နီနာ အခန်းထဲက ထွက်ဖို့ပြင်တော့ ကျွန်မ တံခါးလက်ကိုင်ဘုကို ကိုင်ထားလိုက်တယ်။ အဲဒီမှာတင် စောစောကတည်းက စိတ်ထဲ တစ်မျိုးဖြစ်နေတာ ဘာလဲဆိုတာ သတိထားမိသွားတယ်။ ရင်ထဲ ဒိတ်ခနဲတောင် ဖြစ်သွားတဲ့ အထိပါပဲ။

"ဘာဖြစ်လို့..." ။ ကျွန်မ ချောင်းဟန့်လိုက်တယ်။ "ဘာလို့ ဒီအခန်းတံခါးရဲ့ သော့ခလုတ်က အတွင်းမှာ မဟုတ်ဘဲ အပြင်ဘက် ရောက်နေရတာလဲ"

နီနာက တံခါးလက်ကိုင်ဘုကို ငုံ့ကြည့်လိုက်တယ်။ အခုမှ သတိထားမိတဲ့ပုံနဲ့။ "သြော်... စိတ်မရှိပါနဲ့။ အရင်က ဒီအခန်းကို စတိုခန်း လုပ်ထားတာဆိုတော့ အပြင်ကနေပဲ သော့ခတ်လို့ရအောင် လုပ်ထားမိတာ။ ပြီးတော့ အိမ်အကူနေဖို့ ပြင်တုန်းက သော့အိမ် ပြောင်းတပ်ဖို့ မေ့သွားတယ် ထင်ပါရဲ့"

တစ်ယောက်ယောက်ကသာ ဆန္ဒရှိရင် ကျွန်မကို ဒီအခန်းထဲ အလွယ်တကူ ပိတ်လှောင်ထားလို့ ရတယ်။ ပြီးတော့ အခန်းထဲမှာလည်း အိမ်နောက်ဖေးကို မျက်နှာမူထားတဲ့ ပြတင်းပေါက် တစ်ပေါက်ပဲ ရှိတာ။ ဒီအခန်းက သေမင်းတမန် ထောင်ချောက် ဖြစ်သွားနိုင်တယ်။

ဒါပေမယ့်လည်း... ဘယ်သူကများ ကျွန်မကို ပိတ်လှောင်ထားချင်မှာလဲ။

"အခန်းသော့ ကျွန်မကို ပေးထားလို့ ရမလားဟင်"

သူက ပခုံးတွန့်ပြတယ်။ "ဘယ်နား ရောက်နေမှန်းတောင် မသိတော့ဘူး"

"ကျွန်မ သော့တစ်ချောင်းလောက် လိုချင်လို့ပါ"

သူ့ရဲ့ အပြာရောင် မျက်ဝန်းတွေ ကျုံ့သွားတယ်။ "ဘာလို့လဲ။ တို့ မသိစေချင်တဲ့ ဘာပစ္စည်းတွေများ အခန်းထဲမှာ ဝှက်ထားချင်လို့လဲ"

ကျွန်မ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ "ကျွန်မ... ဘာမှ... မဟုတ်..." နီနာက ခေါင်းမော့ပြီး ရယ်မောလိုက်တယ်။ "စတာပါဟယ်။ ဒါ မင်းအခန်းပဲလေ မီလီရဲ့။ သော့လိုချင်ရင် ရှာပေးပါ့မယ်။ ကတိပေးပါတယ်"

တစ်ခါတလေကျရင် နီနာ့မှာ စိတ်နှစ်ခွ ရှိနေသလိုပဲ။ စိတ်အပြောင်းအလဲက သိပ်မြန်လွန်းတယ်။ စတာပါလို့ ပြောပေမယ့် ကျွန်မ သိပ်မယုံချင်ဘူး။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ကျွန်မမှာ တခြားရွေးချယ်စရာမှ မရှိတာ။ ဒီအလုပ်ရတာကိုက ကံကောင်းလှပြီ။ အဆင်ပြေအောင် နေရမှာပေါ့။ ဘာပဲဖြစ်ဖြစ် နီနာဝင်းချက်စတာ ကျွန်မကို ချစ်ခင်လာအောင် လုပ်ရမယ်။

နီနာ ထွက်သွားပြီးတော့ ကျွန်မ တံခါးပိတ်လိုက်တယ်။ သော့ခတ်ချင်ပေမယ့် မရပါဘူး။ သော့က အပြင်မှာကိုး။

တံခါးပိတ်လိုက်တဲ့အခါ သစ်သားတံခါးချပ်ပေါ်က အရာတွေကို သတိထားမိလိုက်တယ်။ ပခုံးအမြင့်လောက်မှာ ရှိနေတဲ့ ရှည်လျားတဲ့ အစင်းကြောင်းရာတွေ။ အဲဒီအချိုင့်ခွက်လေးတွေပေါ် ကျွန်မ လက်နဲ့ စမ်းကြည့်လိုက်တယ်။ ကြည့်ရတာ...

