ်။
မူရင်းစာရေးဆရာ နာစူမဲ့ဆောဆဲကီသာ မရှိရင် ဂျပန်နိုင်ငံရဲ့စာပေအဆင့်အတန်းဟာ အခုလောက်ထိမြင့်မှာ မဟုတ်ပဲ သူဟာ ဂျပန်နိုင်ငံရဲ့ သခင်ကိုယ်တော်မှိုင်းဖြစ်တယ်လို့လည်း ပြောပါတယ်။
နောက်ထပ် စာအုပ်တစ်အုပ်ကလည်း စာအုပ်အဖြစ်သာမကဘဲ ရုပ်ရှင်အဖြစ်နဲ့ပါ ထင်ရှားအောင်မြင်ခဲ့တဲ့ ဗမာ့စောင်း စာအုပ်ဖြစ်ပါတယ်။ ဒုတိယကမာ္ဘစစ်အတွင်းက မြန်မာလူမျိုးနဲ့ ရုပ်ချင်းတူပြီး မြန်မာ့စောင်းကိုလည်း ကျွမ်းကျင်စွာ တီးခတ်နိုင်တဲ့ ဂျပန်စစ်သားတစ်ယောက်ပါဝင်တဲ့ ဂျပန်စစ်တပ်တစ်စုကို ဇာတ်အိမ်ဖွဲ့ပြီး ရေးသားထားပါ။ စစ်အတွင်းမှာ သေဆုံးခဲ့တဲ့ ဂျပန်စစ်သားတွေကို ကောင်းမွန်စွာ သဂြိုလ်ဖို့အတွက် ဗုဒ္ဓဘာသာရဟန်းအဖြစ် ပြောင်းလဲပြီး မြန်မာနိုင်ငံမှာ ချန်နေခဲ့တဲ့ ဂျပန်စစ်သားတစ်ယောက်အကြောင်း ရေးသားထားတာဖြစ်ပါတယ်။
ဆရာရဲမြလွင်ဟာ ဒီစာအုပ်ကို ဇာတ်လမ်းရိုက်ကူးထားတဲ့ Burmese Harp ကို မြန်မာနိုင်ငံမှာပြဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။
“ အရင်တုန်းက ဆရာဂျပန်သံရုံးမှာ အလုပ်လုပ်တုန်းက Burmese Harp ကိုပြဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် ဆရာတို့ ဗမာပြည်ဗုဒ္ဓဘာသာက ထေရဝါဒဆိုတော့ ဘုန်းကြီးတွေစောင်းတီးတာတို့ ကြက်တူရွေး ပခုံးပေါ်တင်ပြီး လျှောက်သွားတာ တို့ကို ခွင့်မပြုဘူး။ ခွင့်မပြုတော့ ပြခွင့်မရဘူး။ ဒါပေမယ့် မြန်မာ့စောင်းဆိုတဲ့ ဝတ္ထုကျတော့ တစ်ကမာ္ဘလုံးက ကြိုက်တယ်။ ကြိုက်လွန်းအားကြီးလို့ သူ့ကိုယူနက်စကိုက ဆုပေးခဲ့တယ်။ နောက်ပြီး သူတို့အထက်တန်းကျောင်းမှာ ပြဌာန်းစာအုပ် အဖြစ် ဖတ်ခဲ့ရတော့ ဂျပန်တိုင်းက ဒီစာအုပ်အကြောင်းကိုသိတယ် “ဆရာရဲမြလွင်ဟာ ဒီရုပ်ရှင်ကို မြန်မာပြည်သူတွေကို အရမ်းကြည့်စေချင်ပေမယ့် မအောင်မြင်တဲ့အတွက် ရုပ်ရှင်လိုပဲ ဇာတ်ရုပ် ဇာတ်ကွက်တွေပါတဲ့ ရုပ်ပြစာအုပ်ကို ထုတ်ဝေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
မြန်မာ့ယဉ်ကျေးမှုနဲ့ မသင့်တော်တဲ့အတွက် အခန်းတော်တော်များများကို ဆင်ဆာဖြတ်ပြီးမှ ထုတ်ဝေခွင့်ရခဲ့တဲ့ စာအုပ်ကတော့ ဂျပန်စာရေးဆရာ မူရကာမိဟာရုကီ ရဲ့ Norwegian Wood ကို ဘာသာပြန်ထားတဲ့ နော်ဝေပြည်မှစုံတောမြိုင် ဆိုတဲ့စာအုပ်ပါ။ ဒီစာအုပ်ကို ဆရာရဲမြလွင်က ဂျပန်ဘာသာကနေ တိုက်ရိုက်ပြန်ဆိုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ တခြားစာရေးဆရာတစ်ဦးက အင်္ဂလိပ်ဘာသာကနေ တဆင့်ပြန်ဆိုပြီး ထုတ်ဝေထားပါသေးတယ်။
ဆရာရဲမြလွင်ဟာ ဆောဆဲကီရဲ့ စာပေလက်ရာတွေကိုသာ ဘာသာပြန်တော့မယ်လို့ ရည်မှန်းခဲ့ပေမယ့် နောက်ပိုင်းမှာ တခြားစာရေးဆရာတွေရဲ့ စာအုပ်တွေကိုလည်း ကြိုက်နှစ်သက်ပြီး ဘာသာပြန်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ “ဆရာ ပထမဆုံး ပြန်ဖြစ်တာက ဘော့ကျန်။ ပြီးတော့ မဟူရာနှလုံးသား။ ဂျပန်စာပေမှာ နာစူမဲ့ဆောဆဲကီရယ် ဘော့ကျန်ရယ် မဟူရာနှလုံးသားရယ် မရှိရင် မပြည့်စုံဘူးတဲ့။ နောက်တစ်ခု တိုကျိုတက္ကသိုလ်ကျောင်းသားတွေရဲ့ဘဝ။ ဆရာကတော့ တတ်နိုင်ရင် လက်လှမ်းမီသလောက် ဒီစာရေးဆရာကြီးရဲ့စာအုပ်တွေကို ဘာသာပြန်သွားမယ်လို့ စိတ်ကူးထားတယ်” နောက်ထပ်ပြန်ဖြစ်တဲ့ စာအုပ်တွေလည်းရှိပြီး ဘာသာပြန်နေတုန်းစာအုပ်တွေလည်း ရှိတယ်လို့ ပြောပါတယ်။
ထူးခြားတဲ့စာအုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဆရာရဲမြလွင်က ပြောပြခဲ့ပါတယ်။ စာအုပ်ဆိုင်မှာထက် ထောင်ထဲမှာ နာမည်ကြီးတဲ့စာအုပ်ကတော့ ပြေးလေဦးတော့ အလကားမတ်တင်းလူ ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ အလွန်ဆိုးရွားတဲ့ဘဝမှာ ကျင်လည်ရပေမယ့် နှလုံးသားဖြူစင်ပြီး ဒုက္ခတွေကို ရင်ဆိုင်ခဲ့ရပုံအကြောင်း ရေးဖွဲ့ထားတာပါ။
နောက်တစ်အုပ်ကတော့ စုပုံချစ်နဲ့ကျွန်တော် ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ “ဒီစာအုပ်က ဘယ်လိုရေးဖြစ်လဲဆိုတော့ ခြေမစုံ လက်မစုံ ကျွန်တော့ဘဝ အတွေ့အကြုံ ဆိုတဲ့ ဂျပန်စာအုပ်လေးကို ဘာသာပြန်ပြီးတော့ စုပုံချစ်ရဲ့အမေက ဆရာရေးတဲ့ စာအုပ်က ကျမသမီးလေးကိုလာပြီးရေးနေသလိုပဲ ကျမတို့အိမ်လာလည်ပါဦး ဆိုပြီး ဆရာသွားလည်ရင်းနဲ့ ဒီကလေးမလေးအကြောင်းကို ဆရာရေးတယ်။
သူလည်းအခုဟာ အောင်မြင်နေပါပြီ။ မိဘနဲ့သားသမီးအကြား စစ်မှန်တဲ့မေတ္တာတရားကိုပြပြီး မှန်ကန်တဲ့ဆုံးမနည်းနဲ့ ဆုံးမသင့်ကြောင်း ရေးသားထားတဲ့ ရက် ၂၀၀ စစ်ပွဲကလည်း ထူးခြားတဲ့စာအုပ်ဖြစ်တယ်လို့ ပြောပါတယ်။ ဆရာရဲမြလွင်ရဲ့စာအုပ်တွေ ပြန်ပြီး ထုတ်ဝေဖို့နဲ့ ပတ်သက်ပြီးလည်း “ဆရာ့စာပေအပေါ် တကယ်တန်ဖိုးထားတဲ့သူတွေ ထုတ်ဝေသူတွေနဲ့ ဆရာတွေ့ချင်တယ်။
ဆရာတို့ တိုင်းပြည်မှာ အနုပညာတန်ဖိုးမြင့်လာဖို့ လိုသေးတယ်။ အခုဆိုရင် အနုပညာတန်ဖိုးက ကျသွားပြီ။ အနုပညာတန်ဖိုး မြင့်လာဖို့ ဆိုရင် နိုင်ငံခြားက ဘာသာပြန်ထားတဲ့စာအုပ်တွေ များများထွက်ဖို့ လိုတယ်။”
ဘာသာပြန်စာပေဆိုတာ မြန်မာစာပေကို လှလာအောင် တန်ဆာဆင်ပေးတဲ့အရာ ဖြစ်တယ်လို့ ပြောပါတယ်။ လူငယ်တွေ အနေနဲ့ ဘာသာပြန်စာပေတွေကို များများဖတ်ပြီး ကိုယ်ကိုတိုင်လည်း ဘာသာပြန်နိုင်အောင် မြန်မာဘာသာကနေ နိုင်ငံခြား ဘာသာတွေကို ပြန်နိုင်အောင်ကြိုးစားကြပါလို့ ဆရာရဲမြလွင်က အကြံပေးပါတယ်။
epub,kfx for Myanmar ebooks reader
Review By Whisper Of Words

💬 Comment / Review
Comment များကို ရယူနေပါသည်…