ခြစ်ရာတွေ။ တစ်စုံတစ်ယောက်က တံခါးကို ကုတ်ခြစ်ထားသလိုမျိုးပဲ။

အပြင်ထွက်ပြေးဖို့ ကြိုးစားထားသလိုမျိုးပေါ့။

ဟာ... မဟုတ်တာ။ ငါ ကြောင်တောင်တောင်တွေ တွေးနေမိပြန်ပြီ။ သစ်သားဟောင်းတွေဆိုတာ ခြစ်ရာထင်တတ်တာပဲလေ။ ဒါက မကောင်းတဲ့ နိမိတ်တွေ ဖြစ်ရမယ်လို့မှ မဆိုလိုတာ။

အခန်းက ရုတ်တရက် ပူအိုက်စပ်သလို ခံစားလာရတယ်။ ထောင့်မှာ အပူပေးစက် အသေးစားလေး တစ်လုံးရှိတယ်။ ဆောင်းရာသီဆိုရင်တော့ အဆင်ပြေမှာပါ။ နွေဘက်ကျရင်တော့ အေးအောင်လုပ်ဖို့ ဘာမှမရှိဘူး။ ပြတင်းပေါက်နားမှာ ထားဖို့ ပန်ကာတစ်လုံးလောက်တော့ ဝယ်ရမယ်။ ကားထဲမှာ နေရတာထက် အများကြီး ကျယ်ဝန်းတယ် ဆိုပေမယ့် တကယ်တမ်းကျတော့ ကျဉ်းကျဉ်းလေးရယ်ပါ။ အရင်က စတိုခန်း လုပ်ထားတယ်ဆိုတာလည်း မဆန်းပါဘူး။

ကျွန်မ ဗီရိုအံဆွဲတွေကို ဖွင့်ကြည့်လိုက်တယ်။ အခန်းထဲမှာ ဗီရိုအသေးလေး တစ်လုံးပါတယ်လေ။ အဝတ်အနည်းငယ်လောက်ပဲ ချိတ်လို့ဆံ့မယ့် နေရာလေး။ အထဲမှာတော့ အဝတ်ချိတ် နှစ်ခုနဲ့ အပြာရောင် ပုံးလေးတစ်ပုံးကလွဲရင် ဘာမှမရှိဘူး။

လေဝင်လေထွက်ရအောင် ပြတင်းပေါက်ကို ဖွင့်ဖို့ ကျွန်မ ကြိုးစားကြည့်တယ်။ မရွေ့ဘူး။ သေချာကြည့်လိုက်တော့ ပြတင်းပေါက်ဘောင်တွေကို ဆေးသုတ်ရင်းနဲ့ အသေဖြစ်သွားတဲ့ပုံပါပဲ။

ပြတင်းပေါက် ရှိပေမယ့် ဖွင့်လို့က မရပြန်ပါဘူး။

နီနာ့ကို မေးကြည့်လို့ရပေမယ့် အလုပ်စဝင်တဲ့နေ့မှာပဲ ကျွန်မကို ဂျီးများလွန်းတယ်လို့ အထင်မခံချင်ဘူးလေ။ နောက်တစ်ပတ်လောက်မှ ပြောကြည့်ပါဦးမယ်။ လေဝင်လေထွက်ကောင်းတဲ့ ပြတင်းပေါက်လေး တစ်ပေါက် လိုချင်တာ လွန်တယ်လို့တော့ မထင်မိပါဘူး။

ဥယျာဉ်မှူး အန်ဇိုကတော့ အိမ်နောက်ဖေးမှာ မြက်ရိတ်နေတယ်။ နဖူးကချွေးကို လက်မောင်းကြွက်သားကြီးတွေနဲ့ သုတ်ရင်း သူ မော့ကြည့်လာတယ်။ ပြတင်းပေါက်ပေါက်ကနေ ကျွန်မ မျက်နှာကို လှမ်းမြင်တော့ သူက ခေါင်းခါပြတယ်။ ပထမဆုံး တွေ့တုန်းကလိုပါပဲ။ အိမ်ထဲမဝင်ခင် သူ တိုးတိုးလေး ပြောလိုက်တဲ့ အီတလီစကားလုံးကို သတိရမိလိုက်တယ်။ ပယ်ရီကိုလို ဆိုလားပဲ။

အိတ်ကပ်ထဲက ဖုန်းအသစ်စက်စက်လေးကို ထုတ်ပြီး လက်နဲ့ ထိလိုက်တော့ ဖုန်းမျက်နှာပြင် လင်းလာပြီး စာတို၊ ဖုန်းခေါ်ဆိုမှုနဲ့ မိုးလေဝသ သင်္ကေတလေးတွေ ပေါ်လာတယ်။ ကျွန်မ ထောင်ကျစတုန်းကတော့ ဒီလိုဖုန်းတွေ နေရာတိုင်းမှာ မရှိသေးဘူးရှင့်။ ထောင်က လွတ်လာတော့လည်း မဝယ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ထောင်ထွက်တွေ ခေတ္တနေထိုင်တဲ့ ဂေဟာမှာ တခြားမိန်းကလေးတွေ သုံးတာမြင်ဖူးတော့ ဘယ်လိုသုံးရမယ်ဆိုတာ ကျွန်မ အကြမ်းဖျင်း သိထားပါတယ်။ ဘရောက်ဇာကို ဘယ်လိုဖွင့်ရမလဲ ဆိုတာလည်း ကျွန်မ သိတယ်။ ဘရောက်ဇာ ဖွင့်ပြီး "ပယ်ရီကိုလို ဘာသာပြန်" လို့ ရိုက်ထည့်လိုက်တယ်။ ထပ်ခိုးမှာ လိုင်းဆွဲအား မကောင်းလို့လား မသိဘူး၊ တော်တော်လေး ကြာတယ်ရှင့်။

တစ်မိနစ်လောက်ကြာမှ ဖုန်းမျက်နှာပြင်ပေါ်မှာ အဖြေ ပေါ်လာတယ်။

“အန္တရာယ်” တဲ့ရှင်။

#TheHousemaid #FreidaMcfadden #အိမ်ဖော် #သက်ပိုင် #ပန်းဆက်လမ်း မှ ဖြန့်ချီနေပါပြီ။